spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

တောင်ပေါ်စခန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ကြောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကယန်းဒေသအုပ်ချုပ်ရေးနယ်မြေ အမှတ် (၁) မြို့နယ်တွင်းရှိ ကယန်းပြည်သစ်ပါတီမှ တည်ထောင်ထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပြုပြင်ပညာပေးရေးဌာန တောင်ပေါ်စခန်းတွင် ကိုရိုနာဗိုင်းရပ်(စ်)ပိုး ကူးစက်ခံရသူမရှိကြောင်း ကယန်းပြည်သစ်ပါတီပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ အမှတ် (၁) မြို့နယ်၊ မြို့နယ်ဥက္ကဌ ဗိုလ်မှူးမောင်လှိုင်က ပြောကြားပါတယ်။

လူနေဆောင်များကို ကယန်းပြည်သစ်ရဲဘော်မှ ပိုးသတ်ဆေးဖျန်းနေစဉ်

ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်က ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ Case (121)က ၎င်းစခန်းထဲကို ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း လိုအပ်တဲ့ စစ်ဆေးမှုတွေကိုပြုလုပ်ပြီးဖြစ်တာကြောင့် စခန်းတွင်ရောဂါပိုး ကူးစက်ခံရသူမရှိဘူးလို့ဆိုပါတယ်။

ဗိုလ်မှူးမောင်လှိုင်က “စခန်းမှာလာနေတဲ့သူတစ်ယောက်ရဲ့အစ်မက နိုင်ငံခြားကနေပြန်လာတယ် သူ့မောင်လေးကိုလာတွေ့တယ် လာတွေ့တဲ့အစ်မက ကိုရိုနာပိုးရှိတယ်လို့သိရတော့ သူ့မောင်လေးကို ချက်ခြင်းသီးသန့်ခွဲထားတယ် ဆရာဝန်တွေကိုယ်တိုင်လာပြီး ဆေးစစ်ဖို့ လိုအပ်တာတွေလာလုပ်သွားတယ် ဆေးစစ်တော့ အဖြေက ရောဂါပိုးမတွေ့ပါဘူး”လို့ပြောပါတယ်။

တောင်ပေါ်စခန်းမှာ နေထိုင်တဲ့အခြားသောသူတွေကိုလည်း စနစ်တကျနေထိုင်စေပြီး ကျန်းမာရေးဌာနက လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပုံမှန် လာရောက်လုပ်ကိုင်ပေးကြောင်းကိုလည်း ဗိုလ်မှူးမောင်လိုင်က ဆက်ပြောပါတယ်။

” အခြားသူတွေကိုတော့ အတတ်နိုင်ဆုံး စနစ်တကျနေထိုင်ဖို့နဲ့ စားသောက်ဖို့ လက်ဆေးဖို့ပြောထားပါတယ် အဆောင်တွေကိုလဲ လူခွဲထုတ်ပြီး သစ်ပင်အောက်မှာအိပ်တာတွေ၊ အခြားလွတ်နေတဲ့နေရာမှာထားတာတွေ ယာယီ အဆောင်သစ်လုပ်ပေးတာတွေရှိပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဌာနကလည်း လာရောက်စစ်ဆေးအကြံပေးတာတွေ ဆေးလာဖျန်းတာတွေ ပုံမှန်လုပ်ပေးပါတယ်” လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပြုပြင်ပညာပေးရေးဌာန တောင်ပေါ်စခန်း ကို ကယန်းပြည်သစ်ပါတီမှ ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ဆိုးသွမ်းလူငယ်များကို ပြုပြင်ပေးရန်ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

လက်ရှိအချိန် စခန်းတွင် လူဦးရေ (၁၀၀) ကျော်ရှိပြီး ကယန်းဒေသမှအများဆုံးနှင့် တောင်ကြီးမြို့ဝန်းကျင်ဒေသမှ လူငယ်တစ်ချို့ လာရောက်ပြုပြင်နေကြောင်း သိရသည်။

spot_img
spot_img
spot_img

Recent posts