spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

“တတိယနိုင်ငံမှ….. ကရင်နီဆီသို့ ……”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖန်လန်နိုင်ငံကို ရောက်ရှိနေတာ ၁၈ နှစ်ကြာပြီးဖြစ်ပေမယ့် နေထိုင်စားသောက်စရိတ်အတွက် ရုန်းကန်နေဆဲဖြစ်တဲ့ ခူးစေးရယ်ဒူ တစ်ယောက် လကုန်တာနဲ့ လင်မယားနှစ်ယောက် ရတဲ့၀င်ငွေနဲ့ ကုန်ကျစရိတ်ကို တွက်ချက်စီမံနေပါတယ်။

နေစရိတ်စားစရိတ်အတွက်ချန်ထားပြီးနောက် လစဥ်အလှူငွေအတွက် သီးသန့်ပမာဏတစ်ခုကို ဖယ်ထားလိုက်တော့တယ်။

သည်လိုမျိုးကို လတိုင်းလုပ်ဆောင်လာတာ လေးနှစ်ထဲဝင်လာပါပြီ။ အထူးသဖြင့် စစ်အာဏာသိမ်းပြီး နောက် စစ်ဒဏ်ခံနေရတဲ့ သူနေထိုင်ခဲ့ဖူးတဲ့ အ၀ေးက ကရင်နီပြည်သူတွေအတွက် လိုအပ်ချက်တွေ အနည်းငယ်ထောက်ပံ့နိုင်တာမျိုးပဲဖြစ်ဖြစ် သူတတ်နိုင်သလောက်လေး မျှ၀ေပေးဖို့အတွက်ပါ။

“ကျနော်တို့ ကရင်နီတိုင်းရင်းသားနယ်မြေတွေမှာ လူသားချင်းစာနာထောက်ထားမှုက ပြည်တွင်းစစ် ပဋိပက္ခဖြစ်တော့ အာဏာထပ်သိမ်းတော့ ပြည်သူတွေက လိုအပ်ချက်တွေအများကြီးရှိလာပြီ။ အဲ့ကြောင့် မလို့ နိုင်ငံတကာမှာရောက်ရှိနေတဲ့ တိုင်းရင်းသား community သော်လည်းကောင်း၊ မြေပြန့်က ထွက်လာတဲ့ ထွက်လာတဲ့ community သော်လည်းကောင်း၊ ကျနော်တို့ကရင်နီ အသိုင်းအဝိုင်း သော်လည်းကောင်း ကျနော်တို့ရနိုင်တဲ့နည်းလမ်းတွေ လိုအပ်ချက်လေးတွေ ဘယ်လိုကူညီကြမလဲဆိုတဲ့ဟာတော့ ကျနော်တို့ တောက်လျှောက်နိုင်စွမ်းသလောက်လုပ်လာတာ” လို့ ခူးစေးရယ်ဒူက ပြောပါတယ်။

ခူးစေးရယ်ဒူဟာ မိသားစုနဲ့အတူ ဖင်လန်နိုင်ငံကို အခြေချရောက်ရှိလာတာ ၁၈ နှစ်ရှိနေပါပြီ။ သူဟာ ထိုင်း – ကရင်နီနယ်စပ် အမှတ် ၁ ဒုက္ခသည်စခန်းကနေ UNHCR အစီအစဉ်နဲ့ ဖင်လန်နိုင်ငံကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အမျိုးသမီး၊ သားသမီး အပါအဝင် မိသားစု ၅ ဦးနဲ့အတူတူ နေထိုင်ကြတာ ဖြစ်ပြီး သားနဲ့ သမီး ၃ ယောက်စလုံး ကျောင်းနေအရွယ် တွေဖြစ်ကြပါတယ်။

သူဟာ သူနာပြုအလုပ်နဲ့ အသက်မွေး ဝမ်းကြောင်းပြုပြီး အမျိုးသားရေးအတွက် Karenni Society Finland လူမှုအသင်းအဖွဲ့ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။

အမေရိကန်နိုင်ငံ ၊ Buffalo, New York မြို့မှာ ရံပုံငွေရှာဖွေရေးအတွက် အစားအသောက်ရောင်းချနေတာကို တွေ့ရစဉ်။

လက်ရှိ ဖင်လန်နိုင်ငံကို ရောက်ရှိနေကြတဲ့ ကရင်နီတိုင်းရင်းသား ၁၃၀၀ ကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းဟာ ဖင်လန်နိုင်ငံသား ခံယူထားကြတယ်လို့ဆိုပါတယ်။

နေထိုင်မှုစရိတ်ကြီးမြှင့်တဲ့ နိုင်ငံဖြစ်တာကြောင့် မိသားစုဝင် ၅ ဦးရှိတဲ့ ခူးစေးရယ်ဒူတို့ မိသားစုဟာ လင်မယားနှစ်ယောက်စလုံး အလုပ်ထွက် လုပ်ရတယ်လို့ ဆိုပါတယ်။

“လင်မယားနှစ်ယောက်အလုပ်လုပ်ရင် တစ်လကုန်ကျတဲ့ကုန်ကျစရိတ်က မကာနိုင်ဘူး။ တခါတလေ ကျရင် အလုပ်ပို၊ အချိန်ပိုင်း ရနိုင်တဲ့အလုပ်တွေ ကြံဖန်လုပ်ရတာပေါ့။ အဲ့ကြောင့်ကျနော်ပြောသလို ဒီနိုင်ငံက နေစ ရိတ်စားစရိတ်အရမ်းမြင့်တာပေါ့နော။ ပြောရရင် နေစရိတ်စားစရိတ်ကအရမ်းမြင့်တော့ ၇၀ ရာခိုင်နှုန်း လောက်ပေးရ တယ်။ အဲ့ကြောင့်လင်မယားနှစ်ယောက် အလုပ်ခလစာတွေ အကုန်ပေးရတော့ တခါတလေ တစ်ပြားတစ်ချပ်မှ မကျန်တဲ့အခါတွေလည်းရှိတယ်” လို့ ခူးစေးရယ်ဒူက ပြောပါတယ်။

ဒီလိုခက်ခဲတဲ့အခြေအနေကြုံရေပမယ့်လည်း ခူးစေးရယ်ဒူတို့ မိသားစုဟာ ကရင်နီစစ်ရှောင်တွေ အတွက် လစဉ်အလှူငွေထည့်ဖို့ သီးသန့် ဖယ်ထားနေဆဲဖြစ်ပါတယ်။

“ကျနော့်မိသားစုဆိုရင် အမျိုးသားရေးအတွက်အလှူငွေတွေ ထည့်ပေးနိုင်အောင် ပံ့ပိုးထောက်ပံ့ နိုင်အောင် ဆိုလို့ရှိရင် ကျနော်တို့ မိသားစု (သို့မဟုတ်) လင်မယားနှစ်ယောက်လုပ်အားခ ရာခိုင်နှုန်း ဘယ်လောက် ထည့်ရမလဲလို့ သတ်မှတ်ကြတောပေါ့နော။ ဥပမာ ၅ ရာခိုင်နှုန်းလား ၁၀ ရာခိုင်နှုန်းလား အဲ့လိုမျိုး စုထား ပေးတယ်” လို့ သူက ပြောပါတယ်။

တတိယနိုင်ငံကို ရောက်ရှိကြတဲ့ ကရင်နီတိုင်းရင်းသားတွေဟာ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ဖို့ မည်သူတစုံတဦးမှ ဖိအားလာပေးတာမျိုးမရှိဘဲ မိမိဆန္ဒ အတိုင်း လုပ်ဆောင်ကြတာဖြစ်တယ် ဆိုကြတယ်။

ဒါတွေအပြင် အလှူငွေကောက်ခံတာနဲ့ ပတ်သက်ပြီး တအိမ်ထောင်ကို ဘယ်လောက်ပမာဏ မဖြစ်အနေ ထည့်ဝင်ရမယ် ဆိုတဲ့ ကန့်သတ်ချက်မျိုးလည်း မရှိပြန်ပါဘူး။

ကရင်နီ ဒုက္ခသည်စခန်းကနေပြီး ဖင်လန်၊ ဩစတေးလျ၊ အမေရိကန်၊ ကနေဒါ စတဲ့နိုင်ငံတွေကို ရောက်ရှိကြတဲ့ ကရင်နီတိုင်းရင်းသားလူဦးရေမှာ စုစုပေါင်း ၃၀၀၀၀ နဲ့ အထက်မှာ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါနိုင်ငံတွေကို ရောက်ရှိကြတဲ့ ကရင်နီတိုင်းရင်းသားတွေဟာ မိသားစုလိုက်သော်လည်းကောင်း၊ တဦးချင်းစီ သော်လည်းကောင်း၊ အသင်းအဖွဲ့အဖြစ်သော်လည်းကောင်း မိမိတတ်နိုင်တဲ့ဖက်ကနေပြီး အလှူငွေတွေကို ထည့်ဝင်လှူဒါန်းကြတာရှိသလို သူတို့နေထိုင်တဲ့ မြို့အသီးသီးမှာ အားကစားပွဲတော်၊ ရိုးရာပွဲတော်၊ ဈေးရောင်းပွဲတော်တွေကို ပြုလုပ်လေ့ရှိကာ ရံပုံငွေကို ရှာဖွေကြပါတယ်။

သည်လိုပွဲတော်တွေကျင်းပပြီး ရံပုံငွေရှာတဲ့ပွဲတွေမှာ ကရင်နီတိုင်းရင်းသား တခုတည်းမဟုတ်ဘဲ တခြားသော မြန်မာပြည်ဖွား တိုင်းရင်းသားတွေလည်း အပြန်အလှန် အားပေးကူညီကြတယ်လို့ အမေရိကန်နိုင်ငံ Buffalo, New York မြို့မှာနေတဲ့ ကရင်နီအမျိုးသား လူငယ် ခူးစူးရယ်က ပြောပါတယ်။

CTER- Karenni အဖွဲ့မှ ကရင်နီစစ်ရှောင်စခန်းတခုမှာ အရေးပေါ်ဆန်ပေးဝေနေစဉ်။ (ဓါတ်ပုံ – CTER- Karenni)

“ကျနော့်တစ်ယောက်ခံယူချက်ကတော့ ကျနော်တို့လူမျိုးအချင်းချင်း ဒုက္ခရောက်ရင် အချင်းချင်း ကူညီရမှာ ကျနော်တို့တာဝန်ဖြစ်တယ်၊ လျစ်လျူမရှုဘူး၊ ကျနော်အဲ့လိုဘဲအမြဲတွေးတယ်ပေါ့နော။ ကျနော်တို့ တဦး တစ်ယောက်တည်းနဲ့ဆိုအလုပ်မဖြစ်ပါဘူး၊ ကျနော်တို့အတူတကွ လုပ်ဆောင်မှု ကြောင့်ပဲ အခုလို ကူညီ နိုင်တာပေါ့နော “ လို့ ကရင်နီအဖွဲ့အစည်းမှာ အတွင်းရေးမှူး ၁ အနေနဲ့ တာ၀န်ထမ်းဆောင်နေတဲ့ ခူးစူးရယ်က ပြောပြတယ်။

တတိယနိုင်ငံကိုရောက်ရှိကြတဲ့ ကရင်နီတိုင်းရင်းသားအချို့ဟာ ယခင်ပြည်တွင်းစစ်ဒဏ်ကြောင့် ကရင်နီဒုက္ခသည်စခန်းကနေတဆင့် ရောက်ရှိလာခဲ့ကြတဲ့သူတွေလည်းပါ၀င်ပါတယ်။

အခုလို စစ်ကောင်စီအာဏာသိမ်းပြီး ကရင်နီလူထုတွေ စစ်ရှောင်ဘဝနဲ့ ပင်ပန်းဆင်းရဲ့စွာ ဖြတ်သန်းရ တဲ့ အပေါ် ကိုယ့်လူမျိုးတွေကို ဒုက္ခတွင်းနက်ထဲ ကျရောက်နေတာကို မကြည့်ရက်နိုင်ဘူးလို့ ခူးစူးရယ်ကပြောတယ်။

“ကျနော့်တစ်ယောက်အနေနဲ့ ကျနော်က ကယား(ကရင်နီ)လူမျိုးတစ်ယောက်ဖြစ်တယ် ၊ ကျနော်တို့ ပြန်ကူ ညီမယ်။ ကျနော်တို့အဆင်ပြေပြီ ဂရုစိုက်စရာမလိုတော့ဘူးလို့တော့ စိတ်ထဲမှာ မရှိဖူးဘူး။ ကျနော်တို့လွတ်မြောက်ပြီး ကျန်ခဲ့တဲ့ ဆွေမျိုး မိသားစုတွေ ၊ မိတ်ဆွေတွေ၊ မွေးရပ်မြေတွေကို မေ့နေမယ်ဆိုရင် တရားမမျှတဘူး လို့ ပြောရမှာပေါ့။ ကျနော်တို့လည်း အခက်အခဲတွေ၊ ကြမ်းတမ်းမှုတွေ ခံစားကျော်ဖြတ်လာခဲ့ ပြီးပြီ။ လွတ်မြောက်သွားခါမှ ကျန်တဲ့သူတွေကို မေ့သွားမယ်ဆိုရင်တော့ လူသားတယောက် ပြုမူသင့်တဲ့ အရာမဟုတ်ဘူး လေးနော်” လို့ ခူးစူးရယ်ကပြောပါတယ်။

အမေရိကန်နိုင်ငံ၊ Kansas မြို့မှာ နေထိုင်တဲ့ ၂၄ နှစ်အရွယ် မော်မိုး ကလည်း ခူးစူးရယ်လိုပဲ သူမ တတ်နိုင်တဲ့ ဖက်ကနေ ကရင်နီစစ်ရှောင်တွေအတွက် ရံပုံငွေ ရှာဖွေတဲ့နေရာမှာ အားတတ်သရော ပါဝင်သူပါ။

သူမကတော့ လက်ရှိကျောင်းတဖက်၊ အချိန်ပိုင်းအလုပ်တဖက်နဲ့ ရတဲ့အချိန်ကို ဖဲ့ပြီး ၂၀၂၁ ခုနှစ်က စကာ သူငယ်ချင်းတွေနဲ့အတူ သူမတို့မြို့မှာရှိတဲ့ ကရင်နီ အိမ်ထောင်စုတွေမှာ တအိမ်တက် တအိမ်ဆင်းပြီး အလှူငွေကို လိုက်လံကောက်ယူပေးနေပါတယ်။

ကရင်နီတပြည်နယ်လုံး စစ်ရှောင်ရပြီး အခုလို ဒုက္ခရောက်တာ တွေ့မြင်ရတော့ သူမအနေနဲ့ ဝမ်းနည်း မျက်ရည်ကျရတာ အခါခါပဲလို့ ဆိုပါတယ်။

CTER- Karenni အဖွဲ့မှ ကရင်နီစစ်ရှောင်စခန်းတခုမှာ အရေးပေါ်ဆန်ပေးဝေနေစဉ်။ (ဓါတ်ပုံ – CTER- Karenni)

“ကျွန်မတို့ကရင်နီပြည်မှာဆို အခက်အခဲတွေ အများကြီးရှိတယ်။ အဲလို မြင်တွေ့နေရတာ စိတ်ထဲ မကောင်းဘူး။ ကျောင်းမတက်ရတဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေဆို အာဟာရပြည့်ဝအောင် မစားရတာတွေတို့ နေမကောင်းတာတို့ သွားလာဖို့ခက်ခဲတာတို့ မြင်တွေ့ရတဲ့အခါ စိတ်ပင်ပန်းတယ် ပေါ့နော” လို့ မော်မိုးက ပြောပါတယ်။

တတိယနိုင်ငံကို ရောက်ရှိကြတဲ့ ကရင်နီလူထုတွေဟာ တနိုင်ငံနဲ့ တနိုင်ငံ အချိတ်အဆက်တွေရှိကြပြီး အမျိုးသားရေးအတွက် ရရှိလာတဲ့ ရံပုံငွေတွေကို ကရင်နီ အရေးပေါ်ကယ်ဆယ်ရေး CTER-Karenni ကို လွှဲပေးတယ်လို့ဆိုပါတယ်။

ကရင်နီ အရေးပေါ်ကယ်ဆယ်ရေး CTER-Karenni ကို အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်က ဒုက္ခရောက်နေကြရတဲ့ လူထုတွေကို အရေးပေါ်ကယ်ဆယ်ရေး လုပ်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး စစ်ရှောင်တွေအရေးပေါ် လိုအပ်တဲ့ စားနှိပ်ရိက္ခာ၊ နေထိုင်စရာ အမိုးအကာစတာတွေကို ချက်ခြင်း ကူညီပေးတဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။

CTER-Karenni အဖွဲ့ရဲ့ စစ်ရှောင်တွေကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ကနေ ၂၀၂၂ ခုနှစ်အထိ လုပ်ငန်းလည်ပတ်မှု ငွေ ၈၀ ရာခိုင်နှုန်းဟာ တတိယနိုင်ငံမှ ကရင်နီလူထုတွေ ဆီကနေ ရရှိလာတဲ့ငွေတွေဖြစ်တယ်လို့ CTER-Karenni ရဲ့ Finance Manager မော်သဲမာက ပြောပါတယ်။

“ပထနှစ်တွေက ဥပမာ ၂၀၂၁-၂၂ ဆိုရင် အများအားဖြင့် တော်တော်များများက ပြည်ပရောက်နေတဲ့ ကျမတို့ လူထုဆီကရတာပေါ့နော။ သူတို့ကတော်တော်လေးစိတ်အားထက်သန်ကြတာပေါ့နော။ လူထု တွေကိုကူညီဖို့ ကြိုးစားကြတယ်။ Fundraising(ရံပုံငွေရှာဖွေတာ) တွေအများကြီးလုပ်ကြတယ်” လို့ မော်သဲမာက ပြောပါတယ်။

အများအားဖြင့် အမေရိကန် ၊ ဖင်လန်၊ ဩစတြေးယားနိုင်ငံတို့အပြင် မလေးရှား၊ ဂျပန်တို့မှာရှိတဲ့ ကရင်နီလူထုဆီကနေ အကူအညီတွေ အများကြီးလာတယ်လို့ဆိုတယ်။

အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း အရေးပေါ်ကူညီကယ်ဆယ်ရေးကနေ ကရင်နီပြည်က စစ်ရှောင် ပြည်သူ ၁ သိန်းခွဲအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လုပ်နိုင်ခဲ့တယ်လို့ CTER-Karenni ရဲ့ စာရင်း အရ သိရပါတယ်။

လက်ရှိဒုက္ခရောက်နေတဲ့ ကရင်နီစစ်ရှောင်တွေကို ကိုယ်တက်နိုင်တဲ့ ဖက်ကနေ စစ်ရှောင်တဦး တယောက် အတွက် ထမင်းတနပ်ဝလင်အောင် စားရတာပဲဖြစ်ဖြစ်၊ အမိုးအောက်မှာ တညလောက် တည်းခိုးလိုက်ရတာဖြစ်ဖြစ် ပြန်လည်ကြားသိရတဲ့အခါ အတိုင်းမသိ ဝမ်းသာမိတယ်ဆိုပေမယ့် တဖက်မှာလည်း အများကြီးမဖြည့်ဆည်းနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ခူးစေးရယ်ဒူက ပြောပါတယ်။

ဖင်လန်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၃ ခုနှစ် ကရင်နီအမျိုးသားနေ့မှာ ‌ကရင်နီလူထုတချို့ကို တွေ့မြင်ရစဉ်။

“ကျနော်တို့ရတဲ့ပမာဏ နည်းတာဖြစ်စေ များတာဖြစ်စေ ကျနော်တို့ ကူညီတော့ စိတ်စိတ်ထဲမှာ ပီတိဖြစ်ရလားဆိုရင် ပီတိဖြစ်တယ်။ ဒါမယ့် စိတ်ထဲမှာလိုချင်တဲ့ ရစေချင်တဲ့ အတိုင်းအတာတော့ မရလာဘူး။ ဘာလို့လဲဆို ကျနော်တို့ပြည်နယ်မှာ အခက်အခဲတွေ လိုအပ်ချက်တွေ မရေမတွက် နိုင်အောင် အများကြီးရှိတဲ့အတွက် ကျနော်တို့လုပ်နေတဲ့ အားမလိုအားမရတဲ့ အပိုင်း၊ အခန်း ကဏ္ဍတွေ လည်းရှိကြတာပေါ့နော။ ဒါပေမယ့် ကျနော်တို့ နိုင်စွမ်းသလောက်တော့ စုစည်းပြီးတော့ အကောင်းဆုံးသွားနေကြတာပေါ့နော” လို့ သူကပြောတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးသုံးနှစ်အထိ စစ်ဘေးရှောင် နှစ်သိန်းရှစ်သောင်းကျော် ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) ရဲ့ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts