ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်နဲ့ ရှမ်းနယ်စပ်ဖြစ်တဲ့ မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ ဂရုစိုက် သွားလာကြဖို့ မိုးဗြဲ PDF က ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
“မိုးဗြဲတိုက်ပွဲ အခြေအနေကတော့ ၄၂၂ တပ်ထဲက ကာကင်းယူထားတဲ့ ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာပေါ့။ တိုက်ပွဲအခြေအနေကတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိတာပေါ့။ ”လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
မိုးဗြဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ၄ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဖက်က လေကြောင်း အသုံးပြုတိုက်ခိုက်မှုရှိခဲ့တာပါ။
တိုက်ပွဲပြင်းထန်မှု စတင်ဖြစ်ပွားတဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး နေ့စဉ်ရက်ဆက် မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီရဲ့ လွိုင်ကော်အခြေစိုက်တပ်ရင်း ၊ မိုးဗြဲ ၊ ဖယ်ခုံ အခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူပေးနေတာရှိတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရှိရပါတယ်။
နေ့စဥ်တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးဗြဲမြို့ပေါ်ရပ်ကွက်မှာ ရှမ်းတောင်က ဒေသခံတော်လှန်ရေးတပ်ပေါင်းစုတွေအပြင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ SSLRU ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ကိုဆစ်ဝေက ပြောပါတယ်။
“အခုမိုးဗြဲ တိုက်ပွဲမှာပါတဲ့ တော်လှန်ရေးဖက်တွေကတော့ ကျနော်တို့ဖက်ကတော့ ကျနော်တို့ SSLRU နဲ့ SSRY ပါမယ်။ နောက်ပြီးအခြားသော ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေလည်း ပါတာပေါ့နော်။”လို့ ကိုဆစ်ဝေ က ဆိုပါတယ်။
မိုးဗြဲ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်ထားခြင်းမရှိသလို ကန္တာရဝတီတိုင်း(မ်) ကနေ ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
ဒါ့အပြင် မိဘပြည်သူတွေအနေနဲ့ လုံခြုံရေးအတွက် ဗုံးခိုကျင်းတွေ ပြင်ဆင်ဖို့ လိုအပ်ကြောင်းကိုလည်း မိုးဗြဲ PDF က ထပ်မံနှိုးဆော်ထားပါတယ်။