ကန္တာရဝတီတိုင်း(မ်)
တပ်သိမ်းထားသည့် မြေယာအတွင်း စိုက်ပျိုးထားသည့်သီးနှံများ အမြန်ဆုံးရိတ်သိမ်းပေးရန် စစ်တပ်က အမိန့်ပေးထားသဖြင့် ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာရှိတောင်သူများတချို့ အမြန်ဆုံးရိတ်သိမ်းနေရသည့်အတွက် အခက်အခဲရှိနေသည်ဟု အမည်မဖော်လိုသူ တောင်သူတစ်ဦးက ပြောပါသည်။
“လူအင်အားတွေလိုတယ်။ စက်တွေအမြန်ငှားရတယ်။ သီးနှံတွေတောင်ယာထဲကနေ အပြီးသယ်ရမယ်ဆိုတော့ သယ်ဖို့ပြုဖို့ စက်တွေ ငှားရတယ်။ တချို့ကလည်း အမြန်ငှားရန်းဖို့ မရဘူးဖြစ်နေတယ်။” ဟု တောင်သူတစ်ဦးက ပြောပါသည်။
ဒေါဆိုရှေ့ရွာရှိ အိမ်ထောင်စုများအားလုံးနီးပါရှိ အိမ်ထောင်စုများကို စစ်တပ်က တရားစွဲထားသဖြင့် ကျေးရွာအတွင်းရှိ အမျိုးသားများက ထောင်ထဲရောက်နေချိန်တွင် ယခုလို အမြန်ဆုံးရိတ်သိမ်းခိုင်းသည့်အတွက်လည်း လူအင်အား အခက်အခဲ ရှိနေသည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမ္မဂ ဥက္ကဌ ကိုတူရယ်က ပြောပါသည်။
“အိမ်ထောင်ဦးစီး ပြောလို့ရတဲ့ အဖေတွေ သားတွေ၊ သမက်တွေက အားလုံးက ထောင်ထဲမှာ ရောက်ကုန်တော့ စပါးတွေ ရိတ်သိမ်းဖို့၊ စုဆာင်းဖို့ ဦးဆောင်နိုင်တဲ့ သူတွေက မရှိသလောက်ဖြစ်နေတယ်။ ကျန်ခဲ့သူတွေက အများအားဖြင့် မုဆိုးမတွေ ဖြစ်သွားတယ်ပေါ” ဟု ကိုတူရယ်က ပြောပါသည်။
ဒီမောဆိုမြို့နယ်အတွင်းရှိ ဒေါဆိုရှေ့ကျေးရွာမှ တောင်သူများကို စိုက်ပျိုးထားသည့် သီးနှံများကို နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်အတွင်း (၂)ရက်အတွင်း အပြီးရိတ်သိမ်းဖို့ စစ်တပ်မှ ခြိမ်းခြောက်ထားသည်ဟုလည်း ဆိုပါသည်။
“ခုတောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံအားလုံးကိုလည်း ရိတ်သိမ်းစုဆောင်းဖို့ အခြေအနေလည်း ရောက်နေပြီ ဖြစ်တယ်။ ဆိုတော့ ခုချိန်မှာလည်း စစ်တပ်ဘက်ကလည်း သီးနှံစပါးတွေကို ဒီတစ်ရက် ပြီးအောင် ရိတ်သိမ်းပေးပါ မနက်ဖြန်ဆို ရိတ်သိမ်းလို့ မရတော့ဘူးဆိုတဲ့ ပုံစံနဲ့ ပြီးတော့ နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်နေရတာတွေကို ကြားနေရတယ်။” ဟု ကိုတူရယ်က ပြောသည်။
ဒေါဆိုရှေ့တောင်သူလက်ရှိတပ်သိမ်းမြေယာပေါ်တွင် အများစု ပြောင်းနှင့် တောင်ယာစပါးများစိုက်ပျိုးထားကြပြီး ဧက ၃၀၀ ကျော်စိုက်ပျိုးထားသည်ဟုသိရသည်။
လက်ရှိ ကယားပြည်နယ်အတွင်းတွင် စစ်တပ်မှ တရားစွဲဆိုခံထားရသည့် တောင်သူ ၂၂ ဦး ရှိပြီးထောင်ချုပ်ကျနေသူ ၁၂ ဦးရှိသည်။