spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မယ်စဲ့မြို့နယ်မှာ ထိုင်းဘတ်ငွေသုံးစွဲမှု များလာ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ထိုင်းနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ကရင်နီပြည် ၊ မယ်စဲ့မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်ပြီးနောက်ပိုင်း ထိုင်းဘတ်ငွေ သုံးစွဲမှု ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ကျပ် ငွေစျေး တဖြည်းဖြည်း ဖောင်းပွလာတာကြောင့် ဘတ်ငွေအသုံးပြုတာဖြစ်ပြီး အသုံးပြုသူ အများစုက လုပ်ငန်းရှင်တွေဖြစ်ကြပေမဲ့ သာမာန် အရပ်သားတွေကြားမှာလည်း ဘတ်ငွေ ၊ ကျပ်ငွေ နှစ်မျိုးလုံး ကိုင်ဆောင်လာကြတယ်လို့လည်း ပြောပါတယ်။

“မြန်မာ‌ငွေက တန်ဖိုး လုံးဝမရှိ‌တော့တဲ့ အတွက်ကြောင့် မြန်မာငွေကို သိပ်ပြီးတော့ မသုံးဖြစ်ဘူးပေါ့နော။ အခုက မြန်မာငွေက မရှိသလောက်ဖြစ်လာပြီပေါ့နော။ ဘတ်ငွေကို ဒီမယ်စဲ့ မြို့နယ် ဒေသမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာ ပိုရှိလာတယ်ပေါ့‌‌နော။ ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းကာလ မတိုင်မှီ ကတည်းက မယ်စဲ့မြို့နယ်မှာ ပြည်တွင်း ကုန်တင်သွင်းမှု များခဲ့ပြီး ထိုင်းနိုင်ငံက ကုန်ပစ္စည်းတင်သွင်းမှုလည်း ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းတိုက်ပွဲတွေကြောင့် လမ်းခရီး ပိတ်ဆို့လာတာနဲ့အမျှ မယ်စဲ့မြို့နယ်မှာ ထိုင်းနိုင်ငံက ကုန်ပစ္စည်းကို ပိုတင်သွင်းလာကြပါတယ်။

ဒါပေမဲ့ ဘတ်စျေး အတက်၊ အကျနှုန်း မြန်တာကြောင့် လုပ်ငန်းရှင်တွေ၊ ဈေးရောင်းဈေးဝယ်ပြုလုပ်သူတွေရဲ့ ကုန်စျေးနှုန်း သတ်မှတ်ရာမှာလည်း အခက်အခဲတွေရှိတယ်လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“ငွေစျေးအတက်အကျ ရှိတဲ့ အတွက်ကြောင့် အရှုံးတွေလည်း ရှိသလို သာမာန် စားသုံးသူတွေက တချို့ဟာတွေဆို မဝယ်စားနိုင်တော့ဘူး အဲ့လိုမျိူးတွေလည်း ရှိတယ်ပေါ့နော” လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံကနေ စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်၊ ကုန်ခြောက် တို့ကို အဓိက တင်သွင်းလာကြတယ်လို့ ဆိုပါတယ်။ မယ်စဲ့မြို့နယ်ဟာ ထိုင်း- ကရင်နီ နယ်နမိတ်ချင်းနီးစပ်တဲ့ မြို့နယ်ဖြစ်ပြီး ကျေးရွာအုပ်စု ၇ အုပ်စု ရှိပါတယ်။

ကရင်နီပြည်တွင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့မြို့နယ်မှာ ဘတ်ငွေ သုံးစွဲမှုတွေ ရှိလာတဲ့ အပေါ် IEC အတွင်းရေးမှူး – ၁ ဇူးပဒုမ္မာကို ကန္တာရဝတီတိုင်း (မ်) က မေးမြန်းရာမှာ လက်ရှိကြားကာလ အခြေနေအရ တစ်စုံတစ်ရာ သဘောထားပေးစရာမရှိသေးကြောင်း ပြောပါတယ်။

“ငွေကြေးစီးဆင်းမှုတွေက ‌ဒေသတွင်း စီးပွား‌ရေးလုပ်တဲ့ အပေါ်မှာပဲ မူတည်နေတော့ လောလောဆယ် ကျမ သဘောထားပေးစရာမရှိသေးဘူး “ လို့ ဇူးပဒုမ္မာက ပြောပါတယ်။

မယ်စဲ့မြို့နယ် အပြင် ဖားဆောင်းမြို့နယ်ထဲက မော်ချီး နဲ့ ဒီးမော့ဆို မြို့နယ်တွင်းမှာလည်း ဘတ်ငွေ အရောင်းအဝယ် ရှိလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီမြို့တွေမှာတော့ ဈေးရောင်းဈေးဝယ်တဲ့အခါ ဘတ်ငွေ အသုံးပြုခြင်းမရှိသေးပါဘူး။

spot_img
spot_img

Recent posts