ကန္တာရဝတီတိုင်း(မ်)
တောထဲတောင်ထဲမှာနေနေကြတဲ့ စစ်ဘေးဒုက္ခသည်ကလေးတွေ တစ်ချိန်က သူတို့အိမ်မှာ လျှပ်စစ်မီးနဲ့ စာကြည့်ခဲ့ကြတဲ့သူတွေ အခုတော့ မှောင်မဲနေတဲ့ တောထဲမှာ ဖယောင်းတိုင်ထွန်းညှိပြီး စာလုပ်တွေ လေ့ကျင့်နေကြတယ်။
ဖယောင်းတိုင်မတတ်နိုင်တဲ့ မိသားစုတွေမှာတော့ ညဆို ကလေးစာကြည့်ဖို့ မီးမရှိတော့ စောစောအိပ်ယာဝင် ကြရတယ်။
မီးမရှိသလို ငွေကြေးမတတ်နိုင်တဲ့အတွက် ဖယောင်းတိုင်ကိုလည်း မဝယ်နိုင်ဘဲ ဖုန်းမီးကိုခြွေတာပြီး အလင်းပြုနေရတဲ့သူတွေလည်း ရှိပါတယ်။
ကလေးတွေရဲ့ပညာရေးအတွက် မိဘတွေက ကရုတစိုက်ရှိကြတဲ့အတွက် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ စာသင်ကြားနေ ကြတာဖြစ်ပါတယ်။
သားသမီးတွေကို ညဖက်မှာတော့ ကျောင်းစာတွေ လေ့ကျင့်ခန်းပြန်လုပ်နိုင်ဖို့ မိဘတွေက မီးမရှိတဲ့အပြင် ဖယောင်းတိုင်လည်းမဝယ်ပေးနိုင်တဲ့အတွက် အခက်အခဲရှိတယ်လို့ ကလေးမိဘတွေက ပြောကြပါတယ်။
ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုက အသက် ၅၀အရွယ် ကျောင်းသား ၃ယောက် မိဘတစ်ဦးက သူ့ရဲ့ သားသမီးည စာကြည့်နိုင်ဖို့ အခက်အခဲရှိတဲ့အကြောင်းကို အခုလိုပြောပါတယ်။
“ကျနော်တို့လူကြီးဆို စောစောအိပ်လို့ရတယ် မှောင်မှောင်မဲမဲလည်း အိပ်လို့ရတယ် ဒါပေမယ့် ကလေးစာဖတ်ဖို့တစ်ခုတော့ အခက်အခဲရှိတယ်။ မီးတော့တကယ်အဆင်မပြေဘူး ဆိုလာပြားလည်း မရှိဘူးဖြစ်နေတယ် မရှိခါကျတော့ မီးမသုံးနိုင်ဘူး ဖယောင်းတိုင်လည်းမဝယ်နိုင်ဘူး ကလေးစာဖတ်ဖို့ စာကျက်ဖို့လည်း အားနည်းချက်ရှိတယ် အဲ့တစ်ခုပေါ့။”
ဒီလိုပဲဖယောင်းတိုင်ဝယ်ထားနိုင်တဲ့ နေ့တွေမှာတော့ ကလေးတွေကို ဖယောင်းတိုင်နဲ့ စာလုပ်ပေးလေ့ရှိပြီးတော့ ဖယောင်းတိုင် မဝယ်နိုင်တော့တဲ့အချိန်တွေဆို ညစောစော အိပ်ယာဝင်ခဲ့ရတယ်လို့ဆိုပါတယ်။
ဖယောင်းတိုင် တစ်ထုပ် အရင် ကျပ် ၆၀၀ က အခုဆို ကျပ် ၁၀၀၀ ပေးဝယ်နေရတယ်လို့လည်းဆိုပါတယ်။
ဒီးမော့ဆိုမြို့ ဘက်တလင်ကျေးရွာကနေ စစ်ဘေးဒုက္ခသည်စခန်းတခုမှာ နေနေရတဲ့ ဒေါ်ကလျားယာက ကလေးတွေညဘက် စာကြည့်နိုင်အောင် ဦးစားပေးရှာဖွေနေရတယ်လို့ ဆိုပါတယ်။
“ဖယောင်းတိုင်တစ်ချောင်းတောင်မှ လုပြီးယူကြတာ အကို ကျောင်းကနေပြန်လာတဲ့ အိမ်က တစ်ယောက်လည်း ဖယောင်းတိုင်လိုချင်တယ် အငယ်မကလည်းလိုချင်တယ် အဲ့မျိုးပေါ့။ နောက်ပြီး အမေအဖေကလည်း မီးလင်းတာကိုတွေ့ချင်ပါတယ် ဒါပေမယ့် ကလေးကိုအရင်ဦးစားပေးတယ်ပေါ့ အဲ့ဒါ ဖယောင်းတိုင် ကုန်ပြီဆိုရင် မနက်ဖြန်မှလုပ်လိုက်တော့ဆိုပြီး ကလေးကိုအဲလိုပဲ ချော့သိပ်လိုက်ရတာ”
ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆိုနယ်နဲ့ ဖရူဆိုမြို့ စစ်ဘေးဒုက္ခသည်စခန်းနဲ့ ကျေးရွာတွေမှာ ကလေးတွေ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်ဖို့ စာနဲ့ဝေးကွာနေပြီဖြစ်တဲ့အတွက် ပြန်လည်အမှတ်ရစေဖို့ ကိုအဓိကရည်ရွယ်ပြီး ကိုယ်ထူကိုယ်ထကျောင်း ၂၀၀ နီးပါး ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။
အခြေခံဘာသာဖြစ်တဲ့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ မိခင်ဘာသာစကားကိုအဓိက သင်ကြားပေးတာဖြစ်ပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထွက်ပေါက်တစ်ခုအနေနဲ့ စစ်ရှောင်စခန်းတွေမှာ ဇွန်လပိုင်းကစပြီး ပြုလုပ်လာကြတာပဲဖြစ်ပါတယ်။ သို့ပေမယ့် ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် ခေတ္တ ရပ်နားထားလိုက်ရပြီး ခုချိန်မှာတော့ ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နေပါပြီ။
ကိုယ်ထူကိုယ်ထကျောင်းအတွက် သက်ဆိုင်ရာဒေသအလိုက် ကော်မတီက ဦးစီးဆောင်ရွက်လျက်ရှိပြီး CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေက စေတနာ့ဝန်ထမ်းဆရာ ဆရာမအဖြစ် သင်ကြားပေးသလို ဒေသခံလူငယ်တွေကလည်း ကူညီပေးနေတာပဲဖြစ်ပါတယ်။
စစ်ရှောင်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ အနည်းဆုံးကျောင်းသားဦးရေ ၅၀နဲ့အထက်မှာရှိပြီး မူလတန်းကလေးတွေအတွက် အဓိက သင်ကြားပေးနေတာဖြစ်ပါတယ်။
ကရင်နီပြည်နယ်မှာ မေလ ၂၁ရက်နေ့မှာ ဒီးမော့ဆိုမြို့ပေါ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၈လကြာတဲ့အထိ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင်ရှိနေပြီး နေရပ်ပြန်နိုင်ခြင်းမရှိကြသေးပါဘူး။
စစ်ဘေးဒုက္ခသည်စခန်းမှာ ရှိနေကြရတဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ညစာကြည့်နိုင်ဖို့ ကလေး မိဘတွေက မီးအလင်းရောင် ရစေနိုင်တဲ့ နည်းလမ်းကို မျှော်လင့်နေကြရဆဲပါ။
“အနည်းဆုံးဆိုလာပြားရှိရင်တော့ကောင်းတယ် လျှပ်စစ်မီးလည်းမရ ဖယောင်းတိုင်လည်းမဝယ်နိုင်ဖြစ်နေတယ် ဆိုလာပြားရှိရင်တော့ ၃၊ ၄ အိမ် တစ်လက်လောက်ရှိမယ်ဆိုရင်တော့ ဝိုင်းသုံးလို့ရပါတယ်။ အခုတော့ ဒီဖက်မှာ ဆိုလာပြားတစ်အိမ်မှမရှိကြဘူးဖြစ်နေတယ်။”