spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးမှာ အသက်ပေးဆပ်ရသူတွေနဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသူတွေကို မမေ့ပစ်ကြဖို့ KA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ် တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီအမျိုးသားခုခံတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာတဲ့ အာဇာနည်နေ့ဟာ ဝမ်းနည်းကြေကွဲရတဲ့နေ့ဖြစ်ပြီး တော်လှန်ရေးမှာ အသက်ပေးဆပ်ရသူတွေနဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသူတွေကို မမေ့ကြဖို့ ကရင်နီအမျိုးသားအားလုံးကို ကရင်နီပြည်တပ်မတော် (KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ ( ၇၆ ) နှစ်မြောက် ကရင်နီအာဇာနည်နေ့အခမ်းအနားကို ကရင်နီပြည်တပ်မတော် (KA) ဌာနချုပ်ဖြစ်တဲ့ တာလဲဒူဆို ( ခေါ် ) ညာမို မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားအပြီး ကန္တာရဝတီတိုင်း ( မ် ) ရဲ့ မေးမြန်းမှုအပေါ်မှာ ဗိုလ်မှူးချုပ် အောင်မြတ်က အခုလို ဖြေကြားထားပါတယ်။

“ ( ၇၆) နှစ်ရှိပြီ။ ဆိုတော့ ပြောချင်တာက ဒီကနေ့က ပျော်ပွဲရွှင်ပွဲနေ့မဟုတ်ဘူး။ ဝမ်းနည်းပက်လက် ဝမ်းနည်းကြေကွဲနေ့။ ဝမ်းနည်းပြီးကြေကွဲတာတောင်မှ တိုင်းပြည်အတွက် လူမျိုးအတွက် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မိမိတို့ ရဲဘော်ရဲဖက်ပေါ့နော ကျဆုံးသွားတဲ့ဟာတွေ ခေါင်းဆောင်ကျဆုံးသွားတဲ့ဟာတွေ ဝမ်းနည်းကြေကွဲတာပေါ့။ သို့သော်လည်းပဲ သူတို့အတွက် ဂုဏ်ယူရမှာပေါ့။ ဒါက အခုမှမဟုတ်တာ။ အခုဆို ပိုဆိုးတာပေါ့။ ရွာလည်းမရှိတော့ဘူး အိမ်လည်းမရှိတော့ဘူး လူတွေလည်းဘဝပျက်နေကြတယ်။ ချက်ချင်းပြီးတော့မှ တမလွန်ဘဝပြောင်းသွားတာ ဘားမှပြဿာနာမရှိဘူး။ အခုက ကိုယ်လက်အင်္ဂါချို့ယွင်းတာတွေ မသန်မစွမ်းဖြစ်တာတွေက မပစ်ထားကြဖို့ ကရင်နီတစ်မျိုးသားလုံးကို ပြောချင်တယ်။ ကရင်နီတော်လှန်ရေးလူကြီးတွေကိုလည်း ပြောချင်တယ်။ အဝေးရောက် နိုင်ငံခြားမှာရောက်နေတဲ့ ကရင်နီအမျိုးသားတွေကိုလည်း ပြောချင်တယ်။ ဒီလောက်ပဲပြောချင်တယ်။ဝမ်းနည်းတယ်။” လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောဆိုပါတယ်။

သားဖြစ်သူ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်ထားခြင်းဟာ မွန်မြတ်ပြီး မိဘတစ်ဦးအနေနဲ့လည်း ဂုဏ်ယူရသလို ကျန်ရှိနေသူများအနေနဲ့ အာဏာရှင်ကို ဆက်လက်ပြီး ဝိုင်းဝန်းတော်လှန်သွားကြဖို့ အခမ်းအနားကို တက်ရောက်လာသူ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“တိုင်းပြည်အတွက် အကျိုးရှိတာပေါ့။ မိဘအတွက်ကော ကောင်းပါတယ်လို့ပဲ ပြောရမှာပေါ့ ကျနော်တို့ တစ်မျိုးသားလုံးအတွက်ပေါ့။ ကျနော်တို့ကရင်နီပြည်က ဖိနှိပ်ခံလာရတာ နှစ်ပေါင်း ၇၀ ကျော်ပြီလေ။ ကျနော်တို့ခံလာခဲ့ရတာကြာပြီ။ ဒီနေ့အထိလည်း မပြီးဆုံးနိုင်သေးဘူး။ ကျန်နေသေးတဲ့သူတွေလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိသေးဘူး။ မပြီးနိုင်သေးဘူးကော။ စစ်တပ်က ကျနော်တို့ကို ဖိနှိပ်တာတွေကို အားလုံးအတူတူ ဝိုင်းဝန်းကြိုးစားပြီးတော့ ဆက်တော်လှန်ကြမယ်လေနော။” လို့ အခမ်းအနားတက်ရောက်လာသူ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ဟာ ကရင်နီအမျိုးသားတို့ရဲ့ ဝမ်းနည်းဖွယ် အထိမ်းအမှတ်နေ့ဖြစ်သလို ဂုဏ်ယူရမယ့် အောက်မေ့ဖွယ် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ကရင်နီအမျိုးသား လွတ်လပ်မှု ၊ တန်းတူမှု နဲ့ တရားမျှတမှုတို့အတွက် အသက်ကိုပေးလှူခဲ့ကြတဲ့ ခုခံတော်လှန်ရေးအာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းတို့ရဲ့ ရဲစွမ်းသတ္တိ ၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု နှင့် ကရင်နီပြည်သူလူထုကို သစ္စာဖြင့် ယုံကြည်ချက် ခိုင်မာစွာ ကာကွယ်ရင်း ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကို ပေးလှူခဲ့ကြတဲ့ ခုခံတော်လှန်ရေး ရဲဘော်တို့ရဲ့ ပေးဆပ်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။

ကရင်နီအာဇာနည်တွေဟာ ကရင်နီလူမျိုးအတွက် တာဝန်ကျေပွန်ခဲ့ကြပြီဖြစ်ပြီး ကရင်နီအမျိုးသားတို့ရဲ့ လိုလားချက်များအတွက် ယနေ့ ၊ အနာဂတ် လှုပ်ရှားဆောင်ရွက်မှုတွေဟာ အသက်ရှင်ကျန်ရှိနေတဲ့ မိမိတို့လက်ထဲက တာဝန်တွေဖြစ်ပြီး မတူညီခြားနားမှု ၊ အမြင်ကွဲလွဲမှုကို ဘေးဖယ်ကာ ကရင်နီအမည်နာမအောက်မှာ စည်းလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်ကြဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပေးပို့လာတဲ့သဝဏ်လွှာမှာ ပါရှိပါတယ်။

ကရင်နီအမျိုးသားခုခံတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ မိဘပြည်သူ ၊ ရဲဘော်အားလုံးအနေနဲ့ ရပ်တည်ချက်ခိုင်မာပြီး မတရားမှုကို အန်တုလိုသော စိတ်ဓါတ် ၊ လွတ်လပ်မှုကို ကာကွယ်ရဲသည့် သတ္တိ၊ တန်းတူရေးကို မြတ်နိုးပြီး ကရင်နီအမည်နာမအောက်မှာ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားကြမယ်ဆိုရင် အောင်ပွဲဟာ မကြာမှီအချိန်အတွင်း ကရင်နီအမျိုးသားလုံးအတွက် မုချဖြစ်လိမ့်မယ်လို့ KNPP က ဆိုထားပါတယ်။

ကရင်နီအမျိုးသားအစည်းအရုံးရဲ့ဥက္ကဌ ၊ သီးခြားလွတ်လပ်သော ကရင်နီပြည် ၊ ကရင်နီအမျိုးသားခုခံတော်လှန်ရေးခေါင်းဆောင် ဂိုဘီတူရီ ဟာ ဖဆပလအုပ်စုနဲ့သွားရောက်ဆွေးနွေးစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကာ ကျဆုံးသောနေ့ကို အစွဲပြုပြီး ၁၉၄၈ခုနှစ်ကတည်းက ကျင်းပလာတာ အခုဆိုရင် ၇၆ နှစ်မြောက်ရှိလာပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts