spot_imgspot_imgspot_imgspot_img
Saturday, September 14, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆိုမြို့နယ်ထဲက နေအိမ် ၂၀ ဝန်းကျင်ကို စစ်ကောင်စီ အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ လွိုင်ကော် – ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး ဘေးတစ်လျှောက်က စံပြ (၆) မိုင် နဲ့ ( ၅ ) မိုင် ကျေးရွာအကြားရှိ နေအိမ်တွေကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ ၂၇ ရက်နေ့ မနက်ပိုင်းမှာ အနည်းဆုံး ၁၀လုံးကနေ ၁၅လုံးဝန်းကျင်ထိကတော့ မီးလောင်တယ်ပေါ့နော။ မီးလောင်ပြီးမှ တက်လာတဲ့ မီးခိုးပုံစံကိုကြည့်လို့ရတယ်ပေါ့နော ။ အရင်တုန်းကလည်း သူတို့ (စစ်ကောင်စီ) ရှို့ခဲ့တဲ့ဟာကို ခန့်မှန်းလို့ရတဲ့ အနေအထားပေါ့။ ပေါင်းလိုက်ရင်တော့ ဒီတစ်ပတ်အတွင်းမှာ မနေ့ကအပါအဝင် အိမ်ခြေ ၂၀ ဝန်းကျင်ကိုတော့ စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတယ်ပေါ့နော။”လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

ဩဂုတ်လ တတိယပတ်ကစပြီး စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကနေ ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးဘေးက ဒေါပိုးစီ ၊ ၄ မိုင် ၊ စံပြ ၆ မိုင် ၊ ၅ မိုင် ဖက်ကို စစ်ကြောင်းထိုးလာပြီး ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ကို စားနပ်ရိက္ခာ ၊ လက်နက်ခဲယမ်း ပို့ဆောင်ဖို့ ဖြစ်နိုင်တယ်လို့ ဦးဗညားက သုံးသပ်ပါတယ်။ စစ်ကြောင်းသွားရင်းတစ်လျှောက်မှာလည်း နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ယခုရက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်မှုအပြင် အကြောင်းမဲ့ နေအိမ် မီးရှို့ဖျက်ဆီးမှုကြောင့် ဩဂုတ်လအတွင်း နေအိမ် ၃၀ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ စစ်ကောင်စီက မီးရှို့တာကတော့ ပြည်သူလူထုတွေက တော်လှန်ရေးအဖွဲ့တွေကိုထောက်ခံတယ်။ အားပေး ပါဝင်တဲ့အတွက် ပြည်သူလူထုကိုလည်း ရန်သူအဖြစ် သတ်မှတ်ပြီးတော့မှ မီးရှို့နေတဲ့ဟာမျိုး လုပ်နေတယ်လို့ပဲ ပြောချင်ပါတယ်။”လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇူလိုင်လကစပြီး ဩဂုတ်လအထိ တော်လှန်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လွိုင်ကော် – ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး နဲ့ ဆက်စပ်တဲ့ နေရာတစ်လျှောက်ကို အသုံးပြု မသွားလာကြဖို့ KNDF က လူထုတွေကို အသိပေးထားတာရှိပါတယ်။

လွိုင်ကော်မြို့ပေါ် ရပ်ကွက်က မိုင်းလုံး ၊ ရွာတန်းရှည် ၊ နမ့်ဘော်ဝမ်၊ ထူဒူငံသ ၊ စိုက်ကွင်း ( ၃ ) ၊ ဒေါဆန်းဘွန်း ၊ ပန်ကန်း၊ ဒေါပိုးစီ ၊ ၄မိုင် ၊ စံပြ ၆ မိုင် တစ်လျှောက်မှာ ဝင်ထွက်သွားလာခြင်း ၊ နေအိမ် ပြန်ကြည့်ခြင်း ၊ ပစ္စည်းသယ်ယူခြင်း မပြုလုပ်ကြဖို့လည်း KNDF က တိုက်တွန်းထားပါတယ်။

ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်က ဒေသခံနေအိမ် ၉၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက် ပဋိပက္ခကာလအတွင်း ကရင်နီပြည်မှာ ပျက်စီးသွားတဲ့ နေအိမ်စာရင်း (၂၆၈၂) ရှိတယ်လို့ ဩဂုတ်လ ၁ ရက်နေ့မှာ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts