spot_imgspot_imgspot_imgspot_img
Tuesday, April 1, 2025
spot_imgspot_imgspot_imgspot_img

“တော်လှန်ရေးကာလမှာ မူးယစ်ဆေးဝါးဟာ စိန်ခေါ်မှုကြီး ဖြစ်လာနိုင်သလား”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မူးယစ်ဆေးဝါးတွေ ကရင်နီမှာ ရလွယ်နေသလား။

“အခုကတော့ ဝယ်ရလွယ်လားဆိုတော့ အနောက်ဘက်ခြမ်းမှာတော့ ပေါများနေပါတယ်။ ဝယ်သုံးနေတဲ့လူတွေလည်း တွေ့နေရတာဘဲလေ၊ ရှိပါတယ်။”

WY လို့ခေါ်တဲ့ စိတ်ကြွရူးသွပ်စေတဲ့ဆေးပြားတမျိုးကို ကိုယ်တိုင်ဝယ်ယူသုံးစွဲခဲ့ဖူးသူ အမျိုးသားလူငယ်လေးတဦး “ရှိန်း” (အမည်လွှဲ)က သူကိုယ်တိုင်ဝယ်ယူခဲ့ဖူးတဲ့ အခြေအနေလေးကို ပြောပြပါတယ်။

”ရှိန်း”ဟာ အသက် ၃၀ အရွယ်ရှိပြီး သူကိုယ်တိုင် WY လို့ခေါ်တဲ့ စိတ်ကြွရူးသွပ်စေတဲ့ဆေးပြား မူးယစ်ဆေးဝါးတမျိုးကို စွဲလန်းခဲ့ဖူးသူပါ။

”ရှိန်း”ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အရလွယ်သော မူးယစ်ဆေးဝါးတွေကို သူငယ်ချင်းတွေဆီကတဆင့် စတင်သုံးစွဲခဲ့ဖူးတာပါ။ ဒါပေမဲ့ အခုချိန်မှာတော့ သူဟာ အဲ့ဒီစွဲလန်းမှုကို စွန့်လွတ်နိုင်ခဲ့ပါပြီ။

အရင်က မူးယစ်ဆေးဝါးကို သုံးစွဲသူတွေ၊ ရောင်းဝယ်ဖောက်ကားသူတွေ ရှိနေခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ပိုပြီးလွတ်လပ် လွယ်ကူသောနည်းလမ်းတွေနဲ့ ရရှိလာတယ်လို့ ”ရှိန်း”နဲ့ သူငယ်ချင်းဖြစ်သူတွေက ပြောပြပါတယ်။ အထူးသဖြင့် စျေးသက်သက်သာသာနဲ့ ရရှိနေပြီလို့ ပြောပါတယ်။

“ဒီကောင်က သုံးပြီးရင် နောက်ထပ် သုံးချင်တဲ့စိတ်က သူ့သူအလိုလို မရှိလည်း၊ မတွေ့လည်း လိုက်ရှာတာပေါ့၊ မရ ရတဲ့နည်းနဲ့ ရှာကြ၊ ဖွေကြပေါ့။”လို့ ”ရှိန်း” က ဆေးစွဲလန်းဖူးသူတွေ၊ စွဲလန်းနေသူတွေရဲ့ အခြေအနေကို ပြောပြပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဝယ်ယူသုံးစွဲခဲ့ဖူးသူတွေက ပြောပြပါတယ်။ ဝယ်ယူတဲ့အခါ စိတ်ချရတဲ့ အသိမိတ်ဆွေတွေ ဆီကနေတဆင့် ချိတ်ဆက်ဝယ်ယူမှသာ ဖမ်းဆီးခံရခြင်းနဲ့ ကင်းလွတ်နိုင်တယ်လို့ ”ရှိန်း” က သူဝယ်ယူခဲ့ဖူးတဲ့ အခြေအနေတွေကို ဆက်ပြောပြပါတယ်။

မူးယစ်ဆေးဝါးတွေ ဘယ်လိုပျံ့နှံ့နေလဲ။

“မူးယစ်ဆေးဝါးက နေရာတိုင်း ရနေတာ၊ ရေပန်းစားနေတဲ့ စားစရာတခုလိုဘဲ။ ရောင်းတဲ့သူတွေကို ပိုဖမ်းရမှာ၊ အခုက အဲ့လိုမဟုတ်ဘူး နည်းနည်းသုံးလည်းဖမ်း များများသုံးလည်းဖမ်း၊ တချို့ဆို ထောင်ခြောက်တောင် ဆင်ခံရပြီးတော့ကို အဖမ်းခံရတာ။”

ဒီစကားကိုတော့ ဒီးမော့ဆိုမြို့နယ်အတွင်းက အသက် ၄၀ အရွယ် အမျိုးသားတဦး “ဦးပိန်” (အမည်လွှဲ) က ပြောလိုက်တာပါ။

မူးယစ်ဆေးဟာ လူငယ်တွေကြား ကောင်းသောရေပန်းစားမှု မဟုတ်ပေမဲ့ အတော်ရေပန်းစားနေတဲ့ အရာတခု ဖြစ်လာပါတယ်။

မူးယစ်ဆေး သုံးစွဲတာက လူကို ပင်ပန်းသက်သာစေတာ၊ အိပ်ချင်ပြေစေတာတွေကြောင့် လူငယ်တွေဖြစ်ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့ဟာလည်း ဆေးသုံးလာတာတွေ ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ လူငယ်တွေကလည်း ပြောပြပါတယ်။

မူးယစ်ဆေးဝါးတွေဟာ အရပ်သားတွေကြားမှာသာမက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြားမှာလည်း ပျံ့နှံ့နေတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဖားဆောင်းမြို့နယ်က လူငယ်တဦး”မောင်ဝင်း”(အမည်လွှဲ) က ပြောပြပါတယ်။

WY လို့ ခေါ်တဲ့မူးယစ်ဆေးဝါးဟာ သုံးစွဲရာမှာ အချိန်အများကြီး မကုန်တဲ့အတွက် အများပြည်သူ သွားလာတဲ့နေရာတွေမှာတင် သုံးစွဲလာတာမျိုးကိုလည်း မြင်တွေ့ရတယ်လို့ ”မောင်ဝင်း” က ဆက်ပြောပါတယ်။

“အချိတ်အဆက်ရှိတဲ့လူတွေကတော့ လွယ်လွယ်ကူကူတော့ ရတာပေါ့။ အရင်တုန်းကထက်စာရင် လွယ်လွယ်ကူကူ ပိုရတယ်။ အရင်တုန်းက အာဏာမသိမ်းခင်ထက်စာရင် အခုက လွယ်လွယ်ကူကူ ပိုရနေတဲ့အနေအထား။ ရောင်းဝယ်ဖောက်ကားမှုက ကျယ်ပြန့်တယ်၊ ပိုပြီးတော့ များလာတယ်။ လွယ်လွယ်ကူကူလည်း ပိုရနေတယ်။” လို့ ”မောင်ဝင်း” က သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

အရေးယူဆောင်ရွက်ခြင်းများ

ကရင်နီတပ်မတော် KA အနေနဲ့ကတော့ မူးယစ်ဆေးဝါးသုံးစွဲမှုကို တားမြစ်ထားပြီး၊ သုံးစွဲတဲ့ တပ်ဖွဲ့ဝင်တွေရှိလာရင် အဆင့်ဆင့် အပြစ်ပေးအရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်လေ့ရှိတယ်လို့ KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“မူးယစ်ဆေးဝါးသုံးစွဲတဲ့ ရဲဘော်တွေကျတော့ ပထမတော့ ဝါ၊ နီ ပေးတာပေါ့။ ပြီးတော့မှ ထပ်လုပ်ရင် ပြစ်ဒဏ်ဆိုပြီးတော့၊ ဘယ်လိုပြောရမလဲ နာခံမှုမရှိလို့ ဆိုပြီးတော့ အပြစ်ပေးအရေးယူမှုဆိုတာ ထုထောင်းတာ မဟုတ်ဘူးလေ။ သုံးခါဖြစ်ရင်တော့ ကျနော်တို့ ခုံဖွဲ့ပြီးတော့မှ စစ်ဆေးဖို့ဘဲ။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ကရင်နီပြည်တွင်းကို မူးယစ်ဆေးဝါးက ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာပြီး သုံးစွဲမှုထက် ရောင်းချရန် လက်ဝယ်ထားရှိမှုတွေ ပိုများတယ်လို့ တရားစီရင်ရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်နေသူတွေဆီကနေ သိရှိရပါတယ်။

လက်ရှိမှာ ကရင်နီပြည်တွင်းမှာ တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ တရားစီရင်ရေးလုပ်ဆောင်မှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး သုံးစွဲမှုကို မြို့နယ်အဆင့်တရားစီရင်ရေးမှာ ကိုင်တွယ်ဖြေရှင်းပြီး၊ ရောင်းချမှုတွေကိုတော့ ခရိုင်အဆင့်ကနေစပြီး ကိုင်တွယ်ဖြေရှင်းနေတယ် လို့ သိရှိရပါတယ်။

မိသားစုဝင်ထဲမှာ မူးယစ်ဆေးသုံးနေတယ်လို့ သံသယရှိနေပေမယ့် လက်ပူးလက်ကြပ် မမိနိုင်တာကြောင့် အလွန်ပင်စိုးရိမ်ပူပန်နေရပြီး၊ ယခုအခြေအနေကနေ လွတ်မြောက်စေလိုကြောင်းနဲ့ မူးယစ်ဆေးဝါး ရောင်းချသူများကို ထိထိရောက်ရောက် အရေးယူပေးစေလိုကြောင်း ဒီးမော့ဆိုမြို့နယ်အတွင်းက အမျိုးသမီးတဦး”ချောချော”က သူမ လက်ရှိမိသားစုတွင်း ကြုံနေရတဲ့ အခြေအနေကို ပြောပြပါတယ်။

“အိမ်ပြန်မလာဘူး၊ သုံးလေးရက်ဆက်တိုက် အဲ့လိုလေ၊ စိတ်ပူတယ်၊ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာမျိုးပေါ့။ တာဝန်ရှိသူတွေ ထိထိရောက်ရောက် အရေးယူပေးနိုင်ရင် နည်းနည်းသက်သာမယ်လို့ ထင်တယ်လေ။ အခုက မိသားစုဝင်လည်း ဘားမှမပြောရဲဘူး။ ရဲဘော်တွေနဲ့ပေါင်းတယ်ကော။ စိတ်တိုရင် ဘာမဆို ဖြစ်မယ်ဆိုပြီး စိုးရိမ်တယ်လေ။” လို့ ”ချောချော” က ပြောပြပါတယ်။

ရောင်းဝယ်သူတွေသာ မရှိရင် သုံးစွဲသူတွေ ရှိလာပါ့မလား ဆိုတဲ့အရာက စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေတဲ့ ”ချောချော” အတွက်တော့ စဉ်းစားစရာ ဖြစ်နေပါတယ်။

လက်ရှိ စီရင်နေတဲ့အမှုတွေထဲမှာ စစ်သုံ့ပန်း၊ မူးယစ်ဆေးဝါး စတဲ့ အမှုတွေ အများဆုံးဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ တရားရေးဌာန ဌာနမှူးကြီး ခူးတော်ရယ်အက်စ် က ကန္တာရဝတီတိုင်း(မ်) ကို ၂၀၂၄ ခုနှစ်မှာ ဖြေကြားထားတာ ရှိပါတယ်။

“အစိုင်း”နဲ့ မိတ်ဆွေတွေဟာ လူငယ်တွေကို အားကစားပိုင်းဆိုင်ရာ သင်ကြားပို့ချပေးနေတဲ့ လူငယ်တဦး ဖြစ်ပါတယ်။ အားကစား လုပ်ခြင်းအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကို လျော့ချပေးနိုင်မယ်လို့ မျှော်လင့်တာကြောင့် တတ်နိုင်သမျှ လက်လှမ်းမီတဲ့သူတွေကို လက်လှမ်းမီတဲ့ အားကစားကဏ္ဍကနေ ဆွဲခေါ်ပေးနေတယ်လို့ “အစိုင်း” ပြောပါတယ်။

“ကျနော်ကတော့ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တချို့ဟာတွေနဲ့ပတ်သက်ပြီးတော့မှ အဲ့လိုမျိုးတွေ မဖြစ်အောင်ဆိုပြီးတော့ ကျနော်အတတ်နိုင်ဆုံး ဒီအားကစားဖက်ကနေ ဆွဲခေါ်တယ် လုပ်ပေးတယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ လုပ်တဲ့အချိန်မှာ ဒီအားကစားဖက်မှာဆိုလည်း သိပ်ပြီး အရေးမစိုက်ကြတာဖြစ်တဲ့အတွက် ကျနော်တို့ကိုဆိုလည်း သိပ်ပြီးအရေးမစိုက်ဘူးပေါ့နော်။ ဒီ မူးယစ်ဆေးဝါး ထိန်းတဲ့ကိစ္စတွေမှာဆို အားကစားနဲ့ သက်ဆိုင်တဲ့အရာတွေလည်း ရှိတော့လေ။ ကျနော်တို့လည်း အဲ့ဒါတွေကို တတ်နိုင်သလောက်တော့ လိုက်လုပ်နေတယ်ဆိုပေမဲ့ ကိုယ့်ဖက်ကနေ အသိအမှတ်ပြု မခံရတာတို့၊ ဘယ်လိုပြောရမလဲ တရားဝင်လုပ်ခွင့်တွေ၊ အသိအမှတ်ပြုခွင့်တွေ မရှိတဲ့ဟာမျိုး ဖြစ်နေတော့၊ အားပေးအားမြောက်မှုနည်းတော့၊ ကျနော်တို့လည်း ဒီလိုကိစ္စမျိုးကို လုပ်ဖို့နေရာမှာ နည်းနည်းတော့ အားနည်းတယ်ပေါ့နော်။” လို့ “အစိုင်း” က ပြောပါတယ်။

“မောင်ဝင်း” နဲ့ “အစိုင်း” ကတော့ မူးယစ်ဆေးဝါး သုံးစွဲနေသူတွေအပါအဝင် ရောင်းဝယ်ဖောက်ကားသူတွေကို မျှတတဲ့ အရေးယူမှုတွေ ဆောင်ရွက်စေလိုသူပါ။ ပုံစံအမျိုးမျိုးနဲ့ ရောင်းဝယ်ဖောက်ကားသလို၊ ချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့ သုံးစွဲကြရင်း၊ သုံးစွဲမှုတွေ ကူးစက်လာတဲ့အခါ အချိတ်အဆက်မရှိသူတွေက ပိုမိုအရေးယူခံရတဲ့ အနေအထားမျိုး မဟုတ်ဘဲ၊ မည်သူ့ကိုမဆို မျှတတဲ့အရေးယူဆောင်ရွက်မှုတွေဖြစ်ဖို့ လိုအပ်တယ်လို့ “မောင်ဝင်း”က မှတ်ချက်ပြုပါတယ်။

WY သုံးစွဲခြင်းရဲ့ ဆိုးကျိုးများ

WY လို့ လူသိများတဲ့ စိတ်ကြွရူးသွပ်ဆေးကို ရာဘ၊ ယာဘ၊ ရာမ၊ ယာမ၊ မြင်းဆေး၊ ကြယ်သီး၊ အသီး ဆိုပြီး နာမည်မျိုးစုံခေါ်ကြသလို၊ 88 တံဆိပ်ရိုက်ထားလို့ 88 လို့လည်းခေါ်ကြပါတယ်။ စတင်သုံးစွဲတဲ့အချိန်မှာ စိတ်တက်ကြွခြင်း၊ အာရုံစူးစိုက်မှုကောင်းခြင်း၊ စိတ်ကြည်နူးခြင်း၊ ပျော်ရွှင်နေခြင်း၊ အားအင်တိုးစေခြင်း၊ အစာစားလိုစိတ် လျော့နည်းခြင်း စတာတွေကို ဖြစ်စေပါတယ်။

သို့ပေမဲ့ သုံးစွဲကာလကြာမြင့်လာတဲ့အခါ စွဲလန်းစေပြီး စိတ်ရော၊ ကိုယ်ပါ ပျက်စီးလာပါတယ်။ ဆေးပမာဏ များလာတဲ့အခါ အာရုံထိန်းချုပ်နိုင်မှု ပျက်ယွင်းလာခြင်း၊ ကြွက်သားများပျက်စီးလာခြင်း၊ မှတ်ဉာဏ်နည်းပါးလာခြင်း၊ သံသယစိတ်များပြီး စိတ်ရိုင်းစိုင်းကြမ်းတမ်းလာခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။

ကရင်နီပြည်ရဲဌာန ဖွဲ့စည်းတဲ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ၊ ၂၅ ရက်နေ့ ကနေ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ၊ ၂၅ ရက်နေ့အထိ WY စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀၅၁ ပြား သိမ်းဆည်းရမိထားတယ်လို့ ကရင်နီပြည်ရဲဌာန KSP ရဲ့ သုံးနှစ်ပြည့်အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့တုန်းက WY စိတ်ကြွရူးသွပ်ဆေးပြား တထောင်ကျော် (၁၂၄၄) ပြားကို KSP က ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ တိုးပွားလာပြီး မူးယစ်ဆေးဝါးတင်ပို့မှုကနေ ဒေါ်လာ ၁၃၄၇ သန်း ပြည်တွင်းကို စီးဆင်းနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း က ၂၀၂၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ ညီလာခံများရဲ့ ရလဒ်များ အကောင်အထည် ဖော်ခြင်းဆိုင်ရာ အစည်းအဝေးမှာ သံအမတ်ကြီးက အထက်ပါအတိုင်း ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်ရဲ့ ၆ လပတ်အတွင်း မူးယစ်ဆေးဝါး ကျပ် ၁၂၇.၉၇၈ ဘီယီယံအထိ ဖမ်းဆီးရမိထားကြောင်းကို စစ်ကောင်စီကလည်း ကြေညာထားပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ အခြေချနေထိုင်တဲ့ “အစိုင်း” ကတော့ “တော်တော်လေးကို စိုးရိမ်ရတဲ့အခြေအနေမျိုး ဖြစ်သွားနိုင်တယ်ပေါ့နော် ဒီကိစ္စသာ လွတ်ထားလိုက်မယ်ဆိုရင်။ အဲ့ဒီဟာတွေကို မတားနိုင်ဘူးဆိုရင် ဒီထက်ပိုဆိုးလာမဲ့ အခြေအနေမျိုးတွေ ရှိလာနိုင်တယ်။ လူငယ်တွေကအစ၊ ကလေးတွေကအစပေါ့နော်။ ပြီးတော့ ဒီရောင်းဝယ်ဖောက်ကားတဲ့ နေရာတွေမှာ၊ အရမ်းကြီးဆိုးဝါးလာတဲ့ အခြေအနေမျိုးတွေဖြစ်သွားနိုင်တဲ့အချိန်မှာ၊ ကျနော်တို့ ပြည်နယ်ရဲ့ ဂုဏ်သိက္ခာတွေကအစ အများကြီးကျဆင်းနိုင်တယ်လို့တော့ ကျနော်ထင်တယ်ပေါ့နော်။” လို့ ပြောဆိုသွားပါတယ်။

spot_img
spot_img
spot_img

Recent posts