ကန္တာရဝတီတိုင်း ( မ် )
ဆောင်းရာသီအစ ကနေ ဆောင်းတွင်းကုန်တဲ့အထိ အအေးဓာတ်ပိုလာတဲ့အခါ လူတွေဟာ အအေးမိတာ တွေအပြင် တုပ်ကွေးနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ပိုမိုအဖြစ်များတတ်ကြပါတယ်။ အအေးပိုတဲ့အတွက် လူအများ အိမ်တွင်းစုဝေးနေထိုင်ကြတဲ့အခါ ဗိုင်းရပ်စ်တွေက လူတဦးကနေ အခြား တဦးကို ပိုမိုလွယ်ကူစွာ ကူးစက်နိုင်စေပါတယ်။ အေးတာနဲ့ ခြောက်သွေ့တဲ့လေတွေကလည်း ရောဂါခုခံနိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။
ဒါ့ကြောင့် အေးမြတဲ့ ဒီလိုဆောင်းရာသီမှာ ချောင်းဆိုး၊ နှာချေလျှင် အအေးမိတာလား (သို့မဟုတ်) ပိုပြင်းထန်သော ရောဂါတခုခု ရှိ/မရှိကို ဘယ်လိုသိရှိနိုင်မလဲ ။ ဘယ်လိုဆေးကုသမှုခံယူရမလဲ။ တခြားသူတွေကိုရော ကူးစက်နိုင်သလား ဆိုတာကို မျှဝေပေးချင်ပါတယ်။
ဆောင်းရာသီမှာဖြစ်တတ်တဲ့ သာမန်အအေးမိခြင်း
ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ သာမန်အအေးမိခြင်းဆိုတာ လူတဦးက နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေမှာ ရောဂါကူးစက်ခံရတာကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အနီးတဝိုက်က အခြားသူ တဦး ချောင်းဆိုးတာ (သို့မဟုတ်) နှာချေတာ (သို့မဟုတ်) တံခါး လက်ကိုင်လိုမျိုး ညစ်ညမ်းတဲ့ မျက်နှာပြင်ကို ထိမိတာ၊ ကိုင်မိတာတွေကနေ ကူးစက်နိုင်ပါတယ်။
သာမန်အအေးမိဖြစ်ရင် ခံစားရနိုင်တဲ့ ဝေဒနာတွေကတော့ နှာရည်ယိုတာ၊ လည်ချောင်းယားယံတာ၊ သာမန်ဖျားတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ချမ်းတုန်တာနဲ့ ကိုက်ခဲတာတွေအပြင် နှာချေ၊ ချောင်းဆိုးတာတွေလည်း ဖြစ်နိုင်ပါတယ်။
သာမန်အအေးမိပြီဆိုရင် သက်သာစေဖို့အတွက် ချောင်းဆိုးပျောက်ဆေးတွေနဲ့ ဘာမီတွန်၊ Cetirizine လို ဆေးတွေ သောက်သုံးနိုင်ပါတယ်။ အနားယူတာနဲ့ အားရှိတဲ့ အရည်တွေ သောက်ပေးတာကလည်း ပြန်လည်နာလန်ထမှုကို ကူညီနိုင်ပါတယ်။
ရောဂါ လက္ခဏာတွေ စတင်မခံစားရခင် တရက်ကနေ ရက်သတ္တ တပတ်ခန့်အတွင်း အခြားသူထံသို့ ရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် နှာချေ ၊ ချောင်းဆိုး ပျောက်ကင်းတဲ့အထိ အခြားသူတွေနဲ့ အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရပါမယ်။ သာမန်အအေးမိဖျားနာတာဟာ ရက်အနည်းငယ်ကနေ ရက်သတ္တပတ် ပေါင်းများစွာအထိ ကြာနိုင်ပါတယ်။
မသက်သာဘဲ ဖျားနာတာကြာလာမယ် (သို့မဟုတ်) ပိုဆိုးလာမယ် (သို့မဟုတ်) လက္ခဏာအသစ်တွေ ဖြစ်ပေါ်လာမယ်ဆိုရင် ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသပြီး ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။
ဆောင်းရာသီမှာ အဖြစ်များတဲ့ တုပ်ကွေး
တုပ်ကွေးဆိုတာကတော့ အသက်ရှူလမ်းကြောင်းတွေဖြစ်တဲ့ ပါးစပ်၊ နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ် တို့ကနေ ရောဂါကူးစက်ခံရတာ ဖြစ်တယ်ဆိုတာ လူတိုင်းသိပြီးသားပါ။
တုပ်ကွေးရောဂါကလည်း သာမန်အအေးမိတာနဲ့ ဆင်တူလက္ခဏာတွေကို ခံစားရနိုင်ပြီး မောပန်းနွမ်းနယ် နေတာ၊ အဖျားရှိတာ၊ ခန္ဓာကိုယ်ကိုက်ခဲတာ၊ နှာချေ ချောင်းဆိုးတာ၊ လည်ချောင်းနာပြီး ခေါင်းကိုက်တာတွေ ကိုလည်း ခံစားရနိုင်ပါတယ်။ ရောဂါပြင်းထန်ရင် အော့အန်တာ (သို့မဟုတ်) ဝမ်းလျှောတာတွေလည်း ဖြစ်နိုင်ပါတယ်။
တုပ်ကွေးဖြစ်ပြီဆိုရင် အနားယူတာ၊ အရည်နဲ့ ဆေးဝါးတွေ သောက်သုံးခြင်းဖြင့် ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။
တုပ်ကွေးရောဂါလက္ခဏာဖြစ်တဲ့ ဖျားနာတာနဲ့ ကိုက်ခဲတာတွေက သုံးရက်မှ ငါးရက်အတွင်း သက်သာလေ့ရှိပါတယ်။ ဒါပေမဲ့ ချောင်းဆိုးတာနဲ့ ပင်ပန်းနွမ်းနယ်တာတွေကိုတော့ နှစ်ပတ် (သို့မဟုတ်) နှစ်ပတ်ထက်ပိုပြီး ကြာရှည်အောင် ခံစားရနိုင်ပါတယ်။
ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ ရုတ်တရက် လေပြွန်ရောင်ခြင်း နှင့် နာတာရှည် လေပြွန်ရောင်ခြင်း
ရုတ်တရက် လေပြွန်ရောင်ခြင်းဆိုတာက အဆုတ်ထဲကို လေရှူသွင်း၊ ရှူထုတ်လုပ်တဲ့ လေပြွန်ကြီး ရောင်ရမ်းလာပြီး ချွဲတွေ အလွန်အကျွံ ထွက်လာတာ ဖြစ်ပါတယ်။
အဲ့ဒါကိုတော့ အအေးမိခြင်း (သို့မဟုတ်) တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရနိုင်သလို ဘက်တီးရီးယား တွေကို ရှူရှိုက်မိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်း (သို့မဟုတ်) ဓာတ် မတည့်တာ၊ ထိပ်ကပ်နာ (သို့မဟုတ်) အာသီးရောင်တာတွေကလည်း ရုတ်တရက် လေပြွန်ရောင်တာကို ဖြစ်နိုင်ခြေ ပိုများစေပါတယ်။
ရုတ်တရက် လေပြွန်ရောင်တာကို ခံစားနေရပြီဆိုရင်တော့ ဆက်တိုက် ချောင်းဆိုးခြင်းမျိုး ကြုံတွေ့ရ နိုင်ပါတယ်။ ချောင်းခြောက်ဆိုးတာနဲ့ စတင်ပြီး မကြာခင်မှာ ချွဲသလိပ်တွေ ပါလာနိုင်ပါတယ်။ ကိုက်ခဲနာ ကျင်တာ၊ ချမ်းတုန်တာ၊ ခေါင်းကိုက်တာ၊ နှာရည်ယိုတာ၊ လည်ချောင်းနာတာ၊ အသက်ရှူမဝတာ၊ မျက်ရည် ယိုတာနဲ့ အသက်ရှူကြပ်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်။
ရုတ်တရက် လေပြွန်ရောင်တာခံစားနေရတဲ့ အချိန်အတွင်း ချောင်းဆိုးပျောက်ဆေးနဲ့ အကိုက်အခဲပျောက် ဆေးတွေက ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ရောဂါလက္ခဏာအများစုအတွက် နှစ်ပတ်ခန့် ကြာမြင့်နိုင်ပြီး ချောင်းဆိုးတာကိုတော့ လအနည်းငယ်ထိ ခံစားရနိုင်ပါတယ်။
အဆုတ်ထဲကို လေရှူသွင်း၊ ရှူထုတ်လုပ်တဲ့ လေပြွန်ကြီး ရောင်ရမ်းလာတာ၊ ချွဲတွေ အလွန်အကျွံ ထွက်လာပြီး သလိပ်ပါတဲ့ ချောင်းဆိုးတာကို တနှစ်မှာ အနည်းဆုံး သုံးလကို နှစ်နှစ်ဆက်တိုက် ဖြစ်ခဲ့မယ်ဆိုရင် နာတာရှည် လေပြွန်ရောင်တယ်လို့ သတ်မှတ်ပါတယ်။
ဆေးလိပ်သောက်လို့ ဖြစ်နိုင်သလို အဓိက လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အမှုန်အမွှားတွေကြောင့်လည်း နာတာရှည် လေပြွန်ရောင်တာကို ဖြစ်စေနိုင်တာပါ။ ဆက်တိုက် ချောင်းဆိုးတာ၊ ရင်ဘတ်မအီမသာဖြစ်တာနဲ့ အသက်ရှူရခက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။
သောက်ဆေးတွေ (သို့မဟုတ်) ရှူဆေးတွေက လေလမ်းကြောင်းပွင့်စေပြီး ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ အဆုတ်ခွဲစိတ်တာ (သို့မဟုတ်) အဆုတ်အစားထိုးကုသခြင်းတို့ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ နာတာရှည် လေပြွန်ရောင်တာဟာ သက်သာအောင် ကုသနိုင်ပေမဲ့ ရောဂါ အမြစ်ပြတ် ပျောက်ကင်းဖို့ အတွက်က ကုသရန် ခက်ခဲပါတယ်။
နမိုးနီးယား အဆုတ်ရောင်ခြင်း
အဆုတ်မှာ ရောဂါပိုးကူးစက်ခံရပြီး လေအိတ်တွေမှာ ပြည်တည်တာနဲ့ အခြားအရည်တွေ ပြည့်သွားတာကို နမိုးနီးယား အဆုတ်ရောင်တယ်လို့ ခေါ်ပါတယ်။
အဆုတ်ရောင်ရောဂါဖြစ်ပွားမှုရဲ့ သုံးပုံတပုံခန့်မှာ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ပါတယ်။ ဘက်တီးရီးယား (သို့မဟုတ်) မှိုတွေကို ရှူရှိုက်မိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ခွဲစိတ်မှု ခံယူထားသူ၊ နာမကျန်းဖြစ်နေသူ၊ အသက်အရွယ်ကြီးလွန်း /ငယ်လွန်းသူတွေနဲ့ ဆေးလိပ်သောက်သုံးသူတွေဟာ အဆုတ်အားနည်းသူတွေ ဖြစ်တဲ့အတွက် နမိုးနီယား ရောဂါကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။
နမိုးနီးယားရဲ့ ရောဂါလက္ခဏာတွေကတော့ အပျော့စားမှ အသက်ဆုံးရှုံးရနိုင်တဲ့အထိ ပြင်းထန်နိုင်ပြီး စိတ်ရှုပ် ထွေးတာ၊ ဖျားတာ၊ သလိပ်ပါတဲ့ ချောင်းဆိုးတာ၊ ချွေး အလွန်အကျွံထွက်တာ၊ ချမ်းတုန်တာ၊ အစာစားချင် စိတ်မရှိတာ၊ အသက်ရှူမြန်ပြီး သွေးခုန်နှုန်းမြန်တာ၊ လှုပ်လှုပ်ရှားရှားလုပ်ရင် အသက်ရှူကြပ်တာ၊ ချောင်းဆိုးတဲ့ အချိန် (သို့မဟုတ်) အသက်ပြင်းပြင်းရှူတဲ့ အချိန်မှာ ရင်ဘတ်နာကျင်တာတွေ ခံစားရနိုင်ပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်စေ၊ ဘက်တီးရီးယားပိုးကြောင့် ဖြစ်စေ အဆုတ်ရောင်ရောဂါဖြစ်ခဲ့မယ်ဆိုရင် ကောင်းကောင်းနား၊ ကောင်းကောင်းစားပြီး အရည်များများသောက်ပေးရမှာဖြစ်ပါတယ်။ ဒါတွေအပြင် လိုအပ်တဲ့ ဆေးဝါးတွေကို သောက်သုံးပေးမယ်ဆိုရင် ဖျားနာတာနဲ့ ချောင်းဆိုးတာတွေကို သက်သာစေနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ ချောင်းဆိုးတာ ပိုဆိုးလာမယ် (သို့မဟုတ်) မသက်သာဘဲ ချောင်းဆိုးတာ၊ အဖျား ၁၀၂ ဒီဂရီ အထက် ဆက်တိုက်မြင့်တက်နေတာ၊ ချမ်းတုန်တာ (သို့မဟုတ်) အသက်ရှူလိုက်တိုင်း ရင်ဘတ်အောင့်တာ တွေကို ခံစားရမယ်ဆိုရင် ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းနဲ့ ပြသရမှာ ဖြစ်ပါတယ်။ နှလုံး ရောဂါ (သို့မဟုတ်) အဆုတ်ရောဂါ စတဲ့ နာတာရှည်ရောဂါအခံရှိခဲ့မယ်ဆိုရင် အဆုတ်ရောင်ရောဂါ ဖြစ်တဲ့ အခါ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းနဲ့ ပြသဖို့ မနောက်နှေးသင့်ပါဘူး။
ကရင်နီက စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေမှာတော့ ၁၂ လရာသီ နီးပါး အအေးမိတာ တွေအပြင် တုပ်ကွေးနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ခံစားနေကြရတာကိုတွေ့ရပါတယ်။ အထူးသဖြင့် ဒီလိုဆောင်းတွင်းကာလမှာ အထက်ပါဖော်ပြထားတဲ့ ရောဂါတခုခုကို ခံစားရပြီဆိုရင် ဘယ်လိုရောဂါဖြစ်ပြီး ဘယ်လိုကုသမှု ခံယူရမလဲဆိုတာကို သိရှိကြမယ်လို့ မျှော်လင့်ပါတယ်ရှင်…..
ကိုးကား – NUG , MOH website