spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးမှာ ပါးနပ်ဖို့ လိုကြောင်း၊ လူမိုက်လုပ်ပြီးတော်လှန်ရေး လုပ်လို့မရကြောင်း KNPP ပြော

ကန္တာရဝတီတိုင်း(မ်)

ရန်သူကို ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ ပါးနပ်ဖို့လိုပြီး လူမိုက်လုပ်ပြီးတော်လှန်လို့ မရကြောင်း ဒီကနေ့ ဩဂုတ်လ (၁၇)ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီပြည်တပ်မတော်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး-၁ ခူးဒယ်နီယာယ်က ပြောဆိုလိုက်ပါတယ်။

“တိုက်ပွဲဝင်တယ်ဆိုတာကတော့ သေရမယ်ကြေရမယ်ဆိုတာတော့ လူတိုင်းခံယူဖို့လိုတယ်။ တကယ်တမ်း ဒီအဖြစ်အပျက်က ရှိပြီးသားပေါ့။ ဆိုတော့ ဒီတိုက်ပွဲဝင်တဲ့နေရာမှာ ရန်သူကိုရင်ဆိုင်နေတဲ့နေရာမှာတော့ သူတို့နဲ့ ရင်ဆိုင်တိုက်ဖို့ဆိုတာက ကိုယ်ကတော့ ပုံမှန် သူတို့ကတော့ အစိုးရလို့ ပြောလို့ရတယ်။ သူ့မှာလက်နက်စက်ရုံထုတ်လုပ်တဲ့ စက်ရုံရှိတယ်။ ဂိုဒေါင်ရှိတယ်။ အဲဒါရင်ဆိုင်တဲ့နေရာမှာ ပါးနပ်ဖို့တော့လိုတယ်။ လူမိုက်လုပ်ပြီးတော်လှန်လို့တော့မရဘူး။ နည်းပညာပါဖို့လိုတယ်။ ကိုယ့်မှာရှိတဲ့အင်အားနဲ့ သူတို့ရဲ့အင်အားကိုနှိုင်းယှဉ်ပြီးတော့မှ ကိုယ်အလုပ်လုပ်တတ်ဖို့တော့လိုတယ်။ ဒါကတော့ လူတိုင်းကို အသိပေးချင်တယ်ပေါ့လေ။ သူနဲ့ တန်းရင်ဆိုင်တိုက်ပွဲလုပ်လို့ကတော့ လက်နက်စက်ရုံတွေမရှိဘူး။ ဂိုဒေါင်တွေမရှိဘူး။ အဲ့လိုမျိုးဟာတွေက ကျတော်တို့ သူ့ကို တော်လှန်တဲ့ လူတိုင်းကတော့ သိထားဖို့တော့လိုတယ်။”လို့ ခူးဒယ်နီယာယ်က ပြောပါတယ်။

(၇၃)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဌာနချုပ်တည်ရှိရာ ညာမူ(ခေါ်) တာလဲဒူဆိုမှာ အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကရင်နီပြည်ဟာ ၁၉၄၈ မတိုင်မှီမှာ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိပြီး သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခုအဖြစ် ရပ်တည်ခဲ့ပေမယ့် ၁၉၄၈ ခုနှစ်မှာ ဗမာပြည်လွတ်လပ်ရေးပြီးနောက် ဖဆပလ တပ်မှ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူတပ်ကို ခုခံတော်လှန်ရန် ဩဂုတ်လ (၁၇)ရက်နေ့မှာ ကရင်နီတပ်မတော်ကို ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကို ဆင်နွဲခဲ့တာ ဖြစ်ပါတယ်။

“ဒီတပ်မတော်ကတော့ ကျတော်တို့သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ဆုံးရှုံးပြီးတဲ့နောက်ပိုင်းမှာ လိုအပ်လို့ ရန်သူတွေကို တိုက်ထုတ်ဖို့ဆိုပြီးမှ ကျတော်တို့ ဖွဲ့စည်းခဲ့တာပေါ့လေ။ သမိုင်းကြောင်းအရ ပြောရရင်တော့ အရင်တုန်းက သီးခြားလွတ်လပ်တဲ့ တိုင်းပြည်ပြန်လည်ရရှိဖို့ ကျတော်တို့ တပ်မတော်ကို ဖွဲ့စည်းခဲ့တာဖြစ်တယ်။” လို့ ခူးဒယ်နီယာယ်က ဆက်ပြောပါတယ်။

ဩဂုတ်လ (၁၇)ရက်နေ့မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့မှာ ကရင်နီပြည်တပ်မတော်မှ မိမိတို့ရဲ့ သစ္စာအဓိဌာန်များကို ဦးထိပ်ပန်ဆင်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ကရင်နီပြည်နဲ့ ကရင်နီအမျိုးသားတို့ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ အကာအကွယ်ပေးမယ့် တပ်မတော်အဖြစ် ခိုင်မာစွာ ရပ်တည်သွားကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုဌာနချုပ်ရဲ့ သဝဏ်လွှာမှာ အသိပေးထားပါတယ်။

“ကရင်နီတပ်မတော်နေ့အခမ်းအနားမှာတော့ ကျတော်တို့ပြောချင်တာတော့ ပြည်သူတွေ အားမလျော့နဲ့ပေါ့။ ရဲဘော်တွေလည်း အားမလျော့ကြပါနဲ့လို့ ပြောချင်ပါတယ်” လို့ ကရင်နီရဲမေတစ်ဦးက ပြောပါတယ်။

ကရင်နီတပ်မတော်ဟာ ကရင်နီတစ်မျိုးသားလုံးရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ကိုယ်ကြမ္မာကို ဖန်တီးခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ယနေ့အထိ နှစ်ပေါင်း ၇၀ ကျော်တိုင် တိုက်ပွဲဝင်နေခြင်း ဖြစ်ပါတယ်။

နိုင်ငံရေးအခြေအနေဟာ အားလုံး သိရှိထားပြီးအတိုင်း အာဏာရှင်များ ချုပ်ငြိမ်းရေးအတွက် လူထုတိုက်ပွဲနဲ့အတူ ဆင်နွဲနေကြပြီး ကရင်နီပြည်နဲ့ ကရင်နီအမျိုးသားများအတွက်သာမက လက်ရှိမြန်မာနိုင်ငံကိုဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် နိုင်ငံရေးစနစ်ပြောင်းလဲနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြသလို လျှောက်လှမ်းနေတဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် မရောက်မီ နိုင်ငံရေးသတိ၊ စစ်ရေးသတိများကို လက်ဆုပ်လက်ကိုင်ပြုရမှာဖြစ်ပြီး မိမိတို့ရဲ့မှန်ကန်တဲ့ရပ်တည်မှုအပေါ် နိုင်ငံရေးဖိအား၊ စစ်ရေးဖိအားများဖြင့် တွန်းအားပေးလာမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနိုင်ရန် ကရင်နီပြည်တပ်မတော်သည် ကြံ့ကြံ့ခိုင်ဖို့ လိုအပ်တယ်လို့ ပါတီဗဟိုဌာနချုပ်က ပြောဆိုထားပါတယ်။

spot_img
spot_img