spot_imgspot_imgspot_imgspot_img
Saturday, April 19, 2025
spot_imgspot_imgspot_imgspot_img

တပ်ရင်း ၈၀၁၊ ရဲဘော် ၆၀ ကျော် နုတ်ထွက်စာတင်ထားတဲ့အပေါ် တာဝန်ရှိသူတွေဘက်က တစုံတရာ တုန့်ပြန်မှု မရှိသေး

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

နေပြည်တော် PDF တပ်ရင်း ၈၀၁ ရဲ့ တပ်ရင်းရဲဘော် ၆၄ ဦးက လက်မှတ်ရေးထိုးပြီး နုတ်ထွက်ခွင့်တောင်းဆိုထားတဲ့အပေါ် သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နဲ့ စစ်ဦးစီးအဖွဲ့တွေဆီကနေ တစုံတရာ တုန့်ပြန်မှု မရှိသေးဘူးလို့ နုတ်ထွက်စာတင်ထားတဲ့ တပ်ရင်း ၈၀၁ ရဲ့ တပ်ခွဲမှူး က ပြောပါတယ်။

“ဒါကျနော်တို့ အနေအထား၊ ကျနော်တို့ဆန္ဒကို ကျနော်တို့ ထုတ်ဖော်တာပေါ့နော်။ တစ်ဖက်ကတော့ တုန့်ပြန်မှု မပေးသေးပါဘူး။” လို့ တပ်ရင်း ၈၀၁ ရဲ့ တပ်ခွဲမှူး က ဧပြီလ ၁၇ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

နုတ်ထွက်စာကို တပ်ဖွဲ့ဝင် ၆၄ ဦးက လက်မှတ်ရေးထိုးပြီး ဧပြီလ ၁၀ ရက်နေ့က တင်ပြထားကြောင်းလည်း အဆိုပါ တပ်ခွဲမှူးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပါတ်သက်ပြီး တရားမျှတမှု ရရှိရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို ဧပြီလ ၅ရက်နေ့က စာပေးပို့ တောင်းဆိုထားပေမယ့် တစုံတရာ တုန့်ပြန်မှုမရသေးဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က နေပြည်တော် PDF ရဲ့ စစ်ထောက်ချုပ် ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်မှာ စစ်ထောက်ချုပ်အပါအဝင် အစ်ကိုဖြစ်သူ စစ်ဦးစီးချုပ်တို့က စစ်ဦးစီးချုပ်ရဲ့လုံခြုံရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးနဲ့ ထိုးကြိတ်ရန်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ထိုးကြိတ်မှုမှာ ပါဝင်တဲ့ လုံခြုံရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးရဲ့တောင်းဆိုမှုကြောင့် တပ်ရင်း ၈၀၁ တပ်ရင်းမှူးက ကူညီဖြေရှင်းရန် သွားရောက်ချိန်မှာ စစ်ဦးစီးချုပ်က ပြန်လည်ဆဲဆိုရန်ဖြစ်ခဲ့ကြောင်း နုတ်ထွက်စာတင်ထားတဲ့ တပ်ခွဲမှူး က ပြောပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဧပြီလ ၃ ရက်နေ့မှာ စစ်ဦးစီးအဖွဲ့ နဲ့ ရဲဘော် အင်အား ၁၅၀ က စစ်ဦးစီးအရာရှိရဲ့ ညွန်ကြားချက်ဖြင့် နေပြည်တော် PDF တပ်ရင်း ၈၀၁ ရဲ့ တပ်ရင်းမှူး နဲ့ တပ်ရေးဗိုလ်ကြီးတို့ကို အင်အားသုံးဖမ်းဆီးခဲ့တယ်လို့လည်း နုတ်ထွက်သွားတဲ့ ရဲဘော်တွေက ပြောပါတယ်။

“အဲဒီနေ့ဖြစ်စဉ်မှာကတော့ သူတို့က အင်အားအလုံးအရင်းနဲ့လာတယ်၊ စခန်းမှာ တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီးနဲ့ ရဲဘော်အချို့ပဲ ကျန်နေတယ်။ အဲ့ချိန်မှာသူတို့က အကုန်လုံးပတ်ချာလည် ဝိုင်းထားပြီးတာ့ အဲလိုမျိုးဝင်ပြီးတော့ ခေါ်တာပေါ့ ခေါ်ပြီးတော့ ရှိသမျှလက်နက်အကုန်လုံးသိမ်းသွားတယ်။” လို့ တပ်ရင်း ၈၀၁ ရဲ့ စခန်းမှူး က ပြောပါတယ်။

လက်ရှိ ဧပြီလ ၁၈ ရက်နေ့အထိ တပ်ရင်း ၈၀၁ ရဲ့ တပ်ရင်းမှူး နဲ့ တပ်ရင်းဗိုလ်ကြီးကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပါတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်)က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်မေးမြန်းထားပေမယ့် ဧပြီလ ၁၈ ရက်နေ့အထိ တစုံတရာ အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

spot_img
spot_img
spot_img

Recent posts