spot_imgspot_imgspot_imgspot_img
Thursday, July 4, 2024
spot_imgspot_imgspot_imgspot_img

ဆောင်းပြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သေဆုံးမှုရှိပြီး လက်နက်သိမ်းဆည်းရမိဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်စပ်က ဆောင်းပြောင်းကျေးရွာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား သေဆုံးမှုရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်က လက်နက်သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့မှာ အင်အား ၃၀၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကို ဇူလိုင်လ ၁ ရက်နေ့မှာ ပြောပါတယ်။

“စစ်ကောင်စီအင်အားကတော့ ၃၀၀ နီးပါးထိုးလာတယ်။ ပြီးတော့မှ ပင်လောင်း-ဖယ်ခုံနယ်စပ်မှာပေါ့။ ဒီထိတွေ့တိုက်ပွဲက ဒီ ၂၉ရက်နေ့မှာ ဖြစ်တယ်။ စစ်ကောင်စီဖက်က ကျဆုံးမှုရှိတယ်ပေါ့နော်။ ကျနော်တို့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေက လက်နက် ငယ်အချို့ သိမ်းဆည်းရမိတာရှိပါတယ်”လို့ တာအယ်စိုးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့ဖက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူ။ ဆောင်းပြောင်းကျေးရွာတိုက်ပွဲကြောင့် ပြည်သူလူထုတွေလည်း ထပ်မံတိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းလည်း စစ်ကောင်စီက ဒေသခံ လူထုတွေကို ကျေးရွာအပြင်ပေးမထွက်တာကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“အခုက ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်ပေါ့နော် တိုက်ပွဲဖြစ်တာက။ ကရင်နီအဝင်ပေါ့။ ကရင်နီတံခါးအဝင်ပေါက် ဖြစ်တဲ့ ရွှေပြည်အေးတို့ နောင်ဝိုးတို့ ဗန်းမောက်တို့ အဲ့ဒီအုပ်စုတွေ။ ပြီးတော့မှ မိုးဦးတို့ လဲလျောင်းတို့ ဆောင်းပြောင်းတို့ပေါ့‌နော်။ အခုဆိုရင် ဆောင်းပြောင်းဖက်လည်း ထပ်ရှောင်ရတာရှိတယ်။ စစ်ရှောင်အားလုံးအရေအတွက်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ ပြည်သူ ၃၀၀ကျော်က စစ်ကောင်စီက ရွာအပြင်ပေးမထွက်ပဲ ပိတ်မိနေတာရှိတယ်လို့တော့ ကြားသိရတာ‌ပေါ့နော်”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပင်လောင်း-ဖယ်ခုံ နယ်စပ်တိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်‌နေ့ကနေ လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဖယ်ခုံမြို့ကို ပြန်လည်ထိန်းချုပ်ပြီး စိုးမိုးနိုင်ဖို့ ပင်လောင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

လက်ရှိ ဖယ်ခုံမြို့ပေါ်မှာ စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ခတ်မှုရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ နေရပ်မပြန်ကြသေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တောင်းဆိုထားပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO ပူးပေါင်းတပ်ဟာ ဆီဆိုင်မြို့နယ် ၊ ပင်လောင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကြောင်းထိုးလာပြီး နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတယ်လို့ ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့မှာ PNLA က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts