spot_imgspot_imgspot_imgspot_img
Friday, January 10, 2025
spot_imgspot_imgspot_imgspot_img

တစ်နှစ်အတွင်း ကရင်နီပြည်ရဲ (KSP) မှ ဖမ်းဆီးအရေးယူတဲ့ အမှုပေါင်း (၁၄၉)မှုရှိ ၊ မူးယစ်ဆေးဝါးမှု အများဆုံးဖြစ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ရဲဌာန ( KSP ) စိုးမိုးနယ်မြေမှာ ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း ဖမ်းဆီးအရေးယူတဲ့ အမှုပေါင်း (၁၄၉)မှု ရှိပြီး အဲ့ဒီထဲမှာ မူးယစ်ဆေးဝါးမှု အများဆုံးဖြစ်တယ်လို့ KSP ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

မူယစ်ဆေးဝါးမှု၊ ရာဇဝတ်မှု ၊ လူသတ်မှု ၊ ခိုးမှု ၊ လုယှက်မှု ၊ သုံ့ပန်းအမှု အပါအဝင် တခြားအမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ အဲ့မှာက မူးယစ်မှုက အဖြစ်များဆုံးပေါ့နော။ မူးယစ်မှုချည်းချည်း ၇၅ မှု ရှိတယ်။ ပြီးတော့ တခြား ခိုးမှုတို့၊ လူသတ်မှု ၊ ရာဇတ်ဝတ်မှု။ စစ်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ ရှိမှာပေါ့နော။ အဲ့လိုမျိုးတွေ အားလုံးပေါင်းက ၁၄၉ မှု ရှိပါတယ်။”လို့ ကိုဘိုဘိုက ပြောပါတယ်။

KSP အနေနဲ့ စိုးမိုးနယ်မြေတွေမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာပေးတာ ၊ စစ်ရှောင်စခန်းအလိုက် ရှောင်တခင် စစ်ဆေးတာ ၊ ဖမ်းဆီးတာ ၊ လမ်းသွားပြည်သူတွေကို စစ်ဆေးတာ ပြုလုပ်နေတယ်လို့လည်း ဆိုထားပါတယ်။ မူးယစ်ဆေးဝါး နဲ့ပတ်သက်ပြီး ဖမ်းဆီးမှု ၊ စစ်ဆေးမှု ၊ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပေမယ့် သုံးစွဲမှုတွေလည်း တိုးမြှင့်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ တရားရေးဌာနမှာ စစ်သုံ့ပန်းနဲ့ မူယစ်ဆေးဝါးအမှုကို အများဆုံး စီရင်နေရပြီး ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းအောင် အမျိုးသားတာဝန်အဖြစ် ဆောင်ရွက်နေကြတာရှိတယ်လို့ ဌာနမှူးကြီး ခူးတော်ရယ်အက်(စ်) က ပြောပါတယ်။

“မူဝါဒတွေမှာကတော့ အဖွဲ့အစည်းအသီးသီးကလည်း ရှိကြတာပဲလေ။ မူးယစ်ဆေးဝါးကို အမျိုးသားတာဝန်အဖြစ် တိုက်ဖျက်တဲ့လုပ်ငန်းစဉ် ထားပြီးတော့မှ ဆောင်ရွက်သွားမယ်ဆိုတဲ့ဟာလည်း ရှိကြတယ်။ ကြိုးစားနေတာပဲ အဲ့လိုကြိုးစားလို့ပဲ အရေးယူဖို့လုပ်လာတဲ့အခါမှာ ဒီဟာကတော့ အမှုစာရင်းမှာ အရေအတွက်အားဖြင့် သုံ့ပန်းပြီးရင် မူးယစ်မှုက ဒုတိယဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးပေါ့။ ပ ပျောက်သွားအောင် လျော့နည်းသွားအောင် ကြိုးစားတဲ့ အစီအစဉ်လို့ ပြောလို့ရနိုင်တာပေါ့နော။” လို့ သူက ဆိုပါတယ်။

သက်ဆိုင်ရာအလိုက် တာဝန်ရှိသူတွေအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ရဲ့ အရင်းအမြစ်ကို ဖော်ထုတ်နိုင်ပြီး ဖြတ်တောက်ထားနိုင်ဖို့ လိုအပ်တယ်လို့လည်း ဆိုထားပါတယ်။

KSP အနေနဲ့ အမှုတွေကို တရားဥပဒေလမ်းကြောင်းအရ သက်သေစုဆောင်းတာ ၊ စစ်ဆေးတာကို ပြုလုပ်ပြီး တရားစီရင်ရေးရုံးတွေမှာ စွဲချက်တင် စစ်ဆေးမှုတွေ ပြုလုပ်တယ်လို့ ကိုဘိုဘိုက ဆက်ပြောပါတယ်။

“ကျနော်တို့ အမှုတွေ အကုန်လုံးကတော့ တရားဥပဒေတွေနဲ့ ဖြေရှင်းတယ်။ တရားဥပဒေထဲမှာ အရင်ဆုံးကတော့ ပုံမှန် KSP ရောက်ပြီဆို ကျနော်တို့က လူအခွင့်အရေးနဲ့ အညီ အခွင့်အရေးပေးတယ်။ ပြီးရင် ကျနော်တို့ ဒီ ဆက်စပ်နေတဲ့ အမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးတာတွေ သက်သေ အမှုတည်ဆောက်တယ် သက်သေ စစ်ဆေးတယ် သက်သေ စုဆောင်းတယ်။ အမှုတည်ဆောက်တာနဲ့ ကျနော်တို့က ဥပဒေရုံးကို အကြံပြုတောင်းတယ် ဥပဒေ အကြံပြုတောင်းပြီးရင် ကျနော်တို့က ဒီတရားစီရေးဌာနက တရားရေးရုံးတွေမှာ တရားဆွဲတင်တယ်။”လို့ ကိုဘိုဘိုက ဆိုပါတယ်။

ကရင်နီပြည်ရဲဌာန (KSP) စိုးမိုးနယ်မြေတွေမှာ ရဲစခန်း (၁၄) ခု ၊ ရဲကင်း (၁၈) ခု တိုးချဲ့ဖွင့်လှစ်ထားပြီး တပ်သားအင်အား (၆၃၈)ဦးရှိတယ်လို့ KSP ၃နှစ်ပြည့်အစီရင်ခံစာ အရ သိရပါတယ်။ စိုးမိုးနယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေး ၊ ပြည်သူ့လုံခြုံရေး ၊ ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့လည်း ဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts