ကန္တာရဝတီတိုင်း (မ်)
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စစ်ဘေးရှောင်နေကြတဲ့ လွိုင်ကော်ဒေသခံတွေက အိမ်ငှားခဈေး အဆမတန်မြင့်တက်လာမှုတွေကြောင့် ပိုမိုကြပ်တည်းလာကြတယ်လို့ လွိုင်ကော် စစ်ဘေးရှောင်တွေက ပြောပါတယ်။
တောင်ကြီးမြို့ကို စတင်ရောက်လာချိန်က တလအိမ်ငှားခ တစ်သိန်းကျပ် ပေးရပေမယ့် ၅လအကြာမှာတော့ တလကို သုံးသိန်းကျပ် ပေးနေရတယ်လို့ လွိုင်ကော်စစ်ရှောင်တစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။
“စျေးသက်သာတာ မရှိဘူးကော။ ရှိရင်ပြောင်းပေးချင်တယ် သုံးသိန်းစျေးများလို့။ တခြားမှာပိုစျေးများတယ်။ အခုကနေတာကြာပြီဆိုတော့ ကလေးလည်းကျောင်းထားထားတော့ ကြပ်တော့ကြပ်တာပေါ့”လို့ သူက ပြောပါတယ်။
တစ်လေးလုံး စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့နောက်ပိုင်းမှာပဲ လွိုင်ကော်မြို့ခံလူထုတွေက တောင်ကြီးမြို့ပေါ်ကို တိမ်းရှောင်ခဲ့တာ အခုနဲ့ဆို ၁၁ လကြာမြင့်လာပြီဖြစ်ပါတယ်။
တောင်ကြီး ၊ အေးသာယာ၊ ညောင်ရွှေ၊ အောင်သပြေ၊ အောင်ဗန်း စတဲ့နေရာတွေမှာ လွိုင်ကော်စစ်ဘေးရှောင် အများစုရှိနေပါတယ်။ စားဝတ်နေရေးအတွက် ဈေးရောင်းကြတာနဲ့ နေ့စားအလုပ်လုပ်ပြီး ဖြေရှင်းနေကြသလို လုပ်ငန်းရှင်တချို့ကတော့ လက်ဝတ်ရတနာ ရောင်းချကြသူလည်း ရှိတယ်လို့ ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲကြောင့် နီးစပ်ရာ မြို့တွေမှာ တိမ်းရှောင်နေကြတဲ့ လွိုင်ကော်စစ်ဘေးရှောင်တွေဟာ တိမ်းရှောင်ရာအရပ်မှာ နဂိုမူလ အလုပ်ကိုလုပ်ကိုင်ဖို့ ကြိုးစားနေကြပေမဲ့ တခြားမြို့မှာ အသိမိတ်ဆွေ၊ စားသုံးသူ မရှိဘူးလို့ တောင်ကြီးမြို့မှာ စျေးရောင်းနေတဲ့ လွိုင်ကော်စစ်ရှောင်တစ်ဦးက ပြောပါတယ်။
“အလုပ်အကိုင်ပေါ့နော့ သူများမြို့ဆိုတော့လေး။ လွိုင်ကော်မှာ စျေးရောင်းတယ်ဆိုရင်လည်း ရောင်းတဲ့သူတိုင်းကဒီမှာ သူများမြို့မှာ တိုးရတာမလွယ်ဘူး။ မိတ်မရှိဘူး ပြီးရင် စျေးရောင်းမကောင်းကြဘူး။ စျေးဦးမပေါက်တာတွေ အဲ့လိုမျိုးရှိတယ်ပေါ့နော” လို့ သူက ပြောပါတယ်။
တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်း လွိုင်ကော်မြို့တွင်းရှိ နေအိမ်အများစုက မီးလောင်ပျက်စီးခဲ့ရသလို မြို့တွင်းရှိ စျေးတန်းကြီး နှစ်ခုလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က လွိုင်ကော်မြို့မှာ နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်ပြုလုပ်နေသလို အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ဝန်ထမ်းတွေကို ပြန်ခေါ်တာရှိပါတယ်။
ဒါ့အပြင် နိုဝင်ဘာလအတွင်း တက္ကသိုလ်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဥ်နေတယ်လို့လည်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြကြပါတယ်။ တခြားမြို့၊ ရပ်ရွာတွေမှာ စစ်ဘေးရှောင်နေကြတဲ့ လွိုင်ကော်မြို့ခံတွေဟာ အိမ်ငှားခဈေး နဲ့ အထွေထွေကုန်ကျစရိတ်တွေကြောင့် မတတ်နိုင်ကြတော့ဘဲ လွိုင်ကော်မြို့ထဲကို ပြန်လာနေထိုင်သူတွေ များလာပေမယ့် လုပ်ငန်းရှင်အများစုကတော့ ပြန်လည်နေထိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။