ဘိုထီး (ငွေတောင်ပြည်)
ဖက်ဒရယ်စနစ်ရဲ့ အနက် အဓိပါ္ပယ်ကို လိုရင်းတိုရှင်းပြောမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုဟာ အဲ့ဒီနိုင်ငံရဲ့ ပိုင်ရှင်ဖြစ်တယ်ဆိုတာကို ဆိုလိုခြင်းဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး နေထိုင်ကြပေမဲ့ အင်အားကြီးတဲ့ လူမျိုးစုတစ်စုကသာ နိုင်ငံရဲ့ ပိုင်ရှင်ဖြစ်ပြီး ကျန်လူမျိုးစု ၁၃၄ မျိုးက ခုချိန်ထိနိုင်ငံရဲ့ ပိုင်ရှင်မဖြစ်သေးပါဘူး။ အမေရိကန်ပြည်ထောင်စုဆိုတာ အမေရိကန်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးကို အဓိက ဆိုလိုတာဘဲဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ရဲ့ ပိုင်ရှင်မဟုတ်သလို သမ္မတ အိုဘားမားလည်း အမေရိကန်ကို ပိုင်ဆိုင်ခွင့်မရှိပါဘူး။ ထိုနည်းတူ သမ္မတ ကလင်တန်လည်း အမေရိကန်ကို တစ်ကြိမ်မျှ ပိုင်ဆိုင်တာ မရှိခဲ့ဖူးပါဘူး။ အမေရိကန် နိုင်ငံကို အမေရိကန်မှာနေထိုင်တဲ့ လူမျိုးစုအားလုံးကသာ ပိုင်ဆိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး ရှိပါလျှက်နဲ့ ဘာကြောင့် လူနည်းစု ၁၃၄ မျိုးက နိုင်ငံရဲ့ ပိုင်ရှင်မဖြစ်ခဲ့တာလဲ ။ အဓိက အကြောင်းရင်းကတော့ သံယံဇာတပေါများတဲ့ တိုင်းရင်းသားဒေသကို အင်အားကြီး အုပ်စုက မောင်ပိုင်စီးချင်လို့ဘဲဖြစ်ပါတယ်။
၁၉၄၈ ဇန်နဝါရီလ (၄) ရက်နေ့က ရရှိတဲ့ မြန်မာ့လွတ်လပ်ရေးရဲ့ အဓိက ရည်ရွယ်ချက်ဟာ အင်အားကြီး အုပ်စုကသာ မြန်မာနိုင်ငံရဲ့ ပိုင်ရှင်ဖြစ်ဖို့ ရည်ရွယ်တာဘဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အင်္ဂလိပ်အစိုးရလက်ထဲမှာ နိုင်ငံရဲ့ ပိုင်ရှင်ဖြစ်ဖို့ အခွင့်မသာခဲ့တာကြောင့် ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးရပေမဲ့ တိုင်းရင်းသားအခွင့်အရေး မရခဲ့ဘူးဆိုတာ အစကတည်းက တိုင်းရင်းသားခေါင်းဆောင်အချို့ ကြိုသိပြီးသားဖြစ်ပါတယ်။ အချို့ လူတွေက ဗိုလ်ချုပ်အောင်းဆန်းမရှိတော့လို့ တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးသွားတယ်လို့ ပြောကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆက်ရှိနေရင်လဲ တိုင်းရင်းသားအခွင့်အရေး မရနိုင်ပါဘူး။
ဘာကြောင့်လဲဆိုရင် အင်အားကြီး အုပ်စုထဲမှာ တိုင်းရင်းသားအခွင့်အရေးရဖို့ လုပ်ဆောင်တာ ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးထဲ ဖြစ်ခဲ့တာကြောင့်ပါ။ တိုင်းရင်းသားအခွင့်အရေး မရမှာကို စိုးရိမ်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီး အင်အားကြီး အုပ်စုရဲ့ လက်အောက်ပြန်မရလိုကြောင်း ၊ ဗိုလ်ချုပ်အနေနဲ့ အင်အားကြီးအုပ်စုတွေကို တာဝန်ယူနိုင်မလား စသည့် မေးခွန်းတွေရဲ့ ထိုးနက်မှုတွေ ဗိုလ်ချုပ်ခမျာ ခံခဲ့ဖူးပါတယ်။ ရရှိလာမည့် မြန်မာ့လွတ်လပ်ရေးအပေါ် တိုင်းရင်းသားခေါင်းဆောင်များ သံသယ ဝင်နေချိန်မှာဘဲ လေတိုက်ရာ မိုးလိုက်ရွာ ဆိုတဲ့ စကားအတိုင်း ၁၉၄ရ ဇူလိုင် ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်ဟာ အများရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။
မြန်မာ့လွတ်လပ် ရေးရပြီး ဦးနေဝင်း အာဏာမသိမ်းခင်ထိ အချိန်ကာလဟာ ဖက်ဒရယ်နိုင်ငံတည်ထောင်ဖို့ လုပ်ဆောင်နေရတဲ့ အချိန်ကာလဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ချင်းတောင်တန်း ၊ ဗမာပြည်မ ၊ ကချင်တောင်တန်းဒေသ ၊ ရှမ်းပြည်ထောင်စု ၊ သီးခြားလွတ်လပ်သော ကရင်နီနယ်ဆိုပြီး မြန်မာနိုင်ငံကို နယ်မြေ ၅ခုနှင့် သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံတော်အလံက ကြယ်ကြီးတစ်လုံးကို ကြယ်ငယ် ၅ လုံးဝန်းရံတဲ့ အလံဖြစ်ပါတယ်။ ကြယ်ကြီး တစ်လုံးကို ကြယ်ငယ် ၅ လုံးက ဝန်းရံတဲ့ အဓိပ္ပယ်ကတော့ မြန်မာနိုင်ငံ အတွင်းမှာ တန်းတူညီမျှစွာ အတူတကွ နေထိုင်ကြဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။
တန်းတူညီမျှစွာ အတူတကွ နေထိုင်ကြဖို့ဆိုတဲ့ အချက်ကို ဦးနေဝင်းက မလိုလားပါဘူး။ အဲ့ဒီအချက်ကို မကြိုက်လို့ ၁၉၆၂ ခုမှာ အာဏာ သိမ်းခဲ့တာပါ။ တန်းတူညီမျှရေး ဆိုတဲ့အချက်ကို ဦးနေဝင်းက ဘာကြောင့်မကြိုက်လဲဆို တိုင်းရင်းသားတွေကို အခွင့်အရေး မရစေချင်တာကြောင့်ဖြစ်ပါတယ်။ ၁၉၄ရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ တိုင်းရင်းသားတွေကို အခွင့်အရေးရစေချင်တဲ့ ဥပဒေဖြစ်ပေမဲ့ ဦးနေဝင်း အစိုးရလက်ထက် ၁၉၇၄ အခြေခံ ဥပဒေဟာ တိုင်းရင်းသားတွေကို အခွင့်အရေး ရစေချင်တဲ့ ဥပဒေ မဟုတ်ပါဘူး။
နိုင်ငံတော်ရဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ၁၉၄ရ အခြေခံ ဥပဒေ အခန်း (၂) မှာ သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာကိုသော်လည်းကောင်း ဆိုလိုသည်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီဖော်ပြချက်ကို ကြည့်လိုက်ရင် ပြည်နယ်ဒေသအားလုံးကို နိုင်ငံတော် အာဏာခွဲဝေပေးထားတာကို တွေ့ရှိရပါတယ်။ ၁၉၇၄ အခြေခံ ဥပဒေ အခန်း(၁) မှာ နိုင်ငံတော်၏ အချုပ်အာခြာ အာဏာသည် နိုင်ငံတစ်ဝန်းလုံး၌ တည်စေရမည် လို့ ဖော်ပြရှိပါတယ်။ အဲ့ဒီဖော်ပြချက်ကို ကြည့်လိုက်ရင် ပြည်နယ်ဒေသတွေကို အာဏာခွဲဝေတာ မတွေ့ရပါဘူး။
နိုင်ငံတော် အာဏာတစ်ခုလုံးကို လူတစ်စုကသာ ချုပ်ကိုင်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ၁၉၈၈ အရေးတော်ပုံဟာ အင်အားကြီး အုပ်စုတွေ ဦးနေဝင်းဆီက အာဏာ ရယူဖို့ တောင်းဆိုတဲ့ အရေးတော်ပုံဘဲ ဖြစ်ပါတယ်။ တိုင်းရင်းသားအခွင့်အရေးအတွက် တောင်းဆိုတာ ဘာတစ်ခုမှ မတွေ့ရပါဘူး။ အဓိက ရည်ရွယ်ချက်ဟာ တိုင်းရင်းသားဒေသကို ချုပ်ကိုင်ဖို့ဘဲ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေဟာ အင်အားကြီး အုပ်စု အချင်းချင်း အာဏာမလွဲချင်ကြလို့ ရေးဆွဲထားတဲ့ ဥပဒေဘဲဖြစ်ပါတယ်။ တိုင်းရင်းသား အခွင့်အရေးအတွက် ပြဌာန်းတာ ဘာပုဒ်မမှ မတွေ့ပါဘူး။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး အစီအစဉ်ဟာ ဘယ်လက်မှာရှိတဲ့ အာဏာကို ညာလက်က ပြန်တောင်းတာဖြစ်ပါတယ်။ တိုင်းရင်းသားအတွက် ဘာမှ ထူးခြားလာတာမဟုတ်ပါဘူး။ ၂၀၀၈ အခြေခံ ဥပဒေ အကုန်လုုံးကို ပြင်နိုင်ရင်တောင်မှ နိုင်ငံတော်အာဏာဟာ အင်အာကြီး အုပ်စုလက်ထဲမှာဘဲ သံသရာ လည်နေအုံးမှာဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အင်အားကြီး အုပ်စုကသာ ဆက်လက်အုပ်ချုပ်နေသရွေ့ တိုင်းရင်းသားတို့ရဲ့ ဘဝဟာ ဖက်ပေါ်ဆူးကျလဲ ဖက်ပေါက် ၊ ဆူးပေါ်ဖက်ကျလဲ ဖက်ပေါက် ဖြစ်နေအုံးမှာ မလွဲပါဘူး။
အင်အားကြီး အုပ်စုများရဲ့ နန်းတော်အိမ်ဖြစ်တဲ့ မြို့ကြီး ပြကြီးတွေမှာ ထိန်လင်းနေတဲ့ လျပ်စစ်မီးဟာ တိုင်းရင်းသားဒေသဖြစ်တဲ့ လောပိတရေတံခွန်ကနေ ထုတ်ယူသုံးစွဲတဲ့ လျပ်စစ်မီးဖြစ်ပါတယ်။ လျပ်စစ်မီး ထုတ်ယူတဲ့ အချိန်မှာ ဒေသခံရဲ့ ဆန္ဒရယူခြင်း မရှိရုံမကပါဘူး ၊ စက်ရုံတည်ဆောက်တဲ့ အချိန်မှာလည်း ဒေသခံ ကျေးရွာတွင် ပြောင်းရွေ့ခဲ့ရတယ်လို့ သမိုင်းအရ သိရှိခဲ့ရပါတယ်။ ဒေသရဲ့ အခွင့်အရေးကို ဒေသခံ မခံစားရဘဲ ဒေသခံ မဟုတ်တဲ့ လူတစ်စုကသာ အခွင့်အရေးရသွားတာကို သမိုင်းသက်သေဘဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃.၈၂၀၁၉ ရက်နေ့တုန်းက တိုင်းဒေသကြီး တာဝန်ရှိသူ အချိူ့ဟာ ကျူးကျော်နေထိုင်တဲ့ လူတွေအတွက် တဲပေါ်နေထိုင်တာကနေ တိုက်ပေါ်နေထိုင်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြောဆိုတာကို ကြားလိုက်ရပါတယ်။ တိုင်းဒေသကြီးမှာ နေထိုင်တဲ့ သူအကျိူးအတွက် လုပ်ဆောင်နေတဲ့ အချိန်ဟာ ပြည်နယ်ဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား တောင်သူလယ်သမားများ တရားစွဲဆို ခံရတဲ့ အချိန်ဖြစ်ပါတယ်။ တစ်နိုင်ငံထဲမှာ မတူညီကွဲပြားတဲ့ အခြေအနေတွေဟာ တိုင်းရင်းသားအချင်းချင်း မစည်းလုံးရင် မဖြစ်တော့ဘူးဆိုတာကို ပြသလိုက်တာဘဲ ဖြစ်ပါတယ်။ ၂၀၂ဝ သည်မှ တိုင်းရင်းသား အခွင့်အရေးဆီသို့ အတူတကွ လျှေက်လှမ်းနိုင်ကြပါစေ။