ခွန်းကလိုင်းဖရီး
ရွာအနေအထားက ပင်လယ်ရေမျက်နှာပြင်အမြှင့်ပေ ၄၀၀၀ ကျော်ရှိတဲ့ တောင်ကုန်းပေါ်မှာမို့ ဆောင်းတွင်း ကာလမှာ လေတဖြူးဖြူးတိုက်ခတ်ရင် အအေးဓါတ်တွေ အကဲပိုပါတယ်။
အဲဒီနေရာကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အစွန်အဖျားဒေသ ရီနွဲ့ကျေးရွာအုပ်စုရှိ ကံထန်းကျေးရွာပဲဖြစ်ပါတယ်။
အခုလိုဆောင်းတွင်းချမ်းအေးနေတဲ့အချိန်မှာ ကံထန်းကျေးရွာမှာနေထိုင်တဲ့ ကလေးငါးယောက်မိခင် မူရေဂျီးနာက သူ့ရဲ့ ကလေးတွေ နွေးနွေးထွေးထွေး ဝတ်စားနိုင်ဖို့တောင် အဝတ်အစားတွေဝယ်မဝတ်ပေးနိုင်ရှာပါဘူး။
စားဝတ်နေရေးအခြေအနေကြောင့် ကလေးအဝတ်အစားဝယ်ပေးဖို့တောင် အခက်အခဲဖြစ်နေတယ်လို့ သူမက ဆိုပါတယ်။
“ကလေး ၅ ယောက်ဆို ကလေးနှစ်ယောက်ပဲ ဝယ်နိုင်တယ်လေ။ အကုန်ဝယ်မနိုင်ဘူး။ ဘာဖြစ်လည်းဆို ပိုက်ဆံမှ မရှိတာ။”
ဒီဒေသမှာအများစုက ရွှေ့ပြောင်းတောင်ယာလုပ်ငန်းဟာ သူတို့ရဲ့ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီရွှေ့ပြောင်း တောင်ယာပေါ်မှာ စပါးနဲ့ ငရုတ်သီးကို အဓိကအားထား စိုက်ပျိုးပေမယ့် ဒီနှစ်က ယာကြွက်တွေ အဖျက်အဆီးများလို့ အခက်အခဲဖြစ်နေကြရတာပါ။
တောင်ပေါ်နေ ကယန်းတိုင်းရင်းသားတွေဖြစ်ကြပြီး ကက်သလစ်ဘာသာကို ကိုးကွယ်ယုံကြည်ကြတဲ့ ရွာလေးဖြစ်ပါတယ်။
အိမ်ခြေ ၄၉ အိမ်ရှိပြီးတော့ လူဦးရေ ၂၆၀ ကျော်ရှိပါတယ်။ ၁၈ နှစ်အောက်ကလေးငယ် ၁၀၀ ကျော်ရှိတဲ့ ကျေးလက်ရွာကလေးလည်းဖြစ်ပါတယ်။ အဲ့ဒီရွာ မှာ မူလတန်းကျောင်းတစ်ကျောင်းရှိပြီးတော့ ကယန်းအမျိုးသားကျန်းမာရေးကော်မတီရဲ့ ဆေးပေးခန်းတစ်ခု ဖွင့်ထားတာရှိပါတယ်။
မူရေဂျီးနာဟာ သူတို့ကလေးတွေအတွက် အဝတ်အစားအသစ်တွေ မဝယ်ပေးနိုင်တာ တစ်နှစ်ရှိပြီဖြစ်သလို သူတို့လိုပဲ တခြားကလေးမိခင်တွေလည်းပဲ ကလေးအဝတ်အစားဝယ်ပေးဖို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
အဝတ်အစားတွေဝယ်ဖို့အတွက်ဆိုရင် ရွာကနေ တစ်နာရီကျော် ဆိုင်ကယ်စီပြီး ရွာနဲ့အနီးဆုံးဖြစ်တဲ့ လအိကျေးရွာက ဈေးသည်တွေလာရောင်းတဲ့ အထည်တွေကို ဝယ်ယူကြရတာပါ။
ဒါပေမယ့်လည်း ကိုယ်ဗစ်ကာလဖြစ်တာကြောင့် ဈေးလည်းမဖွင့်တော့လို့ အဝတ်အစားဝယ်ယူဖို့ ခက်ခဲတယ်လို့ ကျေးရွာလူငယ် ခွန်းဟင်နရီက ဆိုပါတယ်။
“ဒီလိုပေါ့ တစ်ဖက်က ဆင်းဆင်းရဲရဲပေါ့ ဒို့ရွာသားတွေမှာ။ ဒါမယ့် အခုတလောကျတော့ ဈေးလည်းမလည်ရ၊ ဈေးမရှိတဲ့အခါကျတော့ အဝတ်အစားအပိုင်းဆို နည်းနည်းခက်ခဲတယ်ပေါ့။”
ကံထန်းကျေးရွာ အုပ်ချုပ်ရေးမှူး ခွန်းဂျိုးစက်က သူ့ကျေးရွာမှာ ကြုံနေရတဲ့ စားဝတ်နေရေးအခက်အခဲတွေကို ခုလို ရှင်းပြပါတယ်။
“စားဝတ်နေရေးမှာ ပြောရမယ်ဆို လူခါကျတော့ များလာတာပေါ့နော်။ များလာခါကျတော့ နယ်မြေကျဉ်းကျဉ်း လာခါကျတော့ ခုတ်စားလည်း၊ ပိုပြီးတော့ ကျဉ်းကျဉ်းလာခါကျတော့ မလောက်ဘူးဖြစ်မပေါ့။ ဒါကတစ်မျိုး နောက်ကျတော့ တိရိစ္ဆာန်ဖျက်တာကတစ်မျိုး၊ ကြွက်တွေဘာတွေ ငှက်တွေဖျက်တာ အခုက ကြွက်တွေ တော်တော်ဖျက်နေကြပြီ။ နှစ်နှစ်၊ သုံးနှစ်တောင်ရှိပြီ။ ဒီနှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ပိုပြီးတော့ ဆိုးနေတာပေါ့။”
စားသောက်ဖို့အတွက် ဆန်တွေကို လအိကျေးရွာအထိ သွားရောက်ဝယ်ယူနေရပြီးတော့ ငွေကြေးမတတ်နိုင်တဲ့ သူတွေက ချေးယူစားသောက်နေရပြီး နောက်နှစ်သီးနှံပေါ်ချိန်မှသာ အကြွေးပြန်ဆပ်ကြရတယ်လို့ ဆိုပါတယ်။
ကျေးရွာလူထုတွေက စားဝတ်နေရေးဖူလုံဖို့အတွက်ပဲ အာရုံစိုက်ရုန်းကန်နေရလို့ ဝတ်စားဆင်ယဉ်မှုအပိုင်းမှာ လူကြီးရော၊ ကလေးပါ ရှိတာလေးနဲ့ပဲ ဆင်မြန်းကြရပါတယ်။
ဒီကျေးရွာရဲ့ ကျန်းမာရေးစောင့်ရှောက်ရေးအတွက်ကိုတော့ ကယန်းပြည်သစ်ပါ တီက ဖွင့်လှစ်ထားတဲ့ ကယန်းအမျိုးသားကျန်းမာရေးကော်မတီရဲ့ ဆေးပေးခန်းကနေပဲ တာဝန်ယူဆောင်ရွက် ပေးနေတာပါ။
ကယန်းအမျိုးသားကျန်းမာရေးကော်မတီရဲ့ ဆေးဆရာမ မူနှင်းဆီက ကျေးရွာမှာ မြင်တွေ့ရတဲ့ အခြေအနေ တွေကို ခုလို ပြောပါတယ်။
“ ဒီမှာတွေ့ရတဲ့ အခက်အခဲဆို လမ်းပန်းဆက်သွယ်ရေးက အရမ်းခက်ခဲပါတယ်ပေါ့၊ ကျမတို့အတွက်။ နောက် သူတို့အတွက်က ဒီရွာမှာဆို မီးလည်းမရှိသလို ရေလည်း အခက်အခဲမှာ ရှိတာပေါ့နော်။ ပြီးတော့ သူတို့ရဲ့ သန့်ရှင်းမှုအပေါ်မှာပြီးတော့ သူတို့ရဲ့ စိတ်ပြုပြင်ရေးအပေါ်မှာလည်း တော်တော်လည်း ခက်ခဲတယ်။ သူတို့က ဒီတိုင်းပဲ နေနေလို့သာ ဒီတိုင်းပဲဖြစ်နေတာများတယ်ပေါ့နော်။ သူတို့က အဝတ်အစားရဖို့ဆိုလည်း ဟိုးခရီး အဝေးကြီးသွားရခါကျတော့ သူတို့ အဝတ်အစားမှာလည်း ဖူလုံမှုသိပ်မရှိဘူး။”
ဒီကျေးရွာမှာ တစ်ကိုယ်သန့်ရှင်းမှု အားနည်းမှုကြောင့် ဝမ်းပျက်၊ ဝမ်းလျှောအဖြစ်များပြီး အရေပြား ရောဂါဖြစ်ပွားမှုလည်း အတွေ့များတယ်လို့ ဆရာမ မူနှင်းဆီက ဆိုပါတယ်။
ဒီဒေသဟာ ဝေးလံခေါင်ဖျားပြီး ဆောင်းရာသီမှာ အဝတ်အထည်တွေနဲ့ စောင်တွေ လိုအပ်နေတာကြောင့် သွားရောက်လှူဒါန်းဖြစ်ခဲ့တယ်လို့ ဖယ်ခုံမြို့နေ ကိုသီဟကျော် ဆိုပါတယ်။
“ကျနော်တို့ကကျတော့ ဒီမှာ ကိုယ်တွေက အထည်တွေ ရသလောက်စုမယ်ပေါ့။ အဲ့လို စုတဲ့အချိန်မှာခါကျတော့ ကိုယ့်မှာရှိတဲ့ အဟောင်းတွေ၊ ကိုယ့်မိသားစုမှာရှိတဲ့အဟောင်းတွေ စုလိုက်တယ်။ စုလိုက်တဲ့အချိန်မှာ ရွာကိုမေးတော့ ရွာတွေများတယ်ပေါ့နော်။ သူတို့ဖက်လမ်းလည်း မပေါက်ဘူးတဲ့၊ လမ်းလည်း အရမ်းဆိုး တယ်ပေါ့၊ အဲ့လိုပြောတော့ ကျနော်က စဉ်းစားမိလိုက်တာ အဲလိုဆိုရင် မလောက်လောက်ဘူးဆိုတော့ ကျနော်က ကလေးဘေထုတ်တွေ၊ ကလေးတစ်ထုပ်မှာလိုက်တယ်။ နောက်ပြီးတော့ လူကြီးတွေအတွက်ပေါ့။ လူကြီးတွေအတွက်ဆို ကျနော်က အနွေးထည်တစ်ထုပ်မှာလိုက်တယ်။ အဲ့လိုမျိုးစီစဉ်လိုက်တာပေါ့နော်။”
အစီအစဉ်ဖြစ်မြောက်ဖို့အတွက် ဖယ်ခုံမြို့နယ်က လူငယ်တွေစုပြီးတော့ ဖယ်ခုံမြို့ပေါ်၊ လွိုင်ကော်နဲ့ ဆီးဘူးက အလှူရှင်တွေ ထည့်ဝင်လှူဒါန်းတဲ့ အဝတ်အထည်နဲ့ စောင်တွေကို သွားရောက်လှူဒါန်းဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အခုလို လှူဒါန်းလိုက်တဲ့ ပစ္စည်းတွေဟာ ကံထန်းကျေးရွာအတွက်နဲ့ ငရန်ကုန်းကျေးရွာအတွက်ပါ ပါဝင်တယ်လို့ ကိုသီဟကျော်က ဆိုပါတယ်။
ဒီဒေသဟာဆိုရင် လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်းခက်ခဲတဲ့အပြင် တောင်ပေါ်ဒေသဖြစ်တာကြောင့်လည်း စီးပွားရေး ခက်ခဲကျပ်တည်းကြပါတယ်။
ဒီလို ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသအတွက် အခုလိုလှူဒါန်းလိုက်တဲ့ အဝတ်အထည်နဲ့စောင်တွေ ရလိုက်တဲ့အချိန်မှာတော့ ကျေးရွာသူ၊သားတွေဟာ ပြုံးပျော်နေကြပြီးတော့ ဆောင်းတွင်းမှာ အနွေးဓါတ်လေး တွေရပြီး အကောင်းဆုံးဖြတ်ကျော်နိုင်ကြမယ်လို့ မျှော်လင့်ရပါတယ်။