ကန္တာရဝတီတိုင်း ( မ် )
Weed ( သို့ ) ဆေးခြောက်ကို ဆိုးဆိုးရွားရွား စွဲလမ်းစေတဲ့ မူးယစ်ဆေးစာရင်းထဲကနေ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ( ၂ ) ရက်နေ့မှာ ပယ်ဖျက်ထားပါတယ်။ အကြောင်းရင်းက ဆေးခြောက်ကို စွဲစွဲလမ်းလမ်း သုံးစွဲသူတယောက်ဟာ ဆေးခြောက်မဖွာရရင် အလွန်ဆုံး လေး ၊ ငါး ည လောက် ကောင်းကောင်းအိပ်မပျော်ရုံမှအပ တခြား မူးယစ်ဆေးဝါးတွေလို စွဲလန်းစေတဲ့အကြောင်းရင်း မရှိဘူးလို့ ဆိုပါတယ်။
အဲ့ဒီအတွက်ကြောင့်လည်း ကမ္ဘာတဝှမ်း နိုင်ငံပေါင်း (၄၄) နိုင်ငံက ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့် ပေးထားပြီး၊ ပြစ်မှုမမြောက်တဲ့ နိုင်ငံပေါင်း (၅၀) ရှိနေပါတယ်။ တရားဝင်သုံးစွဲလို့ရတဲ့ နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံပါဝင်ပြီး၊ ထိုင်းနိုင်ငံရဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ကရင်နီပြည်ရဲ့ နေရာတချို့မှာလည်း ဆေးခြောက်ကို သုံးစွဲမှုတွေ ရှိနေပါတယ်။
ကရင်နီပြည်နယ်မှာ ဆေးခြောက်ပင်တွေကို အိမ်ခြံဝန်းမှာ စိုက်ပျိုးတာတွေ့ရသလို လူငယ်တွေကြား လွတ်လွတ်လပ်လပ် အသုံးပြုလာကြတာကို တွေ့ရပါတယ်။ ဆေးခြောက်နဲ့ ပတ်သက်ပြီး တရားဝင် သုံးစွဲခွင့်ပေးထားတာမရှိပေမဲ့၊ အရေးယူဆောင်ရွက်တာလည်း မရှိပါဘူး။
လူငယ်တွေကြားမှာတော့ ဆေးခြောက်ကို ဆေးလိပ်ကဲ့သို့ ဆေးရွက်ကြီးတွေနဲ့ ရောပြီး သောက်ရှူ ကြသလို၊ မီးရှို့ပြီး အငွေ့ကို နည်းမျိုးစုံနဲ့ ရှူရှိုက်တတ်ကြတာကို အများဆုံး တွေ့ရပါတယ်။ ဆေးခြောက် ရှူခြင်းဟာ အပြင်းစား မူးယစ်ဆေးများ( hard drugs ) အသုံးပြုဖို့ အတွက် ကနဦးအဆင့်လိုမျိုး ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် ဆေးခြောက်ကို လွန်လွန်ကျူးကျူး အသုံးပြုရင် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ။ တခြားဘေးထွက်ဆိုးကျိုးတွေနဲ့ ဆေးခြောက်အကြောင်း သိသင့်တာတွေကို မျှဝေပေးချင်ပါတယ်။
ဆေးခြောက်သုံးစွဲခြင်းရဲ့ ရေတို၊ ရေရှည်သက်ရောက်မှုများ
ဆေးခြောက်ဟာ စိတ်ဓာတ်လျှော့ကျစေတဲ့ဆေးဖြစ်ပါတယ်။ ဒါတွေအပြင် ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို နှေးကွေးစေပါတယ်။ ဆေးခြောက်မှာပါဝင်တဲ့ ဓာတုပစ္စည်း THC (Tetrahydrocannabinol) က လူကို မူးယစ်စေပြီး ဦးနှောက်၊ အာရုံနဲ့ အတွေးတွေအပေါ် များစွာ သက်ရောက်မှုရှိပါတယ်။
