spot_imgspot_imgspot_imgspot_img
Monday, February 3, 2025
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားဒေသတွေမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို လျော်ကြေးနဲ့ကျေအေးမှု တွင်ကျယ်နေဆဲလား။

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် အတွင်း ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ်၊ လယ်ထွန်ကျေးရွာ အထက်တန်းကျောင်းရဲ့ ကျောင်းတာဝန်ခံ ဦးဇော်ဇော်ထွန်းက ကျောင်းသား ခုနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဥ်မှာ ကျောင်းတာဝန်ခံ ဦးဇော်ဇော်ထွန်းက ကျောင်းသားခုနှစ်ဦးကို ထိကပါးရိကပါး ပြုလုပ်ခဲ့ပြီး ပါးနမ်းတာအပြင်၊ ကိုယ်ခန္ဓာအောက်ပိုင်းကို ထိပါးမှုတွေလည်း ရံဖန်ရံခါ ရှိခဲ့ကြောင်း ကျူးလွန်ခံရတဲ့ ကျောင်းသား ၇ ဦးက ထွက်ဆိုခဲ့တယ်လို့ အမှုနဲ့နီးစပ်သူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကျူးလွန်ခံရတဲ့ ကျောင်းသားတွေရဲ့ မိသားစုဝင်တွေက ကျူးလွန်သူ ဦးဇော်ဇော်ထွန်းကို တာဝန်မှ ရပ်ဆိုင်းစေလိုပြီး၊ အမှုကိုကျေအေးခဲ့ရာ ထိုအထဲမှာမှ မိဘတစ်ဦးကတော့ လျော်ကြေးတောင်းပြီး ကျေအေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမှုနှင့်နီးစပ်သူတစ်ဦးက ဆက်ပြောပါတယ်။

“နစ်နာသူကျောင်းသားမိဘက သူ့မှာ ကလေး ၂ ယောက်ရှိတယ်။ သိန်းနှစ်ဆယ်ပေးပါလို့ တောင်းဆိုလာတဲ့အပေါ် လူကြီးတွေက ရိုးရာဓလေ့ကြောင့် ၁၀ သိန်း ပေးလိုက်ရတယ်ဆိုတာကိုတော့ သိရတယ်ဗျ။ ကျောင်းသားမိဘက ဓလေ့အရ တောင်းဆိုလာတာလို့ ပြောပါတယ်” လို့ အမှုနဲ့နီးစပ်သူ က ပြောပါတယ်။

ဒါက တိုင်းရင်းသားဒေသတွေမှာ မိရိုးဖလာအစဥ်အလာတစ်ခုလိုဖြစ်နေပြီး မျိုးရိုးစဥ်ဆက် ကျင့်သုံးလာခဲ့ကြပါတယ်။

ကရင်နီပြည်နဲ့ ကယန်းလူမျိုးအများစု နေထိုင်ရာ ရှမ်း-ကရင်နီ နယ်စပ်ဒေသတို့မှာ အထက်ပါကဲ့သို့သော ကျုးလွန်မှုတွေကို ငွေကြေးနဲ့သာ လျော်ကြေးယူပြီး ကျေအေးပေးနေတာတွေကို ယနေ့အချိန်ထိ တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေကြဆဲဖြစ်တာကို တွေ့မြင်နေရပါတယ်။

လိမ်လည်ကာမရယူမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု အစရှိသည်ဖြင့် အမှုတွေဖြစ်လာရင် ကြက်၊ ဝက်၊ ဒင်္ဂါး၊ ငွေသား စတာတွေကို မတူညီတဲ့နှုန်းထားတဲ့ လျော်ကြေးတောင်းကြပြီး အမှုကျေအေးကြတာကို တွေ့ရတယ်လို့ တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးအဖွဲ့တွေက ပြောပါတယ်။

အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေကတော့ လျော်ကြေးနဲ့ကျေအေးပေးနေတဲ့ အစဥ်အလာတစ်ခုက ကျူးလွန်သူကို ထပ်ပြီးကျူးလွန်နိုင်အောင် အခွင့်အလမ်းပေးထားသလို ဖြစ်နေပြီး အလားတူကျူးလွန်မှုတွေ ပိုမိုဖြစ်လာစေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ကရင်နီနဲ့ ကယန်းဒေသရှိ တိုင်းရင်းသားတွေက လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုဆိုင်ရာ အမှုကိစ္စတွေကို ဘာသာရေးကျင့်ဝတ်နဲ့သာ စောင့်ထိန်းကြပြီး ဥပဒေကိုအလေးပေးဆောင်ရွက်လေ့ မရှိသေးပါဘူး။

တိုးတက်ပြီး လူ့အခွင့်အရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုအလေးထားလာကြတဲ့ ၂၁ ရာစု မှာတောင် တိုင်းရင်းသားဒေသတွေမှာ ဥပဒေအရအရေးယူဆောင်ရွက်မှုတွေကို အလေးမပေးနိုင်ကြသေးပါဘူး။ တိုင်းရင်းသားဒေသတွေမှာ ဗဟုသုတအားနည်းတာကြောင့်ဖြစ်လို့ ဒေသတွင်း လူ့အခွင့်အရေး၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေကတော့ အသိပညာပေးရေး လုပ်ငန်းစဥ်တွေ ဆောင်ရွက်လျက်ရှိနေပါတယ်။

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေဖြစ်လာရင် ကျူးလွန်ခံရသူအများစုက ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်မှု၊ အထင်သေးကဲ့ရဲ့ မှုကို ပိုမိုခံရတာကြောင့် ဥပဒေအရ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး လူသိရှင်ကြား အမှုဖြေရှင်းတာမရှိကြဘူးလို့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါဘူးငံရယ်ကျေးရွာမှာ နေထိုင်တဲ့ လူငယ်အမျိုးသမီးတစ်ဦး က ပြောပါတယ်။

“ကျမတို့ရွာက အိမ်ထောင်ကျပြီးသားလူကြီးတွေဆိုလည်း အရွယ်စရောက်လာတဲ့ လူငယ်လေးတွေကို ထိကပါးရိကပါးလုပ်ပြီး စလေ့ရှိကြတယ်။ ဘယ်သူမှလည်း ကာမအိဒ္ဒြေ ထိပါးနှောင့်ယှက်ရာ ရောက်တယ်လို့လည်း မသိကြဘူးပေါ့နော။ လူတစ်ယောက်ကို သူ့ရဲ့အင်္ဂါအစိတ်အပိုင်းတွေနဲ့ယှဥ်ပြီး စနောက်ကြတယ်ပေါ့နော။ အစခံရတဲ့သူတွေလည်းမသိဘူး ဒါသဘာဝလို့ လက်ခံထားကြတယ်” လို့ အဆိုပါ လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကျောင်းတာဝန်ခံ ဦးဇော်ဇော်ထွန်းရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုမှာလည်း ကျောင်းသားတွေရဲ့ သက်သေထွက်ဆိုမှုအရ မုဒိန်းမှုမမြောက်ဘဲ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုဖြစ်ကြောင်း သိသာထင်ရှားလာခဲ့တာကြောင့် ဖယ်ခုံပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (PK police) ၊ ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC )နဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တို့က ဦးဇော်ဇော်ထွန်းကို အချုပ် ၆ လ ကျစေခဲ့ပြီး တာဝန်မှရပ်နားစေခဲ့တယ်လို့ PK police က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ဖယ်ခုံမြို့နယ်အခြေခံပညာ ကျောင်းသားများသမဂ္ဂ က ကျူးလွန်သူကို ဥပဒေနှင့်အညီ ထိုက်သင့်သည့် အပြစ်ပေးမှုများ ဆောင်ရွက်စေလိုပြီး ကျောင်းသားမိဘများအနေနဲ့လည်း အမှုမှန်ပေါ်ပေါက်အောင် လျော်ကြေးဖြင့် ကျေအေးခြင်းမျိုး မပြုလုပ်သင့်ကြောင်း ဇန်နဝါရီ ၂၄ ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

“တရားခံဦးဇော်ဇော်ထွန်း ကျူးလွန်ခဲ့သည့် လိင်အကြမ်းဖက်မှုများ၊ ကျောင်းသားများအပေါ်ခြိမ်းခြောက်မှုများကိုလည်း တရားမျတမှုရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်။ သမဂ္ဂအပေါ်ခြိမ်းခြောက်မှုများ၊ နစ်နာသူများအပေါ်ခြိမ်းခြောက်မှုများကိုလည်း လူထုအားဖြင့် တွန်းလှန်သွားမည် ဖြစ်သည်။ နိုင်ငံတစ်ဝှမ်းရှိ တော်လှန်ရေးအင်အားစုများ၊ သမဂ္ဂများနှင့်အတူ လူထုတစ်ရပ်လုံးကလည်း မိမိတို့သမဂ္ဂနှင့်အတူ ဝန်းရံရပ်တည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးဇော်ဇော်ထွန်းကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပေါ် ဖယ်ခုံအခြေခံပညာကျောင်းသားများသမဂ္ဂကို ကန္တာရဝတီတိုင်း(မ်) မှ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ တစုံတရာတုံ့ပြန်မှု မရှိသေးပါဘူး။

ကလေးသူငယ်ဆိုင်ရာဥပဒေ ပုဒ်မ ၁၀၀ (ဂ) အရ ကလေးသူငယ်တွေရဲ့ လိင်ပိုင်းဆိုင်ရာနဲ့စပ်လျဥ်းတဲ့ ခန္ဓာကိုယ်ထိတွေ့ ပွတ်သပ်ကိုင်တွယ်ခြင်းက အနည်းဆုံးထောင်ဒဏ် ၃ လ ကနေ တစ်နှစ်အပြင် ငွေဒဏ် သုံးသိန်း ကနေ ငါးသိန်း အထိ ချမှတ်လို့ရပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ ဓမ္မတာနဲ့ဆန့်ကျင်ပြီး ကျူးလွန်တဲ့အမှုကို ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ ချမှတ်လို့ရတယ်လို့ ကရင်နီပြည်ကြားကာလအစီအမံ တရားရုံးချုပ်ရဲ့ ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က ပြောပါတယ်။

“အမှန်တကယ်ကတော့ ရဲတို့၊ ထုတ်ပြန်ထားတဲ့ အဖွဲ့အစည်းတွေက ဒီလိုအမိန့်မျိုး သူတို့သွားချလို့ အဆင်မပြေဘူးပေါ့နော။ ဒါကနည်းလမ်းမမှန်ဘူးလို့ ပြောလို့ရတယ်။ ကျနော်တို့ပြည်နယ်မှာလည်း မဏ္ဍိုင်ကြီးသုံးခုက သူ့ရဲ့တာဝန်နဲ့သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို ကြားကာလ အစီအမံက ပေးထားတယ်ပေါ့နော။ ဒီလိုမျိုးဖြစ်စဥ်မှာဆိုရင် ဒါက တရားစွဲအဖွဲ့အစည်းက ဦးဆောင်ပြီးတော့မှ တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်ရမယ့်အခြေနေလို့တော့ ရှု့မြင်ပါတယ်” လို့ ခူးပိုးရယ် က ပြောပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း ကရင်နီနဲ့ ရှမ်း-ကရင်နီ နယ်စပ်ဒေသတွေမှာ သက်ငယ်မုဒိန်းမှုက ဒုတိယအများဆုံးဖြစ်ပွားနေပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်စော်ကားမှု၊ လိမ်လည်ကာမရယူမှု တို့လည်း အဖြစ်များတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး KyWO က ၂၀၂၄ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပညာပေးလမ်းစဥ်တွေကြောင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေမှာ တိုင်ကြားလာသူရှိနေပေမဲ့ တိုင်ကြားမှုမလုပ်ရဲသေးတာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ KyWO က ကန္တာရဝတီတိုင်း (မ်) ကို ပြောခဲ့ပါတယ်။

ဦးဇော်ဇော်ထွန်းကို အရေးယူပြစ်ဒဏ်ချမှတ်ခဲ့တဲ့အမှုမှာလည်း ကြားခံညှိနှိုင်းခြင်းထက် တရားဥပဒအတိုင်း ဆောင်ရွက်စေလိုတယ်လို့ KyWO ရဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေး လုပ်ငန်းစဥ်တာဝန်ခံ မယုက ပြောပါတယ်။

“နောင်အခါ ဒီလိုကိစ္စမျိုးတွေကို ထပ်ပြီးကိုင်တွယ်ခဲ့ရမယ်ဆိုရင်တော့ ပိုပြီးထိရောက်စေရန်အတွက် ကြားခံညှိနှိုင်းတာထက် တရားဥပဒေအတိုင်းသာ တပါးတည်းဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကလည်း အများကြီးထိရောက်မှုမရှိဘူးဆိုရင်တောင် ကောင်းမွန်စွာ ဖြေရှင်းနိုင်ခဲ့ပြီး ဒီအကြမ်းဖက်မှုကိစ္စတွေ လျော့ကျဖို့လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း မှတ်ချက်ပြုချင်ပါတယ်” မယု က ပြောပါတယ်။

လယ်ထွန်ရွာအထက်တန်း တာဝန်ခံ ဦးဇော်ဇော်ထွန်းကိုတော့ ဇန်နဝါရီလ ၂၈ ရက်နေ့ကစလို့ ဇူလိုင်လ ၁၈ ရက်နေ့အထိ ၆လကြာ ဖယ်ခုံပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှာ ချုပ်နှောင်ထားလိုက်ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်ပြီး သူကို အသက်ပြည့်တယ်လို့ သတ်မှတ်ထားပါတယ်။ အသက် ၁၈ နှစ်အောက်ကို အသက်မပြည့်သေးတဲ့ ကလေးငယ်လို့သာ သတ်မှတ်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို အဓ္ဓမပြုကျင့်တာမဟုတ်သည့်တိုင် ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်ပါကလည်း မုဒိန်းမှုမြောက်တယ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေကို ကလေးတွေရဲ့ သဘောတူညီချက်ပဲယူယူ မိဘတွေရဲ့ ကျေအေးမှုပဲ ပြောပြော၊ ပိုက်ဆံပေးဝယ်ယူပြီးတော့မှ ဆက်ဆံတယ်ပဲပြောပြော၊ ဒါက မုဒိန်းမှု မြောက်တယ်။ အသက် ၁၈ နှစ်အောက်ကို ကျူးလွန်တာ သက်ငယ်မုဒိန်းလို့ ခေါ်တယ်ပေါ့နော။ အဲအတွက်ကြောင့် ဒါက ကျေအေးလို့ရတဲ့ အမှုတွေ မဟုတ်ဘူး။ ဥပဒေကြောင်းအရ တရားစွဲဆိုပြီးတော့ ပြစ်ဒဏ်ပေးရမယ့်အမှုဖြစ်တယ်” လို့ ဦးဗညား က ပြောပါတယ်။

တိုင်းရင်းသားဒေသတွေမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဥပဒေအရ အရေးယူဆောင်ရွက်လေ့မရှိပေမယ့် အရေးယူမှုတွေ ပြုလုပ်လိုတဲ့ ဆန္ဒတွေရှိလာဖို့ အသိပညာပေးမှု လုပ်ငန်းစဥ်တွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts