ဘခက် (ငွေတောင်ပြည်) ရေးသားသည်
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ကိုတက်ရောက်ခဲ့ပြီး ကရင်နီလူငယ်ငယ်အင်အားစုနဲ့ ကယားပြည်နယ်အစိုးရ ဧည့်ရိပ်သာမှာတွေ့ဆုံဆွေးနွေးကြတော့ လူငယ်တွေဘက်က အချက်သုံးချက်ကိုတင်ပြဆွေးနွေးခဲ့ကြပါတယ်။
ကရင်နီလူငယ်ဘက်တင်ပြချက်တွေကတော့၊ လွိုင်ကော်မြို့ထဲက ပြည်သူပိုင်ပန်းခြံ ဖြစ်တဲ့ ကန္ဒာဟေဝန်ပန်းခြံမှာ ထားရှိတဲ့ဗိုလ်ချုပ်ကြေးရုပ်ရွေ့ပြောင်းရေး၊ မြေယာကိစ္စနဲ့ပတ်သက် ပြီး တပ်မတော်ဘက်က တောင်သူ (၄၁) ယောက်ကိုတရားစွဲဆိုထားတဲ့ကိစ္စနှင့် ကရင်နီလူငယ်ဘက်က ကယားပြည်နယ်မှာ လူငယ်တွေအားလုံးစုစည်းနိုင်ဖို့ Youth Centre ( လူငယ်စင်တာ) တစ်ခုထားပေးဖို့၊ မျိုးနွယ်စုလူငယ်တွေဖြစ်တဲ့ ကယား၊ ကယန်း၊ ကယောစတဲ့လူငယ်တွေကို ပြည်နယ်အစိုးရက ငွေရေးကြေးရေးအရ တတ်နိုင်သလောက်ပံ့ပိုးပေးဖို့၊ ပြည်နယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးဖို့၊ပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ကိုပြန်ရုတ်သိမ်းပေးဖို့၊ Youth Policy ( လူငယ်မူဝါဒရေးရာ) နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးဖို့စတဲ့ တောင်းဆိုချက် (၆) ချက်ကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးချက် (၃) ချက်ထဲမှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စရွေ့ပြောင်းရေးနှင့် လူငယ်ဘက်ကတင်ပြတဲ့အချက် (၆) ချက်ကိုဆွေးနွေးရတာကို ကရင်နီလူငယ်အင်အားစုဘက်က အားမရခဲ့ပေမဲ့ တောင်သူကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးချက်ကိုတော့ တစ်စုံတရာမျှော်လင့်ချက်ရှိတယ်လို့ လူငယ်တွေဘက်ကပြောပါတယ်။
မျှော်လင့်ချက်ရှိရတဲ့အကြောင်းရင်းကတော့ အဲ့ဒီဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က တောင်သူတွေအစုလိုက်အပြုံလိုက်တရားစွဲဆိုနေရတဲ့ ကိစ္စကို စိတ်မကောင်းကြောင်း၊ မဖြစ်သင့်ကြောင်းနဲ့ ဒီကိစ္စကိုအမြန်ဆုံးပြေရှင်းနိုင်ဖို့ ပြည်ထောင်စုစိုက်ပျိုးရေးဝန်ကြီး ဒေါက်တာအောင်သူကို တာဝန်လွဲပေးပြီး ပြည်ထောင်စုရှေ့နေချုပ်နဲ့တိုင်ပင်ခိုင်းပါတယ်။
အဓိကကျတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဌာနနဲ့ညှိနှိုင်းပြီး ဖြေရှင်းဖို့အတွက် မြန်မြန်ဆန်ဆန်လုပ်ပေးဖို့တာဝန်ပေးလိုက်တဲ့အတွက် တောင်သူကိစ္စ အလားအလာကောင်းပြီး မျှော်လင့်ချက်ရှိတယ်လို့ လူငယ်တွေဘက်က ပြောဆိုခဲ့တာပါ။
မြေကိစ္စနဲ့ပတ်သက်ပြီး တောင်သူတွေတရားစွဲဆိုခံထားရတဲ့ကိစ္စရဲ့ဇစ်မြစ်ကို ပြန်လိုက်ကြည့်မယ်ဆိုရင် ဒါဟာ မတရားသဖြင့်အနိုင်ကျင့်ခံရတယ်ဆိုတာ အထင်အရှားတွေ့ရပါလိမ့်မယ် ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ရွာတည်ပြီး အဲ့ဒီမြေတွေပေါ်မှာ ဝမ်းစာရေးကိုဖြေရှင်းဖို့ စိုက်ပျိုးထွန်ယက်ခြင်းလုပ်ငန်းကို ခက်ခဲပင်ပန်းစွာလုပ်ကိုင်ခဲ့တဲ့ တောင်သူတွေရဲ့ကံကြမ္မာဆိုးဟာ ကယားပြည်နယ်ထဲကို တပ်မတော်တွေဝင်ရောက် အခြေပြုတာကနေစတော့တာဘဲ။
လွိုင်ကော်၊ ဒီမောဆိုမြို့နယ်တွေမှာ အခြေပြုဖို့လာရောက်ခဲ့တဲ့ တပ်မတော်သားတွေဟာ ဒေသခံတောင်သူလယ်သမားတွေကို ရွာကနေဖယ်ရှားဖို့စေခိုင်းခဲ့သလို တောင်သူတွေလုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေကို တပ်ပိုင်မြေဆိုပြီး သိမ်းဆည်းခဲ့ပါတယ်။
ကျေးရွာတွေပြောင်းရွေ ခံရတဲ့ တောင်သူတွေအနေနဲ့ မြေနေရာအစားထိုးပေးတာမျိုးမဟုတ်ဘဲ အမိန့်အာဏာနဲ့ သူတို့ရွာကနေ အတင်းအကြပ်ပြောင်းရွေ့ခံခဲ့ရတာပါ။
ကျေးရွာတောင်သူတွေအနေနဲ့ပြောင်းရွေ့ခံရပြီးနောက်ပိုင်း နီးစပ်ရာဆွေမျိုးတွေဆီ၊ ကျေးရွာတွေမှာ ဖြစ်သလို ကပ်ရပ်မှီခိုလုပ်ကိုင်စားသောက်ရတဲ့အခြေအနေကိုရောက်ခဲ့ရပါတော့တယ်။
၂၀၁၀ ခုနှစ်မှာတော့ စစ်အစိုးရကနေပြီးရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ရွေးကောက်ပွဲ စတင်ပြုလုပ်ခဲ့ပါတယ်။
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအစိုးရကို ကူးပြောင်းလိုက်ပြီဆိုတာကိုလည်း တရားဝင်ကြေငြာခဲ့ပါတယ်။ အဲ့ဒီ အကူးအပြောင်းအချိန်ကစပြီး ကျေးရွာနဲ့လယ်မြေတွေဆုံးရှုံးခဲ့ရတဲ့ ကယားပြည်နယ်တွင်းက ပြည်သူတွေဟာ မြေပြန်ရဖို့အစိုးရဆီကို တောင်းဆိုမှုတွေအစပြုခဲ့ကြပါတယ်။
သိမ်းဆည်းခံမြေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာပြည်နယ်အစိုးရကို စာရေးသားတင်ပြတာမကဘဲ နိုင်ငံတော် သမ္မတဆီထိအောင် စာရေးသားပေးပို့ခဲ့ကြပေမဲ့ အခြေအနေက ထူးမခြားလာသလို ၂၀၁၄ မှာ အတည်ပြုလိုက်တဲ့ လယ်ယာမြေဥပဒေဟာလည်း ပြည်သူတွေကို ဖိနှိပ်တဲ့ဥပဒေလို့တောင်သူအရေးလှုပ်ရှားသူတွေက ထောက်ပြတာတွေရှိခဲ့ပါတယ်။
ဒီအခြေအနေတွေမှာ တောင်သူတွေရဲ့အခြေအနေက ဘာမှထူးခြားတိုးတက်လာတာမရှိခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲသက်တမ်းကုန်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ဝင်ပြိုင်တော့ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ထောက်ခံမှုကိုရခဲ့ကြပါတယ်။
ကယားပြည်နယ်မှာလည်း မြို့နယ် (၇) မြို့နယ်ရှိတဲ့အထဲ တပ်နယ်မြေလိုဖြစ်နေတဲ့ ဘောလခဲမြို့နယ်ကလွဲပြီး ကျန် (၆)မြို့နယ်မှာ NLD ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီလိုအနိုင်ရမှှုဟာ ဒေသခံတောင်သူတွေရဲ့မဲတွေဟာ အကြီးမားဆုံးသော အထောက်အကူဖြစ်ခဲ့တယ်ဆိုတာကို ငြင်းမရပါဘူး။ တောင်သူတွေအနေနဲ့ ဒေသတွင်းတိုင်းရင်းသားပါတီတွေကို ကျော်ပြီး NLD ကိုဘာကြောင့်မဲပေးခဲ့ကြတာလဲဆိုတဲ့မေးခွန်းရဲ့အဖြေကတော့ တောင်သူတွေအနေနဲ့ NLD ပါတီကို ယုံကြည်အားကိုးလို့ဆိုတာပါဘဲ။
NLD ပါတီ အာဏာရလာပြီးချိန်မှာ တောင်သူတွေရဲ့မြေယာပြန်လည်ရရှိရေး လှုပ်ရှားမှုက ပိုအားကောင်းလာခဲ့သလို မြေယာကိစ္စကြောင့်တောင်သူတွေတရားစွဲခံရတာ၊ ထောင်ချခံရတာအထိရှိလာခဲ့ပါတယ်။
တကယ့်လက်တွေ့မှာတော့ တောင်သူတွေ မျှော်လင့်ထားသလို အခြေအနေတွေဟာ ဖြစ်မလာခဲ့တဲ့အပြင် သက်ဆိုင်ရာမြေစာရေးတွေရဲ့လာဘ်စားမှု၊ တောင်သူတွေမြေသိမ်းခံရမှုတွေဟာ အရင်ကထက်ပိုများလာပြီး စနစ်တကျဥပဒေအရ သိမ်းဆည်းတဲ့ အခြေအနေမျိုးအထိရှိလာပါတယ်။
သက်ဆိုင်ရာမြေစရင်းဌာနက မူလတောင်သူတွေကို မြေပိုင်ဆိုင်ခွင့် ပုံစံလက်မှတ်တွေ ထုတ်မပေးဘဲ မတရားသဖြင့်မြေသိမ်းထားတဲ့သူတွေကို မြေပိုင်ဆိုင်ခွင့်ပုံစံ (၇)၊ ပုံစံ (၁၀၅) စတာတွေကို ထုတ်ပေးခဲ့ကြပါတယ်။
ဒီလိုအခြေအနေမျိုးမှာ တောင်သူတွေဘက်က ကိုယ့်ဘိုးဘွားပိုင်မြေတွေကို ပြန်ရဖို့တောင်းဆိုကြတော့ မြေသိမ်းသူဘက်က တရားစွဲဆိုတာကို ခံကြရပြီး တရားရုံးမှာ ပိုင်ဆိုင်ကြောင်းအထောက်အထားကိစ္စကို ရှင်းကြတော့ မြေပိုင်ဆိုင်ခွင့်ပုံစံမရှိတဲ့တောင်သူတွေမှာ ဥပဒေအကြောင်းအရ တရားရှုံးနိမ့်ကြရပြီး ဒဏ်ငွေဆောင်ရတာ ထောင်ကျတာတွေ အများအပြားဖြစ်ခဲ့ပါတယ်။
ဒါဟာ ရပ်ကွက်၊ ကျေးရွာ မြေယာစီမံကော်မတီမှသည် မြေစာရင်းအထိ အဆင့်ဆင့် ခြစားမှုတွေကနေဖြစ်လာရတဲ့ ပြသနာဆိုတာကို အရှင်းကြီးမြင်နေရပါတယ်။ အဲ့ဒီလိုဝန်ထမ်းမျိုးကို အစိုးရဘက်က ထိရောက်တဲ့ အရေးယူမှုပြုလုပ်ဖို့လိုအပ်နေတာဖြစ်ပြီး ကယားပြည်နယ်မှာတော့ ထိရောက်တဲ့ အရေးယူတာတွေလုပ်တာမျိုး ခုချိန်ထိမတွေ့ရသေးပါဘူး။
ကရင်နီလူငယ်တွေနဲ့ ကယားပြည်နယ်နေ့မှာ တွေ့ဆုံခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ တပ်မတော်က တာဝန်ရှိသူတွေနဲ့ပူးပေါင်းဖြေရှင်းမယ်လို့ ပြောကြားခဲ့တဲ့အတွက် တောင်သူတွေဘက်က မျှော်လင့်ချက်တစ်စုံတစ်ရာရှိခဲ့ပါတယ်။
ပြည်သူ့အတွက်အလုပ်အကျွေးပြုမယ်ဆိုပြီး ကြွေးကြော်တက်လာတဲ့ NLD အစိုးရရဲ့ ဖြေရှင်းမှုဟာ သူတို့ရဲ့သမိုင်းဖြစ်သလို ၊ ပြည်သူ အပေါ်ပေးခဲ့တဲ့ ကတိကဝတ်တွေ ဘယ်လောက်အထိကျေတယ်ဆိုတာကို လည်းပြသမဲ့ အခြေအနလည်းဖြစ်ပါတယ်။ တောင်သူတွေကို ပြည်သူ့အစိုးရကယ်တင်နိုင်မည်လော။