ဆေးခြောက်သုံးစွဲခြင်းဖြင့် ရေတိုသက်ရောက်မှုတွေအနေနဲ့ စိတ်ဖိစီးမှုကိုသက်သာစေတာ၊ အိပ်စက်မှု ကို ကောင်းမွန်စေတာနဲ့ အစားစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ လူတယောက်နဲ့ တယောက် အပေါ် သက်ရောက်မှုက သုံးစွဲတဲ့ ပမာဏနဲ့ သုံးစွဲသူရဲ့ ကိုယ်ခံအားအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဆေးခြောက်ဟာ စိတ်ချရတဲ့ အသုံးပြုမှု အဆင့်မရှိဘူး ဆိုတာကိုတော့ သိဖို့ အရေး ကြီးပါတယ်။
ရေရှည်သုံးစွဲမယ်ဆိုရင်တော့ စိတ်ဓာတ်လှုံ့ဆော်မှုအားနည်းတာ၊ မှတ်ဉာဏ်သင်ယူမှုအားနည်းတာ၊ ကာမစိတ် လျှော့ကျသွားတာ၊ ကင်ဆာဖြစ်နိုင်ခြေများတာ၊ ရုတ်တရက် အကြောင်းမဲ့ စိတ်အခြေအနေ ပြောင်းလွယ်တာ၊ စိတ်ဓာတ်ကျလွယ်တာ၊ စိုးရိမ်ကြောင့်ကြတာ၊ စိတ်ရှုပ်ထွေးတာ နဲ့ အကြောက်လွန်ရောဂါ တွေကို ခံစားရနိုင်ပါတယ်။
နောက်ထပ်ရေရှည်သက်ရောက်မှုအနေနဲ့ ဆေးခြောက်ကို ပုံမှန် အလွန်အကျွံသုံးစွဲမယ်ဆိုရင် ပညာသင်ယူမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာတာ၊ ညံ့ဖျင်းတဲ့ ဆက်ဆံရေးတွေနဲ့ မိမိကိုယ်မိမိ ဘဝနေထိုင်မှုနှိမ့်ကျတာတွေကို ဖြစ်စေနိုင်ပါသေးတယ်။
ဒါတွေအပြင် ဆေးခြောက်သုံးစွဲဖို့ အချိန်တွေသီးသန့်ပေးနေရတဲ့အပြင် ငွေကြေးကုန်ကျမှုတွေလည်း များနိုင်တာကြောင့် မိသားစုဝင်တွေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်။
ငယ်ရွယ်စဉ်အခါမှာ ဆေးခြောက်သုံးစွဲတာက နောင်နှစ်ရှည်မှာ စိတ္တဇရောဂါကြီး (Psychosis) ရောဂါ လက္ခဏာများဖြစ်နိုင်ချေကို တိုးမြင့်စေသလို (၆) နှစ်နဲ့ အထက်သုံးစွဲမယ်ဆိုရင် စိတ်မူမမှန် တာ၊ အမြင်အာရုံမှောက်မှားတာတွေကို နှစ်ဆတိုးဖြစ်ပွားနိုင်တယ်လို့ သုတေသီတွေက ပြောဆိုထားပါတယ်။
ကမ္ဘာအနှံ့နေရာတွေမှာ ဆေးခြောက်ကို ဥပဒေအရတားမြစ်ထားတဲ့ မူးယစ်ဆေးဝါးအဖြစ်ထားရှိသလို တချို့နိုင်ငံတွေမှာတော့ လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ပြုထားပေမဲ့ ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် လူငယ်တွေအနေနဲ့ ဆေးခြောက် ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။
အညွှန့်တလူလူ တက်ရမယ့်လူငယ်တွေရဲ့ဘဝကို တစိတ်တပိုင်း အဟန့်အတားဖြစ်စေတတ်တဲ့ ဆေးခြောက်ရဲ့ အန္တရာယ်ကိုသိရှိပြီး “တန်ဆေးလွန်ဘေး” မဖြစ်အောင် အသုံးမပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။