ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ စစ်ဘေးရှောင်ခဲ့ရတဲ့ ရွာသစ်မြို့ဒေသခံတွေဟာ စစ်ဘေးရှောင်ကာလတစ်နှစ်အတွင်းမှာ နေရပ်ပြန် နှမ်းစိုက်ပျိုးမှုကို ပြန်လည်လုပ်ကိုင်ကြပေမဲ့ ယခင်နှစ်တွေရဲ့ သုံးပုံတစ်ပုံကိုသာ စိုက်ပျိုးနိုင်တယ်လို့ ရွာသစ်ဒေသခံတွေဆီက သိရပါတယ်။
“စားဝတ်နေရေးလမ်းကြောင်းလည်းစိတ်ပူရမဲ့ အချိန်မှာ အလုပ်လုပ်နေရင်း ကောင်းကင်ပေါ်ကပျံတဲ့ ငှက်သံတွေ (လေယာဥ်ဝဲသံ) ကြားရတဲ့ အချိန်ဆို လုံးဝစိတ်မပျော်ဘူး။ စိတ်မချမ်းသာဘူး။ ဒါကြောင့်မို့လို့ လူတိုင်းက အားလုံးလိုလို သူ့ယာခင်းအားလုံးကို အကုန်လုံးမလုပ်နိုင်ကြဘူး။ တစ်ယောက်နည်းနည်းစီ ပြန်လုပ်ကြဖို့ ယာခင်းကျယ်တဲ့သူလည်း သုံးချိုးတစ်ချိုး ပဲ ဆက်လုပ်ကြဖို့ ပြောနေကြတယ်ပေါ့နော” လို့ ရွာသစ်ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာသစ်မြို့က ဒေသခံတွေဟာ နှမ်းစိုက်ပျိုးမှူကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင်း စိုက်ပျိုးသီးနှံတွေကို ရိတ်သိမ်းနိုင်မှုမရှိပဲ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြရတာဖြစ်ပါတယ်။ စစ်မရှောင်ပဲ ကျန်ခဲ့တဲ့ ဒေသခံ အနည်းငယ်က နှမ်းခုတ်ပေးတာကြောင့် ယခုနှစ် စိုက်ပျိုးရာသီအတွက် မျိုးစေ့ကို ပြန်လည်မျှဝေ စိုက်ပျိုးကြတာဖြစ်တယ်လို့ သိရပါတယ်။
မျိုးစေ့ လုံလုံလောက်လောက် မရှိတဲ့အပြင် စစ်ဘေးအန္တရာယ်ကိုလည်း စိုးရိမ်တာကြောင့် ယာခင်းရဲ့ သုံးပုံတစ်ပုံကိုသာ စိုက်ပျိုးကြတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်လူဦးရေများပြားနေတဲ့ ကရင်နီပြည်တွင်း မှာ ဆန်ရိက္ခာထောက်ပံ့လှူဒါန်းတဲ့အဖွဲ့အစည်းလည်း နည်းပါးလာတာကြောင့် စစ်ဘေးရှောင်တွေဟာ စစ်ဘေးအန္တရာယ်ကြားက နေရပ်ပြန် လုပ်ကိုင်စားသောက်ကြသူလည်း များပြားလာတယ်လို့ သိရပါတယ်။
“ကိုယ်တိုင် ကြိုးစားချင်တဲ့ စိတ်လေးနဲ့ ပေါ့နော။ အဲ့လိုမျိုးနဲ့ ပြန်လာပြီး စားဝတ်နေရေး ရေရှည် လုပ်ကိုင်စားသောက် နိုင်ဖို့ ရေရှည်ရှာစားနိုင်ဖို့အတွက် တစ်နိုင်တစ်ပိုင်ရှာစားကြတာပေါ့နော။ အဲလိုအတွေးလေးနဲ့ ပြန်လာစိုက်တာပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနှစ် နှမ်းစိုက်ရာသီမှာတော့ ရွာသစ်မြို့က ဒေသခံအနည်းစုကသာ နေရပ်ပြန်လည်နေထိုင်ကြတယ်လို့ သိရပါတယ်။