spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးသွားဖို့ရှိမယ်လို့ IEC ဒုဥက္ကဌပြော

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC ) ရဲ့ ရှေ့လုပ်ငန်းစဉ်တွေထဲမှာလည်း လက်နက်တပ်ဆင်ရေးလုပ်ငန်းပါဝင်ပြီး ကရင်နီပြည်က လက်ရှိတော်လှန်ရေးရဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးသွားဖို့ ရှိတယ်လို့ IEC ရဲ့ ဒုဥက္ကဌ ခွန်ဘီထူးက ပြောပါတယ်။

“ကျနော်တို့ ဒီပြည်နယ်အစိုးရ ရပ်တည်ပြီးနောက်ပိုင်းမှာ ဒီထက်ပို စုစည်းနိုင်လိမ့်မယ် လို့ မျှော်လင့်သလို ဒီထက်ပိုပြီးတော့မှ စနစ်ကျတဲ့ တပ်ဆင်မှုတွေနဲ့ စီမံခန့်ခွဲမှုတွေကတော့ ရှိလာလိမ့်မယ်ပေါ့နော။ အဲဒီတော့ ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်တဲ့ တပ်ဖွဲ့တွေ အားလုံးနီးပါးကို ချိတ်ဆက်ပြီးတော့မှ ကျနော်တို့ သွားမှာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခြင်းမရှိတဲ့ အဖွဲ့တွေကိုတော့ ကျနော်တို့ တပ်ဆင်ပေးနိုင်ဖို့ သေချာပေါက်အခက်အခဲရှိမယ် ဆိုတဲ့အကြောင်းလေး ကနဦးပြောလိုပါတယ်။” လို့ ဇွန်လ ၁၂ ရက်နေ့ IEC ကနေ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ခွန်းဘီထူးက ပြောပါတယ်။

လက်နက်တပ်ဆင်ရေးအတွက်လည်း ရရှိတဲ့ ရံပုံငွေတွေ၊ အခွန်တွေနဲ့ လက်နက်၊ ကျည်ဆံ၊ ရိက္ခာဖြည့်တင်းရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ ပိုမိုပွင့်လင်းအောင်လည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ IEC ထဲမှာလည်း ကရင်နီပြည်ထဲမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေ အားလုံး မပါဝင်နိုင်သေးဘူးလို့ ခွန်းဘီထူးက ဆက်ပြောပါတယ်။

“ဒီပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းဖို့အတွက် ၁၀၀ ရာခိုင်နှုန်း အင်အားစုတွေအားလုံးပါနိုင်ဖို့ ကျနော်တို့ဘက်မှာလည်း ၁၀၀ ရာခိုင်နှုန်း မလုပ်ဆောင်နိုင်သေးပါဘူး။ တချို့သော ကျနော်တို့ဘက်မှာ အများဆုံးသော လူထုတွေ အများဆုံးသော အင်အားစုတွေက ပါဝင်ပြီးတော့မှ လက်ရှိ ဒီပြည်နယ်အစိုးရ ကျရာတာဝန်ပေါ့နော။ ကျရာ တော်လှန်ရေးတာဝန်ကို ခိုင်ခိုင်မာမာလုပ်ဆောင်နိုင်ဖို့အတွက်ကို ကျနော်တို့ ပြင်ဆင်နေကြတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။”လို့ ခွန်းဘီထူးက ပြောပါတယ်။

အသွင်ကူးပြောင်းရေးကာလတွေမှာတော့ ကရင်နီပြည်နယ်အတွင်းက အင်အားစုတွေအားလုံး ပါဝင်ပြီး အသွင်ကူးပြောင်းရေးကို အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်ဖို့ ယုံကြည်တယ်လို့ သူက ဆက်ပြောထားပါတယ်။

IEC ဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ အတိုင်ပင်ခံကောင်စီ KSCC ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ မူဝါဒလမ်းညွန်ချက်များအတိုင်း စတင်ဖွဲ့စည်းကြောင်း ဇွန်လ ၁၂ ရက်နေ့မှာ ကြေညာထားပါတယ်။

spot_img
spot_img
spot_img

Recent posts