ကန္တာရဝတီတိုင်း(မ်)
၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာ ဌာနကို တိုင်ကြားလာတဲ့ အမှုပေါင်း ၄၀ ကျော်ရှိတဲ့အနက်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနဲ့ဆက်စပ်ပြီး အများဆုံးဖြစ်တယ်လို့ IEC ဒုဌာနမှူး မော်သဲမာက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
“အမှုပေါင်း၄၀ကျော် ရှိတယ်ပေါ့နော။ ပြည်နယ်အတွင်းမှာဖြစ်တဲ့ Gender Base Violence အမှုတွေဖြစ်တယ်။ လာတိုင်ကြားတဲ့အမှုတွေကိုကြည့်မယ်ဆိုလို့ရှိရင် အိမ်တွင်းအကြမ်းဖက်မှုနဲ့ လာတိုင်ကြားတာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက မုဒိန်းမှုဖြစ်တယ်ပေါ့နော။ ကျန်တာကတော့ ကာမလိမ်လည် ရယူတာမျိုးတို့ တခြားသော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေတဲ့ အဲ့ဒီလို အမှုမျိုးတွေက များတယ်ပေါ့နော်။ ဒါကတော့ တစ်နှစ်အတွင်း ကျမတို့ဆီမှာ တိုင်ကြားလာတဲ့ အမှုတွေပေါ့နော်။။”လို့ သူကပြောပါတယ်။
IECရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာ ဌာန ကတော့ ဒီအမှုတွေကို ကရင်နီပြည်ရဲဌာန KSP နဲ့ ပူးပေါင်းပြီး ဖြေရှင်းနေသလို တခြားသော အမျိုးသမီးအရေးလှုပ်ရှားတဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဖြေရှင်းမှုတွေ လုပ်ဆောင်နေတယ်လို့ မော်သဲမာက ဆက်ပြောပါတယ်။
ကရင်နီပြည်ရဲတပ်ဖွဲ့ KSP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုကတော့ အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ အမှုကိစ္စတွေကို သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံးလုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
“ဒီအမျိုးသမီးငယ် အကြမ်းဖက်မှုတွေလဲ ရှိတယ်။ အဲ့လိုမျိုးကျရင် ကျနော်တို့က မြေပြင်မှာ အခြားအမျိုးသမီးတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ပေါ့နော် ပြီးတော့ တခြားနယ်ခံအဖွဲ့တွေနဲ့လဲ ပူပေါင်းတာတွေလဲရှိပါတယ်ပေါ့ KNWO တို့ပေါ့နော်။ ဒီ CSOs NGO အကုန် ဒီအမျိုးသမီးတွေနဲ့ အကုန်လုံးချိတ်ဆက်ပြီးတော့ ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်”လို့ သူက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့ အမှုတွေ များလာတယ်လို့လည်း အမျိုးသမီးအရေးလှုပ်ရှားသူတွေထံကနေ သိရပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်အောင် အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ အမြန်ဆုံးပြန်ဌာန်းနိုင်ဖို့ လိုသလို အစိုးရအနေနဲ့လည်း တရားရေးယန္တရားတွေ တရားဥပဒေစိုးမိုးရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိရောက်စွာ လုပ်နိုင်ဖို့ လိုအပ်နေတယ်လို့ ဆရာမ မော်သဲမာက ဆက်ပြောပါတယ်။
“ဒါတွေကို ကာကွယ်ဖို့အတွက်က အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးနိုင်ဖို့လိုတယ်။ နောက်တစ်ခုက အစိုးရအနေနဲ့ တရားရေးယန္တရားတွေကို ကောင်းကောင်းလေးလည်ပတ်နိုင်ပြီး တရားဥပဒေစိုးမိုးရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ လုပ်ပေးနိုင်ဖို့လိုအပ်တယ်ပေါ့နော်။”လို့ သူက ပြောပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ကရင်နီပြည်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၁၀၁) မှု ရှိပြီး စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၆၅) မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၂၁) မှုနဲ့ မုဒိမ်းမှု (၁၄) မှု ရှိတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)ထံကနေ သိရှိရပါတယ်။ ဒီစာရင်းက KNWO ကလက်လှမ်းမီ လက်ခံရရှိထားတဲ့ စာရင်းတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။