spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

တစ်နှစ်အတွင်း ဆေးရုံ၊ ဆေးခန်း (၆၀) ကျော်ကိုဖွင့်လှစ်နိုင်ခဲ့ပြီး လူနာ ၅၀၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့ IEC ဆို

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ဖွဲ့စည်းပြီး တစ်နှစ်တာအတွင်းမှာ ပြည်သူလူထုနဲ့ တော်လှန်ရေးရဲဘော် ၅၀၀၀၀ ကျော်ကို ဆေးကုသမှုပေးနိုင်ခဲ့တယ်လို့ IEC တစ်နှစ်ပြည့်မိန့်ခွန်းမှာ ဥက္ကဌ ခူဦးရယ်က ပြောကြားထားပါတယ်။

“ကျန်းမာရေးဌာနကို ဖွဲ့စည်းပြီး ကရင်နီပြည်အတွင်းမှာရှိတဲ့ ကျန်းမာရေးဌာနရဲ့ အစုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အခြေခံကျန်းမာရေးဝန်ဆောင်မှုအပြင် ကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တစ်နှစ်တာကာလအတွင်း ကရင်နီပြည်တစ်ဝှမ်းမှာ ဆေးခန်း ၆၀ ကျော်နဲ့ ပြည်သူ့ဆေးရုံ ၁ ရုံကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဆေးရုံဆေးခန်းတွေကနေ ပြည်သူနဲ့ တော်လှန်ရေး ရဲဘော် ပေါင်း ၅ သောင်းကျော်ကို ကုသမှုပေးနိုင်ခဲ့ပါတယ်။” လို့ ခူဦးရယ်က ဆိုပါတယ်။

ကျေးလက်နေလူထုတွေ ကျန်းမာရေးစောင့်ရှောက်ခွင့် ပိုမိုရရှိဖို့အတွက် ဆေးခန်းနဲ့ နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို ဆက်လက်တိုးချဲ့လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ လက်ရှိအချိန်အထိ IEC ရဲ့ ကျန်းမာရေးဌာနထဲ ပါဝင်ဖို့ အခက်အခဲရှိနေသေးသူတွေကိုလည်း ထပ်မံညှိ့နှိုင်းသွားမယ်လို့ IEC ကျန်းမာရေးဌာနမှူးကြီး ဖိလစ်က ပြောပါတယ်။

“လက်ရှိမှာ IEC လက်အောက်မှာ မဝင်လာသေးတဲ့ ဆေးရုံ၊ ဆေးခန်းအစုအဖွဲ့တွေ ကျန်းမာရေးလုပ်ငန်းနဲ့ အစုအဖွဲ့တွေကို တွေ့ဆုံတာမျိုး ညှိ့နှိုင်းတာမျိုး ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တာမျိုး အဲဒီလိုမျိုး အစီအစဉ်တွေ ရှိတာပေါ့နော။ အခုက ကျနော်တို့ ကရင်နီရဲ့ state health policy (ပြည်နယ်ကျန်းမာရေးမူဝါဒ) သစ်ထွက်ပြီပေါ့လေ။ အဲဒါကျနော်တို့ presentation တွေ ထပ်လုပ်ဖို့ရှိတယ်။ ကျနော်တို့ ဒီကရင်နီပြည်နယ်ရဲ့ state health policy ထွက်လာပြီဆိုတော့ လူထုရဲ့ အသံ လူထုရဲ့ လိုအပ်ချက်တွေကို presentation တွေလိုက်လုပ်မယ်။“ လို့ IEC ကျန်းမာရေးဌာနမှူးကြီး ဖိလစ်က ပြောပါတယ်။

ရာသီအလိုက်အဖြစ်များတဲ့ရောဂါတွေကို IEC ရဲ့ ကျန်းမာရေးဌာနကနေ အများဆုံးကုသမှုပြုလုပ်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ရောဂါကတော့ ရာသီအလိုက်တော့ နည်းနည်းကွဲတယ်။ ဥပမာ ရေရှားပါးတဲ့ နွေရာသီတွေလိုမျိုးဆိုရင် အရေပြားရောဂါတို့ အဲဒီလိုမျိုးတွေ ရောဂါတွေ ဖြစ်တာပိုများတယ်။ မိုးရာသီ အခုတလောမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ နှာစေးချောင်းဆိုးတာတို့ လည်ချောင်းနာတာတို့ အဆုတ်ရောင်တာတို့ အဲဒီလိုမျိုးတွေ နောက်ပြီးတော့ ဌက်ဖျားလည်း တက်လာတာပေါ့နော။ အဲဒီလိုမျိုးတွေ တွေ့ရတယ်။”လို့ IEC ကျန်းမာရေးဌာနမှူးကြီး ဖိလစ်က ဆက်ပြောပါတယ်။

ကရင်နီပြည်က ဒေသတချို့တွေမှာလည်း ကလေးငယ် ၇ ထောင်ကို IEC အနေနဲ့ ကာကွယ်ဆေး နှစ်ကြိမ်ခွဲပြီး ထိုးနှံပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts