ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်တွင်း တစ်နေရာမှာ တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံးခဲ့တဲ့ တော်လှန်ရေး ဆေးတပ်သား ၁၈ ဦး ဖြစ်စဥ်မှာ KNDF ဗဟိုစစ်တရားခုံရုံးက ပြစ်မှုရှိကြောင်းထင်ရှားတဲ့ တာဝန်ရှိသူ ၃ ဦးကို ပြစ်မှုဆိုင်ရာစစ်အက်ဥပဒေအရ ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ KNDF က ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အစီရင်ခံစာတင်ပြချက်အရသော် လည်ကောင်း၊ တရားခွင်အတွင်း စွပ်စွဲခံရသူတွေနဲ့ သက်သေခံထွက်ဆိုချက်အရ ဖြစ်စဉ်အတွက် တာဝန်ရှိသူ ကျောင်းအုပ် တစ်ဦးနဲ့ ကာယလေ့ကျင့်ရေးဆရာတစ်ဦးကို KNDF စစ်အက်ဥပဒေဆိုင်ရာ ပုဒ်မ (၁၇) ၊ (၂၇) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ၃လ စီအမိန့်ချမှတ်ခဲ့ပြီး သင်တန်းအကူတစ်ဦးကိုတော့ ပုဒ်မ (၂၇) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လ ကျစေကြောင်း အမိန့်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ကြီးမှူးဖွင့်လှစ်ခဲ့တဲ့ ဆေးသင်တန်းကို တပ်ရင်းတပ်ဖွဲ့အသီးသီးက သင်တန်းသား ၁၀၂ ဦးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ သင်တန်းကာလအတွင်း စက်တင်ဘာလ ၁၁ ရက်နေ့က ညဖက်လေ့ကျင့်ရေးတခုပြုလုပ်နေစဉ် တောင်ကျချောင်းရေ မြင့်တက်လာမှုကြောင့် သင်တန်းသား (၁၈)ဦး ရေထဲမျောပါသေဆုံးခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်မှာဖြစ်ပြီး အသိပေးထုတ်ပြန်သွားမယ်လို့
KNDF က အသိပေးထားတာပါ။ ၃လ ကြာ စုံစမ်းဖော်ထုတ်ပြီးနောက် ပြစ်မှုတာဝန်ရှိသူတွေကို အခုလို ထောင်ဒဏ်စီရင်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။
KNDF က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မူးယစ်ရမ်းကားမှု စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားတစ်ဦးကို (KNDF) တပ်ဖွဲ့ဝင် နှစ်ဦးကနေပြီး လက်နက်နဲ့ မလျော်ကန်တဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ကျူးလွန်သူကို KNDF စစ်အက်ဥပဒေအရ ထောင်ဒဏ် နှစ်(၂၀) နဲ့ (၁) လ အရေးယူ အမိန့်ချတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။