ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ထဲက ရွာတစ်ရွာမှာ ခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် (၅၀၀) ဝန်းကျင်အတွက် စောင် နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
စစ်ရှောင်အများစုဟာ အဝတ်တထည်ကိုယ်တခု နဲ့ ထွက်ပြေးတိမ်းရှောင်ကြရတဲ့အပြင်၊ ဆောင်းတွင်းဝင်ရောက်လာပြီဖြစ်တာကြောင့်လည်း အအေးဓါတ်တွေပိုတဲ့ ရှမ်းပြည်နယ်မှာ စစ်ရှောင်တွေအတွက် လိုအပ်ချက်တွေပိုများနေတာပါ။
“အခု ဒီတစ်ခေါက် ပြေးရတဲ့လူတွေ အားလုံးနီးပါးက အဝတ်တစ်ခုနဲ့ ကိုယ်တစ်ခုနဲ့ တစ်နေရာ တစ်နေရာ ပြေးကြရတော့ အဓိက က ခုလဲ အေးလဲအေးပြီဆိုတော့ စောင်တွေ အနွေးထည်တွေ အဲ့လိုမျိုးပေါ့နော် လိုကြတာ” လို့ ရှမ်းပြည်ရောက် စစ်ဘေးရှောင်တွေကို ကူညီသူတစ်ဦးက ပြောပါတယ်။
အဆိုပါ စစ်ရှောင်တွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အသီးသီးက စစ်ရှောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ရှောင်တွေအတွက် ရွာခံ ပရဟိတ အဖွဲ့တွေက လိုက်လံအလှူခံပြီး စစ်ရှောင်တွေကို ပြန်လည်ကူညီပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
“ဝေပေးတာဆိုတော့ ဟင်းသီးဟင်းရွက်တွေပေါ့နော်။ ကိုယ်ထူကိုယ်ထတွေ ဒီရွာကနေ လှူနေတဲ့ဟာတွေပေါ့နော်။ ခရမ်းချဉ်သီးတို့ ဟင်းသီးဟင်းရွက်ပေါ့နော် အဲ့လိုလေးတွေရှိတယ်။ နောက်ပြီးတော့ ကြက်ဥတွေပေါ့နော်” လို့ သူက ဆက်ပြောပါတယ်။
(၁၁.၁၁) စစ်ဆင်ရေးစတင်ပြီးနောက် လက်ရှိ ကရင်နီပြည် လွိုင်ကော်မြို့မှာ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကော်စီဖက်က လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေဟာ တောတောင်ထဲမှာ စစ်ရှောင်နေရသလို နီးစပ်တဲ့ရှမ်းပြည်နယ်မှာ သွားရောက် ခိုလှုံနေထိုင်ကြရပါတယ်။