ကန္တာရဝတီတိုင်း(မ်)
“ကျနော်တို့ဒီအခု ၃နှစ်တာကာလအတွင်းမှာ စစ်မြေပြင်ဒေသအတွင်းမှာလည်း HIVပိုး ကူးစက်ခံထားရတဲ့လူနာတွေ ကြုံတွေ့နေရပါတယ်။”
HIV ဟာ လူ့ကိုယ်ခံအားကိုကျဆင်းစေတဲ့ ဗိုင်းရပ်စ်ရောဂါတမျိုးဖြစ်တယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ HIV ဗိုင်းရပ်စ် ပိုးဝင်ရောက်ပြီး နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ AIDS ရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် HIV ရောဂါပိုးဟာ လူတယောက်နဲ့တယောက် ဘယ်လိုကူးစက်စေသလဲ ၊ ဘယ်လိုနည်းလမ်းတွေကနေ ကူးစက်မှု အများဆုံးဖြစ်နေသလဲ ၊ ဘယ်လိုကာကွယ်လို့ရသလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ကရင်နီပြည်တွင်း တနေရာက ဖွင့်လှစ်ထားတဲ့ ဆေးရုံတခုမှာ ဆေးကုသမှုပေးနေတဲ့ CDM ဆရာဝန်တဦးဖြစ်သူ ဒေါက်တာစိုးရန်နိုင် နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
မေး ။ ။ HIV ဗိုင်းရပ်စ်အကြောင်းကို အရင်ဆုံးရှင်းပြပေးပါအုံးရှင့်။
ဖြေ ။ ။ HIV ဗိုင်းရပ်စ်ဆိုတာခါကျတော့ ကျနော်တို့ Human Immunodeficiency Virus (လူ့ကိုယ်ခံအားကျဆင်းမှုဗိုင်းရပ်စ်) ပေါ့နော။ ကျနော်တို့ လူ့ခန္ဓာကိုယ်မှာ ကိုယ်ခံအား၊ ခုခံအားတွေ ကျဆင်းလာအောင် တိုက်ထုတ်တဲ့ ဗိုင်းရပ်စ်တမျိုး ဖြစ်ပါတယ်။ သူကတော့ ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားတွေကို တိုက်ထုတ်တယ်၊ ပြီးတော့ ကျနော်တို့ခန္ဓာကိုယ်မှာ သာမန်အလျောက် အလိုအလျောက် ကျနော်တို့မှာ ခုခံအားစနစ်ဆိုတာ ရှိတယ်ပေါ့နော။ အဲဒီခုခံအားစနစ်ကို အားနည်းသွားအောင် ခုခံအားစနစ်တွေကျဆုံးသွားအောင် တိုက်ထုတ်တဲ့ရောဂါပိုးကို ကျနော်တို့ HIV လို့ ခေါ်ပါတယ်။
မေး ။ ။ HIV ဗိုင်းရပ်စ်ကို အဆင့် ဘယ်နှစ်ဆင့်သတ်မှတ်ထားတာရှိလဲ။
ဖြေ ။ ။ HIV ဗိုင်းရပ်စ်ကိုတော့ ကျနော်တို့ အဆင့်ကို ၃ဆင့် သတ်မှတ်ထားတယ်ပေါ့နော။ ပထမတဆင့်က ကျနော်တို့ Acute ပေါ့။ Acute ဆိုတာ ကျနော်တို့ အခုမှစဖြစ်ခါစ HIV အဆင့်ပေါ့။ ပြီးတဲ့အခါမှာ ကျနော်တို့ Acute HIV ရယ်၊ အဆင့်နှစ်ခါကျတော့ Chronic HIV ပေါ့။ Chronic stage ဆိုတာ Chronic ဆိုတာ နာတာရှည်အဆင့်ပေါ့။ နာတာရှည်အဆင့်နဲ့ နောက်ဆုံးအဆင့်မှာတော့ ကျနော်တို့ AIDS ပေါ့နော။ AIDS ရောဂါအဆင့်ဆိုပြီး ၃ဆင့် သတ်မှတ်ထားပါတယ်။
ကျနော်တို့ ပထမဆုံးအနေနဲ့ဆိုလို့ရှိရင် HIVရောဂါပိုးက ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီဆိုလို့ရှိရင် ကျနော်တို့စစချင်း ဝင်ရောက်ခါစဆိုတော့ ကျနော်တို့ Acute Stageပေါ့နော။ Acute Stage ဆိုတာ ကျနော်တို့ အခုမှစဖြစ်ခါစ။ အဲဒီအဆင့်မှာဆိုတော့ ကျနော်တို့လူတွေက ပုံမှန်အားဖြင့်ဆိုရင်တော့ ကျနော်တို့ fluပေါ့နော။ Flu ဆိုတာ ကျနော်တို့ ဖျားတယ်၊ ချောင်းဆိုးနှာစေး ဒီလောက်အဆင့်လေးပဲပေါ့နော။ ဒီလောက်အဆင့်လေးတွေနဲ့ပဲ ကျနော်တို့ နှစ်လ၊ သုံးလ ကျနော်တို့ရှိနေနိုင်သေးတယ်။ တကယ်လို့ ကိုယ်က အဲဒီအဆင့်မှာ သတိမထားလိုက်မိဘူးဆိုရင်တော့၊ ကျနော်တို့ဘယ်အဆင့်ကို ကူးသွားနိုင်လဲဆိုတော့ နာတာရှည်အဆင့်ကို ကူးသွားနိုင်တယ်။ နာတာရှည်အဆင့်ဆိုတာ နှစ်တွေချီပြီးတော့ ၅နှစ်၊ ၁၀နှစ် စသဖြင့်ပေါ့။ အဲလိုအဆင့်တွေအထိကို ကိုယ့်ကိုယ်ကို HIV ပိုး ရှိလို့ရှိမှန်း မသိတာလည်း ဖြစ်နိုင်တယ်။ နောက်သိရဲ့သားနဲ့ ကုသမှုကို အချိန်မီမလုပ်နိုင်တာ၊ ကုသမှုတွေပြတ်တောက်နေတာမျိုးလည်း ရှိနိုင်တယ်။ နောက်ဆုံးအဆင့်အနေနဲ့ကျ နာတာရှည်အဆင့်ကနေပြီးမှ AIDSဆိုတဲ့ ရောဂါအဆင့်၊ အဲဒီအဆင့်ကို ရောက်သွားနိုင်ပါတယ်။
HIV ရောဂါပိုးစဖြစ်ပြီဆို ကျနော်တို့ကိုယ်ခန္ဓာမှာပေါ့နော ကိုယ့်ကိုယ်ကိုဘယ်လိုစပြီးသိမလဲဆိုတော့ သာမာန်လူတယောက်လို ခုခံအားတွေအရမ်းကျလာမယ်။ ဥပမာအားဖြင့်ပြောမယ်ဆို ကျနော်တို့သာမာန်လူတယောက်က နှာစေး၊ ချောင်းဆိုးလောက်နဲ့ကို ခန္ဓာကိုယ်က ခံနိုင်ရည်ရှိနေတယ်။ နှာစေးချောင်းဆိုးလေးနဲ့ သာမန်ရာသီတုပ်ကွေးလောက်ကို ခံနိုင်ရည်ရှိနိုင်တယ်။ HIVရောဂါပိုးရှိနေတဲ့သူတယောက်ခါကျတော့ သူခံနိုင်ရည်မရှိတော့ဘူး။ ခံနိုင်ရည်မရှိတဲ့အခါ သူကဘာဖြစ်မလဲဆိုတော့ အဖျားတာရှည်မယ်ပေါ့နော။ အဖျားတာရှည်တယ်ဆိုတာ အဖျားကိုလချီပြီး ဖျားမယ်၊ ချောင်းဆိုးမယ်၊ ချောင်းဆိုးသလိပ်ပါမယ်၊ ချောင်းဆိုးသွေးပါမယ်၊ ပြီးရင်ဘတ်တွေ အောင့်လာမယ်။
ပြီးတဲ့ခါကျတော့ ကျနော်တို့ ပုံမှန်သာမာန်လူမှာဆိုတောင်မှပဲ သာမာန်လူတွေတောင်မှ သိနိုင်တာပဲလေး။ ဒီလူနာကြည့်ရတာ နည်းနည်းကင်ဆာရုပ်ပေါက်နေတာပေါ့။ ကျနော်တို့ ဆေးအခေါ်အဝေါ်မှာဆိုလို့ရှိရင်တော့ Cancerous Features လို့ခေါ်တာပေါ့နော။ Cancerous Features ဆိုတာ ကင်ဆာရောဂါသည် လူတယောက်ရဲ့ ပုံစံသွင်ပြင်တွေပေါ့နော။ ပုံစံသွင်ပြင်တွေ ရှိနေမယ်ပေါ့နော။ သူကကျတော့ အစားအသောက်ပျက်မယ်၊ စားချင်သောက်ချင်စိတ်တွေ ပျောက်ဆုံးနေမယ်၊ အဲလိုမျိုးတွေကျတော့ loss of weight, loss of empathy ပေါ့နော။ ခန္ဓာကိုယ် ကိုယ်အလေးချိန်တွေ သိသိသာသာ ကျလာမယ်။ ကိုယ်အလေးချိန်ကျလာတယ်ဆိုတာ ကျနော်တို့ ပုံမှန်ဝိတ်လျော့လို့ကျတာမျိုး မဟုတ်ဘဲနဲ့၊ အစားအသောက်ပျက်လို့ကျတာမျိုးမဟုတ်ဘဲနဲ့ သူကသိသိသာသာကြီးကို တလ နှစ်လအတွင်း လုံးဝချုံးချုံးကြီး ကျသွားမယ်ပေါ့နော။ ချုံးချုံးကျပြီးတော့ ကင်ဆာရုပ်ကနေပြီးတော့၊ အပြင်မှာလူတွေပြောပြောနေကြသလိုပေါ့ အဲလိုလက္ခဏာသွင်ပြင်တွေ ပေါ်လာမယ်ပေါ့နော။ ပြီးတဲ့ခါမှာ ကျနော်တို့ခန္ဓာကိုယ်မှာဆိုလို့ရှိရင် ကိုယ်လက်အင်္ဂါတွေ ကြွက်သားတွေ နာကျင်လာမယ်။
ပြီးတဲ့ခါ ညဖက်တွေဆိုလို့ရှိရင် ကျနော်တို့ဘယ်လောက်ပဲ ရာသီဥတုက အေးနေပါစေ၊ ကျနော်တို့ညဖက်တွေမှာဆိုလို့ရှိရင် ညဖက်ကို ချွေးတွေ၊ ချွေးစေးတွေပေါ့နော၊ ချွေးစေးတွေ တအားထွက်လာမယ်။ ခန္ဓာကိုယ်မှာ ကျနော်တို့အရေပြားမှာ ယားနာတွေပေါ့နော၊ ယားနာတွေထွက်လာမယ်။ ပြီးတဲ့ခါမှာ ကျနော်တို့ပါးစပ်မှာ ပါးစပ်မှာဆို ကျနော်တို့ဗမာအခေါ်ဆို မက်ခရုပေါ့နော၊ မက်ခရုတွေပေါက်တယ်လို့ ပြောကြတယ်။ mouth sores တွေပေါ့။ Sores တွေဆိုတာ ဒီပါးစပ်မှာ ပါးစပ်နဲ့လျှာ၊ ဒီအာခေါင်မှာ အနာတွေ၊ အဖြူဖတ်လိုမျိုး အဲလိုအနာတွေ ထွက်လာတတ်တယ်ပေါ့နော။ ဒါကတော့ HIV ကျနော်တို့ ပထမဦးဆုံး စတင်ကူးစက်ပြီးဆိုလို့ရှိရင် ကြုံတွေ့ရမယ့်လက္ခဏာတွေပေါ့။
မေး ။ ။ HIV ရောဂါက ဘယ်လိုကူးစက်နိုင်သလဲ။ ကူးစက်စေတဲ့ နည်းလမ်းထဲမှာ ဘယ်လိုနည်းလမ်းကနေ ကူးစက်မှု အများဆုံးဖြစ်သလဲ။ ဘာကြောင့်လဲ။
ဖြေ ။ ။ HIV ရောဂါပိုးကူးစက်ပုံကတော့ တမျိုးထဲပြောပါဆိုရင် HIVက သွေးကနေတဆင့် ကူးစက်တာ။ ဘယ်လိုကူးနိုင်လဲပေါ့နော။ ဘယ်လိုကူးနိုင်လဲဆိုတော့ သားအိမ်ကနေတဆင့် ကူးစက်မယ်၊ လိင်ဆက်ဆံတာကနေတဆင့် ကူးစက်နိုင်တယ်၊ ပြီးတဲ့ခါမှာ အမျိုးသား၊ အမျိုးသမီးရဲ့ လိင်အင်္ဂါပေါ့နော။ အမျိုးသား၊ အမျိုးသမီး လိင်အင်္ဂါကထွက်တဲ့ အရည်ပေါ့နော၊ ထွက်တဲ့အရည်ကနေ ကူးစက်နိုင်တယ်။ ပြီးတဲ့အခါမှာ မိခင်ကနေ ကလေးကို။ မိခင်ကနေ ကလေးကိုဆိုတာက ကိုယ်ဝန်ဆောင်မိခင်က သူ့ဝမ်းဗိုက်ထဲမှာရှိတဲ့ သန္ဓေသားကိုပေါ့နော ကလေးကိုကူးစက်နိုင်တယ်။ မွေးပြီးသားကလေးဆိုလည်း မိခင်နို့ရည်ကနေတဆင့် ကူးစက်နိုင်တယ်။ ပြီးတဲ့ခါ ရောဂါပိုးရှိထားတဲ့သူရဲ့သွေး ကိုယ့်ခန္ဓာကိုယ်ထဲရောက်သွားတယ် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော သွေးကကိုယ့်ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါမှာဆိုလို့ရှိရင် ကူးစက်နိုင်ပါတယ်။
မေး ။ ။ ဒီရောဂါကို ဘယ်လိုထိန်းချုပ်ကာကွယ်လို့ရလဲ။ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်နည်းက ဘာဖြစ်မလဲ။
ဖြေ ။ ။ ဘယ်လိုထိန်းချုပ်ကာကွယ်လို့ရလဲဆို HIVရောဂါပိုးကို pre-exposure နဲ့ post-exposure ဆိုပြီးတော့ နှစ်ခုရှိတယ်ပေါ့နော။ ဥပမာအားဖြင့် ကိုယ်ကသွေးနဲ့ထိတွေ့ရမယ့် professional တခုခု၊ professional တခုခုရဲ့ နေ့စဉ်လုပ်နေတဲ့အလုပ်တခုက သွေးနဲ့ထိတွေ့နေရတဲ့အလုပ်တခုဆိုရင် ဥပမာအားဖြင့် ကျနော်တို့ဆရာဝန်တွေရှိမယ်၊ ပြီးတဲ့ခါမှာ တက်တူးထိုးပေးတဲ့ သူတွေရှိမယ် စသဖြင့်ပေါ့နော။ ပြီးတော့ ဓာတ်ခွဲခန်းမှာ အလုပ်လုပ်တဲ့သူတွေရှိမယ်၊ အဲ့လိုလူမျိုးတွေက ကျနော်တို့အနေနဲ့က သွေးနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့နေရတယ်ပေါ့နော။ ထိတွေ့နေရတဲ့အခါမျိုးမှာ ကျနော်တို့တွေ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာကျတော့ pre-exposure ဆိုတာက မထိခင်၊ ရောဂါပိုးနဲ့မထိစပ်ခင်မှာ ကြိုတင်ကာကွယ်ထားလို့ရတာတွေရှိတယ်။
ပြီးတဲ့ခါ post-exposure ဆိုတာခါကျတော့ ရောဂါပိုးနဲ့ထိစပ်မိပြီးတဲ့နောက်မှာ ချက်ချင်းကာကွယ်ရမယ့်ဟာတွေ ရှိတယ်ပေါ့နော။ Pre-exposure ဆိုတာကျတော့ တကယ်လို့များ ကိုယ်ကဒီလိုမျိုး နေ့စဉ်နဲ့အမျှ ထိတွေ့နေရတာဖြစ်တဲ့အတွက် ကြိုပြီးကာကွယ်လို့ရမယ်ဆိုရင်တော့ ကျနော်တို့ Pre-exposure prophylaxis ပေါ့နော၊ အဲလိုကာကွယ်ပစ္စည်းလေးတွေ ကြိုပြီးတော့ သောက်ထားလို့ရတယ်။ ပြီးတဲ့အခါ post-exposure ဆိုတာခါကျတော့ ကျနော်တို့တကယ်လို့များ ရောဂါပိုးရှိတဲ့သူရဲ့သွေးကို ကိုယ်ကထိမိသွားတယ်။ ဒါမှမဟုတ် ဥပမာ – အလွယ်ဆုံးပြောရရင် အပ်စူးသွားတယ်၊ ဒါမှမဟုတ်ရင် ဓားရှသွားတယ် စသဖြင့်ပေါ့။ ရောဂါပိုးရှိသူတယောက်ယောက်ရဲ့ သွေးထိထားတဲ့ ချွန်ထက်တဲ့အရာ တခုခုနဲ့ကိုယ်က ရှမိသွားတယ်၊ ဒါမှမဟုတ် ကိုယ်ကလိင်ဆက်ဆံတယ်ပေါ့နော။ လိင်ဆက်ဆံတာကို ရောဂါပိုးရှိတဲ့သူနဲ့ လိင်ဆက်ဆံမိသွားတယ်ဆိုလို့ရှိရင် အနည်းဆုံးတော့ ၇၂ နာရီပြောရမယ်ပေါ့နော။ ၇၂ နာရီ ၃ရက်အတွင်းမှာ ကျနော်တို့ post-exposure ပေါ့နော ထိပြီးသွားတဲ့ဆေး အဲ့ဆေးကို အချိန်မီ ထိုးပေးဖို့တော့ လိုအပ်တယ်ပေါ့နော။ တကယ်လို့ကိုယ်က ခန္ဓာကိုယ်မှာ အဲလိုမျိုးတခုခုအနာတရရှိသွားတယ်၊ အပ်စူးသွားတယ်စသဖြင့်ပေါ့နော။ အဲလိုမျိုးတွေထိသွားတယ်ဆိုရင် အဲဒီဒဏ်ရာကို ဆပ်ပြာနဲ့ဆေးပြီး သူ့ရဲ့ဆေးနဲ့ပေါ့နော အချိန်မီဆေးရမယ်။ ဆေးပြီးတဲ့အခါ ကျနော်တို့ post-exposure ဆေး ပြန်သောက်ပေးဖို့တော့ လိုတယ်ပေါ့နော။
ပြီးတဲ့အခါ ကိုယ်ဝန်ဆောင်မိခင်တွေပေါ့နော။ ကိုယ်ဝန်ဆောင်မိခင်တွေက ကလေးကို ကူးစက်မှုနှုန်းကျဆင်းအောင်ဆိုလို့ရှိရင်တော့ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ်ဝန်ပုံမှန်အပ်ဖို့လိုတယ်။ ကိုယ်ဝန်အပ်ရမယ်၊ ဆရာဝန်နဲ့ဖြစ်ဖြစ် OGတွေနဲ့ပဲဖြစ်ဖြစ် ကိုယ်ဝန်ပုံမှန်အပ်ရမယ်။ အပ်တဲ့ချိန်မှာ ဆရာဝန်က ဆောင်ရန်ရှောင်ရန်တွေ ပြောပြမယ်။ ဆောင်ရန်ရှောင်ရန်တွေ ပြောပြခြင်း၊ ဆေးပေးခြင်းအားဖြင့် ကလေးကို ဒီဝမ်းဗိုက်ထဲမှာရှိတဲ့ သန္ဓေသားကို ကူးစက်မှုကို လျော့ချပေးနိုင်သလို၊ မွေးပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်လည်း ကျနော်တို့ကလေးကို နို့မတိုက်ဖို့ပေါ့နော။ နို့မတိုက်ဘဲနဲ့ ကျနော်တို့တခြားဖြည့်စွက်စာတွေနဲ့ပဲ ကလေးကို ကြီးပြင်းအောင်လုပ်ပေးဖို့အတွက်ကို ကျနော်တို့တွေက ဘေးကနေ အကြံပေးရမယ်ပေါ့နော အဲ့လိုနည်းတွေနဲ့ ကာကွယ်လို့ရပါတယ်။
မေး ။ ။ တော်လှန်ရေးကာလမှာကော ရောဂါဖြစ်ပွားစေတဲ့ အကြောင်းရင်း ရှိသလား၊ ဖြစ်နေတာရှိသလား။
ဖြေ ။ ။ ဖြစ်နေတာတော့ ရှိပါတယ်။ ဒီ AIDSရောဂါတွေ၊ HIVရောဂါပိုးဆိုတာ တကမ္ဘာလုံးမှာ ဘယ်နေရာမှ လုံးဝကြီးပျောက်ကွယ်တာ မရှိတဲ့အတွက် နေရာတိုင်းမှာတော့ ရှိနေနိုင်တယ်။ ကျနော်တို့ သိတာနဲ့ မသိတာနဲ့ ကွာမယ်ပေါ့နော။ အခု မြေပြင်ရောက်နေတာဆိုလို့ရှိရင် ကျနော်ဆိုလို့ရှိရင် ဒီကရင်နီကိုရောက်နေတာ ၃နှစ်ရှိပြီပေါ့နော။ တော်လှန်ရေးစဖြစ်ကတည်းက ရောက်နေတာ ၃နှစ်ရှိသွားပြီဖြစ်တဲ့အတွက်က ဆေးရုံမှာ ကျနော်တို့ ဒီရောဂါပိုးရှိတဲ့သူတွေပေါ့နော ရောဂါအခြေအနေ ကြုံတွေ့ရပါတယ်။ သူတို့ကကျတော့ စကတည်းက ဘယ်လိုကူးစက်လာလဲဆိုတော့ ရဲဘော်တွေမှာပဲဖြစ်ဖြစ်၊ ပြည်သူတွေမှာပဲဖြစ်ဖြစ်ပေါ့နော။ သူတို့ကတော့လာကြတာလေး
“ကျနော်တို့ဆီကို HIVရောဂါပိုးရှိလို့၊ AIDS ရောဂါပိုးရှိလို့ လာကြတာမဟုတ်ပေမဲ့ တခြားသော အကြောင်းရင်းတခုခုကြောင့် သွေးစစ်လိုက်တာပဲဖြစ်ဖြစ်၊ ခွဲခန်းဝင်ခါနီးမှာ ကျနော်တို့က သွေးစစ်လို့ သိသွားတာ အဲလိုမျိုးတွေနဲ့ပဲ အများဆုံးကြုံတွေ့ရတယ်ပေါ့နော။ “
ဆိုတော့သူက ဘယ်လိုနည်းနဲ့ သူ့ရဲ့ရှုထောင့်က ဖြေချင်တဲ့သူလည်း ရှိတယ်၊ မဖြေချင်တဲ့သူရှိတယ်ဆိုတော့ privacy အရ ကျနော်တို့က မမေးဘဲ ထားထားတယ်ပေါ့နော။ လက်ရှိ ရှိသွားပြီဆိုတော့ ကျနော်တို့က သူ့မှာ ရောဂါပိုးရှိနေပြီဆိုတာ ကျနော်တို့က counselling လုပ်ပေးတယ်။ ကျနော့်အမြင်အရ ပြောရမယ်ဆိုရင် ဒီဖက်မှာ သွေးနဲ့ပတ်သက်ပြီး ထိတွေ့မှုရှိနိုင်တာဆိုလို့ရှိရင် တက်တူးထိုးတာတွေပေါ့နော။ ဒီမှာကျ ပြည်သူကော၊ ရဲဘော်ကော၊ ကျနော်တို့ကအစ တက်တူးထိုးကြတာမျိုးတွေ ရှိကြတယ်။ အဲလိုနေရာမျိုးတွေမှာ နောက်ဆုံးကုန်ကုန်ပြောရလို့ရှိရင် ဆံပင်သွားညှပ်တာတွေကအစပေါ့နော။ ဆံပင်သွားညှပ်တာ တကယ်လို့များ ဒီတခါသုံးဘရိတ်ဓားကို မသုံးဘဲနဲ့၊ အခုကတော့ နောက်ပိုင်းကတော့ တခါသုံးဘရိတ်ဓားကိုပဲ သုံးတယ်ပေါ့နော။ အရင်တုန်းက ကျနော်တို့ ပင်တုံးဓားလို့ ခေါ်တယ်ပေါ့နော။ ပင်တုံးဓားဆိုတာ ဒီလူလာလည်း ဒီဓားနဲ့ပဲ၊ နောက်လူလာလည်း ဒီဓားနဲ့ပဲ အဲလိုမျိုးပေါ့။ အဲလိုမျိုးတွေ သုံးတဲ့အခါမှာ တကယ်လို့များ ရောဂါပိုးရှိတဲ့သူကို အသုံးပြုတဲ့ဒီဓားကိုပဲ နောက်တယောက်ကို ပြန်သုံးမိလို့ နောက်တယောက်မှာ သွေးထွက်သံယိုဖြစ်သွားတယ်။ သွေးလေးနည်းနည်း ထိသွားတယ်ဆိုရင်တော့ ကျနော်တို့ ကူးစက်နိုင်တယ်ပေါ့နော။ ဒီကူးစက်နိုင်တဲ့နည်းလမ်းတွေကတော့ ရှိနေတာပါပဲ။
“ကျနော်တို့ဒီအခု ၃နှစ်တာကာလအတွင်းမှာ စစ်မြေပြင်ဒေသအတွင်းမှာလည်း HIVပိုး ကူးစက်ခံထားရတဲ့လူနာတွေ ကြုံတွေ့နေရပါတယ်။”
ကျနော်တို့ဆေးရုံပေါ့နော။ ကျနော်တို့က မြေပြင်ဆေးရုံတွေဖြစ်တဲ့အတွက် ကျနော်တို့ ဒီမြေပြင်ဆေးရုံမှာတော့ ကျနော်တို့ ART therapy core ကတော့ မရှိဘူးပေါ့နော။ မရှိတဲ့အတွက် ဒါကတော့ မြို့မှာပဲ ဝယ်လို့ရတာဖြစ်တဲ့အတွက် ခုနလိုဆေးရုံကို ရောက်လာတယ်။ တခြားသောရောဂါအမျိုးမျိုးနဲ့ ရောက်လာတယ်။ trauma နဲ့ပေါ့နော။ War trauma စစ်ဒဏ်ရာကြောင့် ရောက်ရှိလာပြီးတော့ ကျနော်တို့ဆီမှာ သွေးစစ်လိုက်ပြီးတော့မှ ပေါ်သွားတာမျိုး။ သူ့မှာရောဂါပိုးရှိနေတာ သိသွားတာမျိုး ဖြစ်တဲ့အခါမှာ ဘာလုပ်ပေးလို့ရလဲဆိုတော့ ခင်ဗျားမှာ မင်းမှာ ရောဂါပိုးရှိနေပြီ၊ ရောဂါပိုးရှိနေတဲ့အတွက် တကယ်လို့များသူက Singleပဲဆိုရင် ပြဿနာမရှိဘူး။ အိမ်ထောင်သည်ဖြစ်နေတယ်ဆိုလို့ရှိရင် အမျိုးသမီးနဲ့ ကလေးရှိနေတယ်ဆိုလို့ရှိရင်လည်း ကလေးကိုပါ သွေးစစ်ကြည့်ဖို့လိုအပ်တယ်။ ပြီးတဲ့အခါမှာ ရောဂါပိုးရှိနေတဲ့အတွက် ဒီမှာခါကျတော့ War zoneဖြစ်နေတယ်။ War Zoneဖြစ်နေတဲ့အတွက် တော်တော်များများ ၁၀၀ မှာ ၈၉ ရာခိုင်နှုန်းလောက်က မြို့ပေါ်ကိုသွားဖို့ အဆင်မပြေလောက်ကြဘူး။ အဆင်မပြေတာကြောင့် ဆေးမှာမယ်ဆိုလို့ရှိရင်တောင် ဆေးမှာလို့အဆင်ပြေနိုင်သလား၊ မြို့သွားမယ်ဆိုလို့ရှိရင် မြို့သွားနိုင်ဖို့ အဆင်ပြေနိုင်မလား အဲလိုမျိုးဆိုလို့ရှိရင် ကျနော်တို့ ART treatment ကို ယူလို့ရမယ်ပေါ့နော။ တကယ်လို့များ အဲလိုမျိုးမသွားနိုင်ဘူး၊ ဆေးလည်းမှာလို့မရနိုင်ဘူးဆိုလို့ရှိရင်တော့ သာမာန်လူတယောက် နေထိုင်ပုံနေထိုင်နည်းအတိုင်း နေလို့ရမယ်။ သို့သော် ကာကွယ်ရမယ့်နည်းလေး ဆောင်ရန်ရှောင်ရန်လေးတွေကိုတော့ ကျနော်တို့မှာပေးရတယ်ပေါ့နော။ ကျနော်တို့ဖက်ကတော့ ဒီလောက်ပဲ တတ်နိုင်တယ်။
မေး ။ ။ ဒီရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲအနေနဲ့ဆိုရင် ဘာတွေစိန်ခေါ်မှုရှိနေသလဲ။
ဖြေ ။ ။ နောက်ဆက်တွဲအနေနဲ့ဆိုလို့ရှိရင်တော့ ကျနော်တို့ သူကတဖြည်းဖြည်းချင်း ခုနလိုပေါ့ သူရောဂါပိုးရှိနေတာ သူကိုယ်တိုင်လည်း မသိဘူးလေး။ ကျနော်တို့လည်း မသိရဘူး။ ဘယ်လောက်ကြာနေပြီလဲလည်း မသိရတာဖြစ်တဲ့အတွက် ကျနော်တို့သွေးစစ်ကြည့်လို့ သွေးထဲမှာ အဖြေပေါ်နေပြီ၊ ရှိနေပြီဆိုတာ သိနေပြီဆိုရင် သူက Acute stage ပဲ ရှိသေးတာလား၊ Chronic stage ရောက်နေပြီလား။ တခါတလေကျလို့ရှိရင်
“တချို့သော HIV ရောဂါပိုးဝေဒနာရှင်တွေက Signs တွေ၊ Symptoms တွေ ဘယ်လိုလက္ခဏာတွေမှ မပြဘဲနဲ့ကို သာမာန်လူတယောက်လိုပဲ နေထိုင်တယ်။ “
အဲလိုလူမျိုးတွေလည်း ကျနော်တို့ကြုံဖူးတာပဲ။ လူကောင်းကြီးပဲ တကယ်လို့သွေးလှူခါနီးကျတော့မှ၊ ခွဲခန်းဝင်ခါနီးဆိုခါကျတော့မှ သွေးစစ်တော့မှ ပေါ်သွားတော့မှ သူလည်းတအားshock ရသွားတယ်ပေါ့နော အဲလိုမျိုးတွေလည်း ရှိတတ်တယ်။ တကယ်လို့များ သူကသူ့ရဲ့ privacyအရ မပြောပြချင်ဘူးဆိုလို့ရှိရင်တောင်မှပဲ အနည်းဆုံးတော့ သူ့ရဲ့နီးစပ်ရာ အနီးစပ်ဆုံး closet friendsတွေ ဖြစ်မယ်၊ ဒါမှမဟုတ် သူငယ်ချင်းတွေရှိမယ်၊ မိတ်ဆွေတွေ၊ ဒါမှမဟုတ် သူ့ရဲ့မိသားစုပေါ့နော အနည်းဆုံးတော့ အဲလောက်ကိုတော့ ကျနော်တို့က ကြည့်ပေးရမယ်။ ကြည့်ပေးရမယ်ဆိုတာက ဒါမှသာ သူကိုယ်တိုင်ကနေ တခြားသူကို မကူးစက်နိုင်အောင် တဖက်ကလည်း ကာကွယ်လို့ရမယ်ပေါ့နော။ ဆိုတော့ သာမာန်လူတယောက်လို နေထိုင်တဲ့အခါ သူ့မှာလည်း ဘယ်လိုနည်းတွေနဲ့ဆို ကူးနိုင်တယ် စသဖြင့်ပေါ့ အဲလိုအရာလေးတွေတော့ ကျနော်တို့ဖက်က ရှင်းပြပေးရမယ်ပေါ့နော။
မေး ။ ။ HIV ရောဂါခံစားနေရတဲ့သူတယောက်ဆိုရင် ဘယ်လိုနေထိုင်စားသောက်သင့်လဲ။
ဖြေ ။ ။ ရောဂါရဲ့နာမည်ကိုက ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဖြစ်တဲ့အတွက် သာမာန်နှာစေးချောင်းဆိုးလေးကအစ သူ့ဆီမှာ ဒီရောဂါရှင်မှာ အကြီးကြီးခံစားရတယ်။ အကြီးကြီးခံစားရတာဖြစ်တဲ့အတွက် သူကသာမာန်လူတယောက်ရဲ့ ကိုယ်ခံအားအတိုင်း မရှိနေတော့ဘူး။ အဲဒီအတွက် သူက သာမာန်လူတယောက်လို စားသောက်လို့ရတယ်။ သို့သော် သူက သာမာန်လူတယောက်ထက်ကို ခုခံအားကျနေတာဖြစ်တဲ့အတွက် အစစအရာရာတော့ သတိထားရမယ်ပေါ့နော။ သူကိုယ်တိုင်မှာဆိုလို့ရှိရင် ကျနော်တို့ ဥပမာအားဖြင့် တခြားနေမကောင်းဖြစ်စေမဲ့အရာတွေ ရှောင်ရှားရမယ်။ ရှောင်ရှားရမယ်ဆိုတာ သာမာန်လူတယောက်လို နေထိုင်ပေမဲ့လည်း၊ ဥပမာ သူဖျားတယ်၊နာတယ်၊ နှာစေးချောင်းဆိုးလေးကအစ ဆေးသောက်ထားမယ်။ ကိုယ်တွေလို သာမာန်လူတွေလို ပေါ့ပေါ့တန်တန်နေလို့ မရဘူးပေါ့နော သူတို့ကကျတော့၊ ပြီးတဲ့အခါ သူကိုယ်တိုင်အပြင် ဘေးပတ်ဝန်းကျင်က သူ့ရဲ့နီးစပ်ရာပတ်ဝန်းကျင်က လူတွေဆိုလို့ရှိရင်လည်း သာမာန်လူတယောက်လိုပဲ သူ့ကို ဆက်ဆံလို့ရပါတယ်။
ရောဂါပိုးရှိနေပေမဲ့လည်း ဥပမာအားဖြင့် ကျနော်တို့ သူ့အသားချင်းထိတာမျိုး၊ ဖက်တယ်၊ နမ်းတယ်စသဖြင့်ပေါ့နော အဲ့လောက်နဲ့လည်း၊ အဲဒါတွေနဲ့လည်း ကူးစက်စရာအကြောင်းတွေ မရှိဘူး။ ပစ္စည်းချင်း share သုံးတာမျိုး၊ သူသုံးထားတဲ့ပစ္စည်း သူ့ရဲ့အဝတ်အစားစသဖြင့် သူ့ရဲ့မျက်နှာသုတ်ပဝါ စသဖြင့် အဲလိုပစ္စည်း share သုံးတာမျိုးနဲ့ ကူးစက်စရာအကြောင်းမရှိဘူး။ နောက်ဆုံး ထမင်းတဝိုင်းတည်း အတူတူတောင် ထိုင်စားလို့ရတာပဲ။
သူကရောဂါပိုးရှိနေတဲ့သူ ဝေဒနာရှင်ဆိုပြီးတော့ သူ့ကိုသီးသန့်ဖယ်ကျဉ်ထားစရာ မလိုဘူးပေါ့နော။ ကျနော်တို့ရဲ့ social မှာဆိုလို့ရှိရင်တော့ ကျနော်တို့က လူနာရှင်ကို ကျန်းမာရေးအရ mental counselling လုပ်ပေးတာ၊ psychological counselling လုပ်ပေးရတယ်ပေါ့နော။ ရောဂါပိုးရှိလာပြီဆိုလို့ရှိရင်တော့ ဘယ်လိုရောဂါပဲဖြစ်ဖြစ် စိတ်ညစ်တာ၊ အနည်းဆုံးစိတ်ညစ်ရတာပဲ။ ဒီလိုရောဂါဝင်လာတဲ့ချိန် ကိုယ့်မှာစိတ်ကျရောဂါပါ ဝင်လာတတ်တယ်။ ဝင်လာတတ်တာဖြစ်တဲ့အတွက် ကျနော်တို့က သာမာန်လူတယောက်လိုမျိုး အားပေးရမယ်။
မေး ။ ။ HIV ရောဂါထိန်းဆေးကို သောက်သုံးရတဲ့သူတွေဟာ ဆေးပြတ်သွားခဲ့မယ်ဆိုရင် ဘယ်လိုသက်ရောက်ရောက်မှုတွေရှိလဲ။ ကူးစက်နှုန်းပိုမိုပြန့်ပွားသွားတာမျိုး ဖြစ်လာနိုင်လား။
ဖြေ ။ ။ ပုံမှန်တချို့က ဆေးသောက်နေတယ်ပေါ့နော။ ဆေးသောက်နေရင်းနဲ့ကိုမှ ဆေးပြတ်သွားတာမျိုး၊ တချို့ကျပေါ့ပေါ့တန်တန်နေပြီးတော့ ဆက်မသောက်တော့တာမျိုး ဒါကသူ့ရဲ့ personal ပါ။ ARTဆေးက ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဒီရောဂါပိုးကို ရောဂါပိုးပြန့်နှံ့မှုကို လျော့ချပေးတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုက်ထုတ်တဲ့အရာတွေကို တတ်နိုင်သလောက်နည်းနည်းလေးပြန်ပြီး မြှင့်တင်ပေးတယ်။ ဒီလိုပဲလုပ်ပေးနိုင်တယ်။ လုံးဝအရှင်းပျောက်အောင် လုပ်ပေးနိုင်တာ မဟုတ်တဲ့အတွက် သူကဒီဆေးကို နှစ်ရှည်လကြာသောက်ပြီးတော့ သာမာန်လူတယောက်လို နေထိုင်လို့ရတယ်။
အကယ်၍ဆေးပြတ်သွားခဲ့သည်ရှိသော် ဘာဖြစ်လာနိုင်လဲဆိုတော့ ခုနကလိုမျိုး ခန္ဓာကိုယ်ထဲမှာရှိတဲ့ ခုခံအားပိုးတွေက ပြန်ပြီးတော့ ပြန့်ပွားလာနိုင်တယ်။ ဘာဖြစ်နိုင်လဲဆိုတော့ ဆေးပြတ်သွားတော့ သူကနှစ်ရှည်လများစွဲသောက်ပြီး ရုတ်တရက်ကြီးပြတ်သွားတယ်။ AIDSရောဂါအထိကို ပြောင်းလဲသွားတာမျိုးတွေ ဖြစ်သွားနိုင်တယ်။ ပြီးတဲ့အခါ သူကဆေးနဲ့ပဲ ခန္ဓာကိုယ်ရဲ့ခုခံအားကို ထိန်းထားတာဖြစ်တဲ့အတွက် ဆေးပြတ်သွားတဲအခါ ခုခံအားက အရမ်းကျသွားတယ်။ ကျသွားတဲ့အခါမှာ ရောဂါပေါင်းစုံဝင်လာနိုင်တယ်။ တီဘီကအဆုံး တခြားနမိုးနီးယားအဆုံးစသဖြင့်ပေါ့နော တခြားရောဂါပိုးတွေ ဝင်လာနိုင်တာဖြစ်တဲ့အတွက် ကျနော်တို့က ဆေးသောက်နေတယ်ဆို တတ်နိုင်သလောက်ဆေးကိုမပြတ်အောင် ထိန်းထားဖို့လိုတယ်။ မေ့လျော့သွားတာမျိုးတော့ ရှိတတ်တာဖြစ်တဲ့အတွက် မေ့လျော့သွားလည်း ပြန်သောက်ဖို့၊ ပြီးတဲ့အခါ ကိုယ့်သဘောနဲ့ကိုယ် မထူးတော့ပါဘူးလေးဆိုပြီး မသောက်ဘဲနေတာမျိုးတွေ မလုပ်ဘဲနဲ့ ကျနော်တို့တွေဆေးကို စွဲသောက်နေဖို့လိုတယ်ဆိုတဲ့အကြောင်း counselling လုပ်ပေးဖို့လိုပါတယ်။
မေး ။ ။ HIV ရောဂါ ခံစားရသူတဦးဟာ ဘယ်လောက်ကြာကြာမှာ (သို့) ဘယ်လိုအချိန်မှာ AIDS ရောဂါကို ခံစားရနိုင်လဲ။ HIV နဲ့ AIDS ရောဂါရဲ့ ကွာခြားချက်ကိုရှင်းပြပေးပါ။
ဖြေ ။ ။ HIV နဲ့ AIDSက မတူဘူးပေါ့နော။ HIVဆိုတာ ကျနော်တို့ နာမည်မှာကိုက Human Immunodeficiency Virus ။ AIDS ဆိုတာခါကျတော့ Acquired Immunodeficiency Syndrome ပေါ့နော။ HIVဆိုတာက ရောဂါပိုး၊ AIDSဆိုတာ ရောဂါ။ ဒါနှစ်ခုကတော့ မတူဘူးပေါ့နော။ အဆင့်၃ဆင့်မှာ ကျနော်တို့HIVရောဂါပိုးစပြီးကူးစက်ပြီဆိုလို့ရှိရင် Acute stage ရှိတယ်၊ Chronic stage ရှိတယ်။ နောက်ဆုံးအဆင့်ကျတော့ AIDSဆိုတဲ့အဆင့် ရှိတယ်။ ဘယ်အခြေအနေအထိပို့နိုင်လဲဆိုတော့ Chronic stageကိုတောင်မှပဲ တချို့တွေဆို ၅နှစ်၊ ၁၀နှစ်လောက်ထိ ရှိနေနိုင်တယ်။ ပြီးတဲ့အခါ ကျနော်တို့နောက်ဆုံး Chronic stageကနေ နောက်ဆုံးအဆင့်ကို ကူးဖို့ကျတော့ အနည်းဆုံးတော့ တချို့တွေ ၁၀ နှစ်၊ ၁၅ နှစ်လောက်တော့ ကြာတယ်။ အဲလောက်အတွင်းမှာရောက်သွားပြီဆို ကိုယ်ကရောဂါပိုးရှိတာမသိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ်လည်း ရှိရဲ့သားနဲ့ ပေါ့ပေါ့ဆဆနေမိလို့ AIDSရောဂါအဆင့်ကို ရောက်သွားတာမျိုးတွေဆိုရင်တော့ အနည်းဆုံး ၁၀ နှစ်ကနေ ၁၅ နှစ်လောက်ထိတော့ ကြာနိုင်ပါတယ်။
မေး ။ ။ ဆရာအနေနဲ့ HIV, AIDS ရောဂါနဲ့ပတ်သက်ပြီး တခြားဖြည့်စွက်ပြောပြပါအုံးရှင့်။
ဖြေ ။ ။
“ဒီရောဂါကတော့ ကုရာနတ္တိဆေးမရှိ ရောဂါပေါ့နော။ သို့ပေမဲ့လည်း ကျနော်တို့က ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တာဖြစ်တဲ့အတွက် HIV, AIDS ရောဂါဆိုးကြီးက အန္တရာယ်ရှိတယ်၊ အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့အတွက် ကျနော်တို့က ကြိုတင်ကာကွယ်ထားရမယ်ပေါ့နော။ “
ရောဂါရှိတဲ့သူမှမဟုတ်ဘူး ရောဂါမရှိတဲ့ ကျနော်တို့သာမာန်လူတွေကအစ ကာကွယ်ထားရမှာဖြစ်တဲ့အတွက် အဓိကပြောချင်တာကတော့ ဒီရောဂါကြီးကူးစက်တဲ့နည်းလမ်းပေါ့နော၊ ကူးစက်စေတဲ့နည်းလမ်းကတော့ sexက လိင်ကတဆင့်ကူးစက်တာဖြစ်တဲ့အတွက် ဆောင်ရန်ရှောင်ရန်တွေမှာဆိုလို့ရှိရင် ကျနော်တို့ Latex Condoms ကို သုံးမယ်။ ကိုယ်က ကိုယ့်ရဲ့ပါတနာပေါ့နော ကိုယ့်ရဲ့ပါတနာက ရောဂါပိုးရှိလားမရှိဘူးလား မသိဘူးဆိုလို့ရှိရင်တော့ ကျနော်တို့က မဖြစ်ခင်အကာအကွယ်လုပ်တာ အကောင်းဆုံးပဲပေါ့နော။ တကယ်လို့ကိုယ့်ရဲ့ပါတနာက သွေးစစ်ပြီးသား၊ ကိုယ်ကိုယ်တိုင်ကလည်း သွေးစစ်ပြီးသားဆိုရင်တော့ ပြဿနာမရှိဘူး။ ကိုယ့်ရဲ့ပါတနာက မစစ်ထားဘူး၊ မသိဘူးဆိုလို့ရှိရင် ကွန်ဒုံးသုံးတာ အကောင်းဆုံးပဲပေါ့နော။
သာမာန်လူတယောက်လိုပဲ နေလို့ရပါတယ်။ တဖက်ကကျတော့ သူရဲ့အနီးစပ်ဆုံးမိသားစုဝင်တွေ၊ သူငယ်ချင်းတွေကိုလည်း သူ့ကိုပစ်မထားဖို့၊ ဒီရောဂါပိုးရှိနေတဲ့သူတွေကို ဖယ်မထားဖို့ စသဖြင့်ပေါ့နော အဲ့လိုစိတ်ခွန်အားတွေ ကျနော်တို့ဖက်က ပေးရတယ်ပေါ့နော။ ပြောရမယ်ဆိုလို့ရှိရင် ဒါကစစ်မြေပြင်ဖြစ်နေတဲ့အတွက် ကျနော်တို့က မြို့ပေါ်မှာ မဟုတ်ဘူး။ မြို့ပေါ်မှာမဟုတ်တဲ့အတွက် facilities အပြည့်တော့မရနိုင်ဘူး။ ART ဆေးတွေလည်း မရနိုင်တဲ့အတွက် သူ့ကိုသာမာန်လူတယောက်လိုပဲ နေထိုင်သွားဖို့အတွက်ကို ကျနော်တို့ကတခြားနည်းလမ်းနဲ့။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တာဖြစ်တဲ့အတွက် ဝေဒနာရှင်ကော၊ သာမာန်လူတွေမှာကော ဒီ HIV, AIDS ရောဂါဆိုးဆိုတာ ကုရာဆေးမရှိတဲ့အတွက် အစစအရာရာ စိတ်ရောလူရော ကြိုတင်ကာကွယ်ပေးထားလို့ လိုအပ်ပါတယ်။
မေး ။ ။ ကန္တာရဝတီတိုင်း (မ်)ရဲ့မေးမြန်းမှုကို ဖြေကြားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ရှိပါတယ်ရှင့်။
ဖြေ ။ ။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ ကျနော်တို့ကလည်း အခုလိုမျိုး ကျန်းမာရေးအသိပညာတွေ ဝေမျှခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။