spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဆေးဝါးသယ်ယူလို့မရတာကြောင့် ၅ နှစ်အောက် စစ်ရှောင်ကလေးငယ်တွေ ကာကွယ်ဆေးထိုးခွင့်မရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်ရှောင်စခန်းတွေဆီကို ဆေးဝါးတွေ သယ်ယူပို့ဆောင်လို့မရတာကြောင့် စစ်ရှောင်စခန်းမှာနေထိုင်တဲ့ ၅ နှစ်အောက်ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံခွင့် မရကြဘူးလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ကျန်းမာရေးဌာန၊ ဌာနမှူးကြီး ခွန်းဖိလစ် က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ကရင်နီမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမှုတွေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ စစ်ကောင်စီရဲ့ ဆေးဝါးသယ်ဆောင်ခွင့် ပိတ်ပင်ထားမှုတွေကြောင့် စစ်ရှောင်စခန်းတွေဆီကို ဆေးဝါးတွေ ပို့ဆောင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

“အစီအစဉ်တွေက ရှိပြီးသားပဲ ၅ နှစ်အောက် ကလေးတွေ အကုန်လုံး ကာကွယ်ဆေး ပြန်ထိုးဖို့ အတွက်၊ ကျနော်တို့ဆေးတွေ ရှာထားတာတွေ ရှာဖွေစုဆောင်းထားတာတွေ အလှူရှင်နဲ့ ချိတ်ဆက်ထားတာတွေ ဘယ်လိုထိုးမလဲ ဆိုတဲ့ အစီအစဉ်တွေက ရှိပြီးသားပဲ။ ကျနော်တို့ အခုက ကာကွယ်ဆေးမှ မဟုတ်ပါဘူး ဒီ ဘယ်ဆေးမဆို ပေါ့နော် သယ်သွား သယ်လာ လမ်းမရဘူးလေး။ ဆေးပစ္စည်းတို့ ဆန်တို့ အကုန်လုံးက စကစ က ထိန်းချုပ်ထား အကုန်လုပ်လိုက်တယ်ရော အဲ့ဒါ တအားခက်တာပေါ့” လို့ ခွန်းဖိလစ်က ပြောပါတယ်။

မွေးကင်းစ ကလေးငယ်တွေ အပါအဝင် ၁၀ နှစ်အောက် ကလေးငယ်တွေကို ရောဂါ ကာကွယ်ဆေး ပုံမှန်ထိုးနှံပေးဖို့လိုအပ်ပြီး၊ ကာကွယ်ဆေးမထိုးနှံနိုင်ရင် ရောဂါတွေကို မကာကွယ်နိုင်ပဲ အလွယ်တကူသေဆုံးနိုင်သလို၊ ပိုလီယိုနဲ့ မေးခိုင်ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးလုပ်သားတွေဆီကနေ သိရပါတယ်။

“ထိုးဖို့လိုအပ်တာဆိုတာက ကလေးတွေ မရသင့်တဲ့ ရောဂါတွေ မကူးစက်သင့်တဲ့ရောဂါတွေနဲ့ မသေရအောင်၊ ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါတွေကို ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်ရအောင်လို့။ အဲ့ဒါ ကလေးတွေ အုပ်စုလိုက်ရောဂါတွေ မကူးစက်အောင် ကာကွယ်ဆေးထိုးပေးရတယ်” လို့ ခွန်းဖိလစ် က ဆက်ပြောပါတယ်။

ကရင်နီပြည်က ဝေးလံတဲ့ ကျေးလက်တောရွာနဲ့ တောတောင်တွေမှာ စစ်ရှောင်နေရတဲ့ ကလေးငယ်တွေအတွက် ကာကွယ်ဆေးထိုးနှံဖို့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့ အစည်းတချို့ ကူညီဆောင်ရွက်ပေးနေပေမဲ့ မလုံလောက်ဘူးလို့ သိရပါတယ်။

တချို့ စစ်ရှောင် လူထုတွေကတော့ လွိုင်ကော်မြို့ပေါ်ကို ကာကွယ်ဆေးနှံဖို့ သွားရောက်နေကြတာရှိပေမဲ့ ပမာဏ အနည်းငယ်သာ ရှိနေတယ်လို့ ဖရူဆိုမြို့နယ်အတွင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“သူတို့ မှာ တချို့ ကာကွယ်ဆေးသွားထိုးချင်တာက အရင်နှစ်မှာက တိုင်းရင်းသားတဖွဲ့က သူတို့ကိုကူညီပြီး လွိုင်ကော်မြို့ပေါ် ပို့ပေးတယ်ပေါ့နော်။ လမ်းအခြေအနေ မကောင်းတာရယ် ပြီးတော့ သူတို့တွေအတွက်လည်း ယူသွားယူလာ၊ ပို့တာလည်း မကောင်းတာလည်းဖြစ်ပြီး သူတို့ကို သွားမပို့နိုင်တော့ စောင့်ခိုင်းလိုက်တယ် လက်ရှိချိန်ထိတော့ သွားမပို့နိုင်တော့ဘူးပေါ့နော်”လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ကျန်းမာရေးဌာန ကတော့ ကရင်နီပြည်က ၅ နှစ်အောက် ကလေးငယ်တွေ အားလုံးအတွက် ကာကွယ်ဆေးထိုးနှံပေးဖို့ အစီအစဉ် ရှိနေပေမဲ့ အခက်အခဲတွေကြောင့် အကောင်ထည်မဖော်နိုင်သေးဘူးလို့ ကျန်းမာရေး ဌာနမှူးကြီး ခွန်းဖိလစ်က ပြောပါတယ် ။

ပြီးခဲ့တဲ့ ၂၀၂၂ အတွင်း ကရင်နီပြည်မှာ ပုံမှန် ကာကွယ်ဆေးထိုးနှံခွင့်မရသေးတဲ့ ကလေးငယ်ပေါင်း ၆၀၀၀၀ ခန့်ရှိတယ်လို့ CHDN (လူထုကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးကွန်ယက်) အဖွဲ့က ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားဖူးပါတယ်။

spot_img
spot_img

Recent posts