spot_imgspot_imgspot_imgspot_img
Thursday, February 6, 2025
spot_imgspot_imgspot_imgspot_img

တစ်နှစ်အတွင်း အကြမ်းဖက်မှု (၂၁) ခု ကူညီဆောင်ရွက်ခဲ့ဟု ကယန်းအမျိုးသမီးအစည်းအရုံးဆို

ခွန်းကလိုင်းဖရီး(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်နယ်တွင်း ၂၀၂၂ ခုနှစ် မတ်လကနေ ၂၀၂၃ ခုနှစ် မတ်လထိ တစ်နှစ်အတွင်း အကြမ်းဖက်မှု (၂၁) ခုကို ကူညီဆောင်ရွက်ခဲ့တယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ် တားဆီးရေးလုပ်ငန်းစဉ်တာဝန်ခံတစ်ဦးက ဆိုပါတယ်။

အဲ့ဒီအကြမ်းဖက်မှုတွေထဲမှာ အိမ်တွင်းအကြမ်းဖက်မှု (၃) မှု၊ မုဒိမ်းမှု (၂) မှု၊ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက် ရောက်နှောက်ယှက်စော်ကားမှု (၂) ခု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်စော်ကားမှု(အွန်လိုင်း) (၁) ခု၊ အိမ်ထောင် ရေးဖောက်ပြန်မှု (၂) ခု၊ အဓမ္မပြုရန်ကြံရွယ်မှု (၁) ခု၊ သက်ငယ်မုဒိမ်းမှု (၅) ခု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၂) ခု၊ လင်မယားကွာရှင်းလိုမှု (၂) ခုနဲ့ လိမ်လည်ကာမရယူမှု (၁) ခု စုစုပေါင်း အကြမ်းဖက်မှု (၂၁) ခု ပါဝင်တယ်လို့ ဆိုပါတယ်။

ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တာဝန်ခံက ” ကျမတို့ အဖွဲ့အစည်းအနေနဲ့က ကျူးလွန်ခံရတဲ့သူ၊ နစ်နာတဲ့သူကိုပေါ့နော်။ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး မှုတွေ ပေးတဲ့ဟာပေါ့နော်။ အဲ့ဒါရှိတယ်။ နောက်တစ်ခုကတော့ အရေးပေါ်လိုအပ်တဲ့ အထောက်အပံ့တွေ ပေးတာတွေရှိတယ်။ ပြီးတော့မှ အမှုလွှဲပြောင်းတဲ့ ကိစ္စတွေပေါ့နော် ကူညီပေးတာရှိတယ်။ ပြီးရင်တော့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေ ပေးတာရှိတယ်။ ပြီးရင်တော့ တရားရုံးတွေမှာ တရားရင်ဆိုင်တဲ့ ဟာပေါ့ နော်။ သူတို့ တရားရင်ဆိုင်တဲ့ ကာလပေါ့နော်။ သူတို့ လိုအပ်တဲ့ ခရီးစရိတ်သော်လည်းကောင်း၊ စားစရိတ်သော် လည်းကောင်း ကူညီထောက်ပံ့ပေးတဲ့ဟာမျိုးတွေ လုပ်တာရှိတယ်။ ” လို့ ဆိုပါတယ်။

ဒါတွေအပြင် ကျေးရွာ၊ ဒေသ၊ အုပ်စု၊ မြို့နယ်နဲ့ ခရိုင်အဆင့်တွေအထိ ညှိနှိုင်းဖြေရှင်းကူညီပေးတာတွေရှိသလို ရှေ့နေတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတာတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

ဒီအကြမ်းဖက်မှုတွေအတွက် ကူညီဆောင်ရွက်မှုတွေကို ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ သံတောင်ကြီးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်နဲ့ ပျဉ်းမနားမြို့နယ်တွေမှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အခုလို အကြမ်းဖက်မှုတွေကို ဒေသအဆင့်တွေမှာ ဖြေရှင်းတဲ့အခါ တချို့ဆုံးဖြတ်ချက်တွေက နစ်နာတဲ့ သူတွေက ပိုနစ်တာမျိုးတွေ ကြုံတွေ့ရသလို ဓလေ့နဲ့ ဖြေရှင်းတာတွေရှိတဲ့အတွက်လည်း အဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရ တယ်လို့ ဆိုပါတယ်။

” ဒီအကြမ်းဖက်မှုတွေက နေရာတိုင်းမှာ ဖြစ်နေတယ်ဆိုပေမယ့် ဖြစ်နေတဲ့ နေရာဒေသတွေမှာက ဒီအကြမ်းဖက်မှု တွေကို ဒါက အရေးကြီးဖြေရှင်းရမယ့် ကိစ္စဆိုတဲ့ဟာမျိုးတွေ ထည့်တွက် စဉ်းစားပြီးတော့ လုပ်ဆောင်ပေးတဲ့ အရာတွေ၊ ယန္တာရားဆောင်ရွက်ပေးတဲ့ ဟာမျိုးတွေက မရှိဘူးပေါ့နော်။ ရှိတဲ့နေရာကျတော့လည်း အရမ်းကို အားနည်းနေတဲ့ဟာမျိုးတွေရှိတယ်။ တချို့နေရာကျတော့ ညှိနှိုင်းဖြေရှင်းပေးတဲ့ ကိစ္စတွေ မျိုးဆိုလို့ရှိရင် ရှိတယ် ပေါ့နော်။ သို့သော်ငြားလည်း ဒီကိစ္စတွေကို မျှမျှတတဖြစ်စေတဲ့ ဆောင်ရွက်မှုမျိုးတွေ မဟုတ်ပြန်ဘူးပေါ့နော်။ အဲ့လိုမျိုးတွေ ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ အဲ့လိုမျိုး အကြမ်းဖက်မှုကို ကာကွယ်ပေးတဲ့ ယန္တာရားတွေ၊ ဆောင်ရွက်ပေးတဲ့ ဟာမျိုးတွေ မရှိတဲ့အတွက်ကြောင့်ပေါ့နော်။ ကျူးလွန်တဲ့သူတွေက ဒီနိုင်ငံရေးအပေါ်မှာ သော်လည်းကောင်းပေါ့နော်။ အခွင့်ကောင်းတွေ ယူပြီးတော့မှ ဥပဒေတွေက မရှိဘူး၊ လုပ်ချင်သလို လုပ်လို့ရ တယ် ဆိုပြီးတော့မှ အရေးယူဆောင်ရွက်ပေးတာမျိုးတွေ မရှိတဲ့အတွက်ပေါ့နော်။ လုပ်ချင်သလိုလုပ် လို့ရတယ် ဆိုပြီးတော့မှ အခွင့်ကောင်းယူပြီး ပိုပြီးကျူးလွန်လာတယ်ဆိုတဲ့ အနေအထားတွေ ကျမတို့ ပိုပြီးတွေ့ရ တာပေါ့ နော်။ ” လို့ ၄င်းက ဆိုပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့နဲ့ တရားမျှတမှုရရှိနိုင်ဖို့အတွက် အရေးပေါ်အစီအမံ အနေနဲ့ တရားရေးယန္တာရားတွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့၊ အကြမ်းဖက်မှုဖြစ်ပွားပါက မျှတသောနည်းလမ်းတွေနဲ့ ဖြေရှင်းပေးနိုင်မယ့် အစီအမံယန္တာရားတွေကို လုပ်ဆောင်ပေးဖို့အပြင် ဥပဒေအကာအကွယ် ရရှိစေဖို့ အရေးကြီး၊ အရေးပေါ် အစီအမံများ ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ကြားကာလ တာဝန်ရှိအစိုးရတွေကို တိုက်တွန်းတောင်းဆိုတယ်လို့ ဆိုပါတယ်။

ကယန်းအမျိုးသမီးအစည်းအရုံးဟာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအတွက် လှုပ်ရှားဆောင်ရွက် နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

spot_img
spot_img