ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ကျေးရွာအတွင်းကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၂လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးဆီကနေ သိရပါတယ်။
“အရင်ရက် ၈ရက်နေ့က ည ၈နာရီဝန်းကျင်လောက်မှာ ဖြစ်တာ။ လူတော့ ထိခိုက်မှုမရှိဘူး။ နေအိမ်တော့ ၂လုံးပျက်သွားတာပေါ့နော်။ အခြားထိခိုက်တာတွေမရှိဘူး။”လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က ဖယ်ခုံမြို့နယ်အနောက်ဖက်ကမ်းကနေ လက်နက်ကြီး ပစ်ခတ်လာတာဖြစ်တယ်လို့ ဒီကနေ့မှာ အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့(HRIR) က ထုတ်ပြန်ထားတာပါ။ စစ်ကောင်စီနဲ့ PNA ပူးပေါင်းတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညောင်ရွှေမြို့နယ်ထဲက ကျေးရွာနဲ့ စစ်ရှောင်စခန်းတွေကို မကြာခဏ လက်နက်ကြီးပစ်ခတ်နေတယ်လို့ HRIR က ပြောပါတယ်။
အဆိုပါ ညောင်လေးပင်ကျေးရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပြီး လက်နက်ကြီးကြောင့် လူထိခိုက်မှုမရှိပေမယ့် ရွာခံတချို့ဟာ လုံခြုံရေးစိုးရိမ်တာကြောင့် တိမ်းရှောင်ကြတယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးက အခုလို ဆက်ပြောပါတယ်။
“အခုက လက်နက်ကြီး ရွာထဲကျတော့ တချို့က ရှောင်ကြပြီ။ တချို့ကတော့ မရှောင်ကြဘူးပေါ့။ လူထိခိုက်မှုမရှိသေးပေမယ့် စိုးရိမ်ကြတဲ့အနေအထားပေါ့။ ကြိုတင်ရှောင်တဲ့သဘောပေါ့။”လို့ သူက ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ် နဲ့ ကျေးရွာတချို့မှာ စစ်ကောင်စီနဲ့ PNA ပူးပေါင်းတပ်က ဇန်နဝါရီလတစ်လအတွင်း လက်နက်ကြီးအကြိမ်ရေ ( ၅၄) ကြိမ် ပစ်ခတ်ခဲ့ရာ အရပ်သား ၃ ဦး ထိခိုက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့တယ်လို့ HRIR က ပြောပါတယ်။