ဦးမြာ
ဒီးမော့ဆိုမြို့ရဲ့ အရှေ့ဘက်ခြမ်းရှိ ကယားလူမျိုးတွေနေထိုင်ကြတဲ့ ဘိုးလျားကျေးရွာကို ဆိုင်ကယ်နဲ့ တစ်နာရီလောက်အကြာမောင်းပြီး အလည်တခေါက်ထွက်ခဲ့ဖြစ်ပါတယ်။ အဲဒီရွာကို ဒီးမော့ဆိုကနေ ဒေါတမကြီးဘက်ကိုသွားတဲ့လမ်းဘက်ကိုသွားတဲ့လမ်းကနေ ဒေါလောခူရွာအရောက်မှာဘဲ လမ်းခွဲလေးကနေ ဆက်သွားရပါတယ်။
၎င်းကျေးရွာရှိ ဒေသခံပြည်သူဟာ တစ်နိုင်တစ်ပိုင် လုပ်ငန်းများ ဖြစ်တဲ့ တောင်ယာ၊ လယ်ယာကိုသာ စားဝတ်နေရေးအတွက် အဓိကထား လုပ်ကိုင်နေကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
မနက်ခင်းလေးရဲ့ ရွာအဝင်မှာဆို ကြက်တွန်သံ ဌက်အော်သံတွေနှင့်အတူ ကြားနေရ၊ မြင်နေရတာက စပါးထောင်းသူကထောင်း၊ ပဲကြမ်းထောင်းသူကထောင်း၊ ဝက်စာလုပ်သူလုပ်၊ ရေခပ်သူခပ် မြင်တွေ့လိုက်ရပါတယ်။
၎င်းကျေးရွာဟာ ကယားလူမျိုးတို့ရဲ့ ရိုးရာတစ်ခု တံခွန်တိုင်ကို ကိုးကွယ်ကြတဲ့ ကျေးရွာလေး ဖြစ်ပါတယ်။ ၁၉၉ဝခုနှစ်မှ ခ.လ.ရ (၇၂) တပ်ရင်းမှ စေတီတစ်ဆူ လာရောက်တည်ပေးရာမှ မိမိတို့ကိုယ်ကို ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြတာဖြစ်ပါတယ်။
သို့ပေမဲ့လည်း ယခင်ကကိုးကွယ်ခဲ့တဲ့ အစဉ်အလာကိုလည်း ဘိုးဘွားစဉ်ဆက် မိရိုးဖလာအရ မစွန့်လွှတ်ပဲ ယနေ့အချိန်ထိ ထိန်းသိမ်းနေကြတာကို တွေ့ရပါတယ်။
ဒါ့အပြင် ကယားရိုးရာကိုလည်း ထိန်းသိမ်းလာဆဲ ဖြစ်တဲ့ကျေးရွာလေး ဖြစ်တယ်လို့ ပြောရင်လည်း မှားဖွယ်မရှိပါဘူး။
အရင် ရှေးက ဝတ်ဆင်ခဲ့ကြတဲ့ ဝတ်စားဆင်ယင်မှုတွေလည်း တစိတ်တပိုင်း တွေ့နေမြင်နေရပါသေးတယ်။ ဥပမာဆိုရလျှင် အမျိုးသမီးတွေ ဒူးကြီးတွေနဲ့ ဝတ်စားယင်မှုတွေလိုပါ။
သူတို့ရွာဟာလည်း တချိန်က အမဲနယ်မြေအဖြစ်နဲ့ သတ်မှတ်ထားခံရတဲ့ ရွာတစ်ရွာထဲမှာလည်းပါပါတယ်။ အရင်ကဆိုလျှင် ရွာမှာ ကျေးရွာဥက္ကဌ လုပ်ဖို့ ကြောက်နေကြရတယ်လို့ ရွာမိရွာဖ ဦးစေရယ်က ပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ပြည်နယ်အစိုးရတို့ အပစ်ခတ်ရပ်စဲရေး မယူခင်ကာလအတွင်းမှာ ကယားပြည်နယ်မှာ တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် လက်နက်ကိုင်များက ပေါ်တာထမ်းရန် အမျိုးသားများက မကြာခန ခေါ်ဆောင်သွားခြင်း ခံရပါတယ်။
အဲ့ဒီအချိန်တွေမှာဆိုရင် ကျေးရွာနေရပ်မိရပ်ဖများက ကျေးရွာအုပ်ချုပ်ရေး(ဥက္ကဌ) လုပ်ဖို့ ကြောက်နေခဲ့ကြပါတယ်။ ဘိုးလျားကျေးရွာရှိ ဦးစေရယ်ကတော့ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကို အခုလို ပြောပြပါတယ်။
“ကျတော်တို့ကို ထိုးတာတွေ ကန်တာတွေဆိုရင်တော့ အများကြီးပဲ။ ကျတော်ကိုယ်တိုင်လည်း ခံဖူးတယ် ကျတော့်ကို ဘောလုံးကွင်းထဲမှာ ကြိုးနဲ့ချည်ထားပြီးတော့ မိုးရေထဲမှာ တနေကုန်ထားတယ်။”လို့ ပြောပါတယ်။
ဘိုးလျားကျေးရွာကို ၁၉၅ရ ခုနှစ်မှာ အိမ်ခြေ (၄) အိမ်ဖြင့်သာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခုချိန်မှာတော့ အိမ်ခြေပေါင်း (၅၄) အိမ်အထိ တည်ရှိလာနေတာကို တွေ့ရပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ တစ်ပြည်နယ်လုံး ကြုံတွေ့နေကြရတဲ့ ဖြတ်လေးဖြတ်မှာ ဘိုးလျားကျေးရွာလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
ဖြတ်လေးဖြတ်မှာ ဘိုးလျားကျေးရွာဟာ မီးရှို့ ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ မိုးခေါင်မှုကြောင့် ရွာလုံးကျွတ် အစာငတ်ခြင်းဖြင့် ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။
၂၀၀ဝ ခုနှစ်မှာ နိုင်ငံရေးအခြေအနေ အနည်းငယ်တည်ငြိမ်လာမှုကြောင့် နေရပ်ကို ပြန်လာနေကြပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထအနေနဲ့ တဖြည်းဖြည်းလုပ်ကိုင်နို်င်လာကြတယ်လို့ သိရပါတယ်။
ယခုအချိန်မှာတော့ ဘိုးလျားကျေးရွာမှာ အ.မ.က ကျောင်းခွဲအနေဖြင့် အစိုးရမှ မူလတန်းကျောင်းတစ်ကျောင်း ထားရှိပေးပြီး ၂၀၁၃ ခုနှစ်မှာတော့ ကျေးလက်ကျန်းမာရေး ဌာနခွဲအဖြစ် ဆေးပေးခန်းတစ်လုံး တည်ဆောက်ပေးထားတာကို တွေ့မြင်နေရပါတယ်။
မူလတန်းကျောင်းခွဲ ရှိနေသော်လည်း ဝန်ထမ်းအင်အားနှင့် ကလေးဦးရေ ညီမျှမှု မရှိတဲ့အတွက် ဝန်ထမ်းအင်အားလုံလောက်စေချင်ကြောင်းကိုလည်း ဒေသခံများက ပြောဆိုကြပါတယ်။
ကျေးလက်နေ ပြည်သူများအနေဖြင့် ကလေးများကို မြို့ပေါ်ကျောင်းထားပေးရန် အခက်အခဲရှိတဲ့အတွက် ကျေးလက်တွေမှာ ဝန်ထမ်းတွေကို အလုံအလောက်ချပေးစေလိုတယ်လို့ ဘိုးလျားကျေးရွာမှ ရွာမိရွာဖဖြစ်တဲ့ ဦးနိုရယ်က ပြောပါတယ်။
“ပညာမတတ်တာတွေ အများကြီးရှိတယ်လေ မိဘတွေ မတတ်နိုင်တာလည်း ရှိတယ် ဘော်ဒါဆောင် ထားမယ်ဆိုရင် တစ်လကို ဘယ်လောက်ဘယ်လောက် ဆိုပြီးတော့ မပေးနိုင်တော့ အခက်ခဲတွေ အများကြီး ရှိသွားတယ်လေ။”လို့ ပြောပါတယ်။
လူငယ်များဟာ ပညာဆက်လက်ဆည်းပူးနိုင်ဖို့ အခက်အခဲတွေ များစွာ ရှိနေတဲ့အတွက် ပညာရေးကို မူလတန်းအထိသာ အများစုတွေ့မြင်ရပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ဖို့ တစ်ခြားသော လူမှုအသင်းအဖွဲ့များနဲ့ ချိတ်ဆက်ရာမှာ အခက်အခဲတွေ များစွာရှိနေတယ်လို့ လူငယ်တစ်ဦးဖြစ်တဲ့ မော်ဆော်မိုးက ပြောပါတယ်။
ဘိုးလျားကျေးရွာမှာတော့ အစိုးရမှ ချထားပေးတဲ့ ကျေးလက်ကျန်းမာရေး ဌာနခွဲရှိပေမဲ့ တာဝန်ကျဝန်ထမ်းများက အချိန်ပြည့်နေထိုင်ပေးခြင်း မရှိတဲ့အတွက် အခက်ခဲတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒေသခံတွေ အရေးပေါ်ဖြစ်အခြေအနေနဲ့ ကြုံတွေ့ရလျှင် ကျေးရွာနဲ့ အနီးဆုံးဖြစ်တဲ့ ကရင်နီကျေးလက်ကျန်းမာရေးရုံးကို သွားရောက်ကုသကြတယ်လို့ သိရပါတယ်။
″ကျတော်တို့ အရေးပေါ်ဖြစ်ရင်တော့ အရင်ဆုံး ကရင်နီ ကျန်းမာရေးရုံးကိုပဲ ပြေးသွားတယ်။ အဲ့မှာ နိုင်ရင် ကြည့်ပေးတယ် မနိုင်ရင်တော့ ဒီးမောဆို ဆေးရုံကို ပို့ပေးတယ်။ ″လို့ ဦးနိုရယ် ယခုလက်ရှိ ကြုံနေရတဲ့ ကျေးရွာက ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေကို ရှင်းပြပါတယ်။
ကျေးရွာဖွံ့ဖြိုးရေးအတွက် လူမှုအသင်းအဖွဲ့တစ်ချို့က အထောက်အပံ့ပစ္စည်းများ လာရောက်ထောက်ပံ့ပေးသော်လည်း ပစ္စည်းအသုံးပြုပုံများကို ပြန်လည်စစ်ဆေးခြင်းများ မပြုလုပ်ပေးတဲ့အတွက် တခါတရံ ၎င်းပစ္စည်းများကြောင့် ကျေးရွာများ ဒုက္ခရောက်တာတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
″ ရှိတယ်လေ အရင်တလောက အိမ်မီးလောင်တာလည်း ဆိုလာပြားကနေ လျော့ဖြစ်တာလို့ ပြောတယ်လေ။ စိုးရိမ်တာပေါ့ ဒါပေမဲ့ လက်တွေ့အခုလို မြင်ရတော့ တချို့ဆို မသုံးရဲတော့ဘူး ဖြုတ်ချလိုက်တယ် အဲ့လိုလုပ်တယ် ″ လို့ ၎င်းတို့ ကြုံတွေ့ခဲ့ပုံနဲ့ ပတ်သက်ပြီး ဦးနိုရယ်က ရှင်းပြပါတယ်။
မီးလင်းရေးအတွက် ဆောင်ရွက်နေပေမဲ့ ဘိုးလျားကျေးရွာမှာတော့ မီးတိုင်များ စိုက်ထူထားခြင်းမရှိသေးပါဘူး။ ဘိုးလျားကျေးရွာကိုယ်စား ဦးနိုရယ်ရဲ့ အစိုးရထံ တောင်းဆိုချက်ကတော့ ကျေးရွာဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်နေတဲ့ လျှပ်စစ်မီးကို ချပေးစေလိုတယ်လို့ ပြောဆိုသွားပါတယ်။
ဒါကတော့ တချိန်က အမဲနယ်မြေဖြစ်ခဲ့ဖူးတဲ့ ကျေးရွာတွေထဲက ရွာတစ်ရွာကို ရောက်သွားချိန် တွေ့လိုက်ရတဲ့ အခြေအနေမှန်တွေကို ရေးသားတင်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၁ဝ ရွေးကောက်ပွဲအထိ ဘိုးလျားရွာက အမဲနယ်မြေအဖြစ်ပဲ ဖြစ်ပါသေးတယ်။ အဲဒီရွေးကောက်ပွဲ နောက်ပိုင်းမှာမှ တက်လာတဲ့ အစိုးရတွေက ပညာရေးနှင့် ကျေးလက်ဆေးပေးခန်းကို စတင်တည်ဆောက် လာပေးခဲ့တာ ဖြစ်ပါတယ်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြတဲ့သူတွေကလည်း ၂၀၁ဝ နောက်ပိုင်းတွင်မှသာလျှင် စတင်ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ တို့ ပြည်နယ်အဆင့် ပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် အခြေအနေ အနည်းငယ် ပြောင်းလဲလာခဲ့ခြင်းပဲဖြစ်ပါတယ်။
နှစ်ပေါင်း ၆ဝ အတွင်း ကိုယ်ထူကိုယ်ထ ဖြစ်တည်လာခဲ့တဲ့ ကျေးရွာတွေမှာတော့ ဖွံ့ဖြိုးမှုအပိုင်း နှောင့်နှေးနေဆဲပါပဲ။