spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

ဆောင်နန်းခဲကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကို ဖယ်ခုံ PDF ဝင်ရောက်တိုက်ခိုက်

ကန္တာရဝတီတိုင်း ( မ် )

ဖယ်ခုံမြို့ ဆောင်နန်းခဲကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ယမန်နေ့ ( ဇူလိုင်လ ၁၃ ရက်နေ့ )မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ဦးသေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီစခန်းကို အလစ်ငိုက်ဝင်တိုက်လို့ တိုက်ပွဲဖြစ်တာဗျ။ ဆောင်နန်းခဲရွာရဲ့ အပေါ်ဘက်က စခန်းဗျ။ ၅ယောက်လောက်ကျတယ်။ ဒဏ်ရာရတဲ့လူလည်းရှိနေတာ။ လက်ရှိအခြေအနေကတော့ သူတို့လည်း အဲ့ဒီမှာ တပ်စွဲထားတာရှိတယ်ဗျ။” လို့ ၎င်းက ပြောပါတယ်။

တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဆောင်နန်းခဲကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မေလလယ်ကတည်းက စစ်ကောင်စီတပ်စွဲထားတာဖြစ်ပါတယ်။

တပ်စွဲထားနေတဲ့ စစ်ကောင်စီကို ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏ သွားရောက်ပစ်ခတ်မှုတွေ ရှိနေခဲ့ပါတယ်။

“ကျနော်တို့ကတော့ ပြောက်ကျားပြောက်ကျားကတော့ အမြဲတမ်းပစ်တယ်။ ဒီအတိုင်းပဲ စနိုက်ပါနဲ့ကော။ လက်နက်ကြီးနဲ့သွားပစ်နေတာတွေကော တော်တော်များများတော့ သတင်းသိပ်မထုတ်ဘူး။ ဒါပေမယ့် အမြဲတမ်းတော့ ဖြစ်နေတယ်။ တစ်ရက်ခြား နှစ်ရက်ခြားတော့ ပစ်နေကျပဲ။ စခန်းကို လူအများနဲ့ တက်ပစ်တာကတော့ ဒီတစ်ကြိမ်ပဲဗျ။ ထိတဲ့အချိန်တော့ ရှိတော့ ရှိတယ်ပေါ့။ ဒါပေမယ့် လူများများနဲ့ တကယ် ကြီးကြီးမားမားဖြစ်တာကတော့ မနေ့တုန်းကတော့ ပိုပြီးတော့ များတာပေါ့။” လို့ ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဆောင်းနန်းခဲကျေးရွာက နေအိမ်တွေလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့အတွက် ဒေသခံတွေ စစ်ဘေးရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

spot_img
spot_img