spot_imgspot_imgspot_imgspot_img
Wednesday, April 2, 2025
spot_imgspot_imgspot_imgspot_img

ထိုင်း-ကရင်နီ နယ်စပ်က လေကြောင်းဗုံးကြဲခံရဖူးတဲ့ စစ်ရှောင်စခန်းတခုရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စခန်းအတွင်းရေးမှူးနှင့် ဆက်သွယ်မေးမြန်းချက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း – ကရင်နီနယ်စပ်က လေကြောင်းဗုံးကြဲခံရဖူးတဲ့ စစ်ဘေးရှောင်စခန်းတခုမှာ စစ်ရှောင်တွေရဲ့ စားနပ်ရိက္ခာရရှိမှုအခြေအနေ ၊ လုံခြုံရေးစိုးရိမ်ပူပန်မှု ၊ ပညာရေး ၊ ကျန်းမာရေး ၊ အုပ်ချုပ်ရေးကဏ္ဍရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး အတွင်းရေးမှူး – ၁ ခွန်းရောဘတ်နဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်ပေးလိုက်ပါတယ်။

မေး။ ။ စစ်ရှောင်စခန်းက လူဦးရေနှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာဖြန့်ဝေမှုအပိုင်းလေး ပြောပြပေးပါအုံးရှင့်။
ဖြေ ။ ။ စားနပ်ရိက္ခာလို့ပြောတဲ့နေရာမှာ အဓိကကတော့ ဆန်ပေါ့နော။ လူဦးရေ ၃၀၀၀ ဝန်းကျင်နဲ့ခါကျတော့ တလကိုဆန်အိတ်ရေ ၆၀၀ ကနေ ၇၀၀ ကြားကို ပုံမှန်ဖြန့်ဝေပေးရတယ်။ ကျန်တဲ့ ဆား၊ ပဲ တွေ ခါကျတော့လည်း ထိုနည်း၎င်းပါပဲ။ ပဲဆိုလည်း တလအိတ် ၅၀ ၊ ဆားဆိုလည်းအတွဲ ၁၀၀၊ ၂၀၀ ဝန်းကျင်လောက်ကို ပုံမှန်ဖြန့်ဝေးပေးနေရတယ်ပေါ့နော။ ဆိုတော့ရိက္ခာကို အလှူရှင်ကနေပုံမှန်ရရှိတာက ဆန်ရယ်၊ ဆားရယ်၊ ပဲရယ်ပေါ့နော။ ဒီ တလ၊ နှစ်လတွင်းမှာခါကျတော့ ဆီ ပြန်ရတယ်ပေါ့နော။ အခု တလ၊ နှစ်လတော့ပုံမှန်ရတယ်။ အရင်ကကျတော့ နှစ်လ၊ သုံးလ တကြိမ်ရတယ်။ ဒီ တလ၊ နှစ်လထဲမှာတော့ စားသုံးဆီ ဆက်တိုက်ရတာပေါ့နော။ ပြီးတော့ ငါးခြောက်ရယ်၊ ငါးသေတ္တာရယ်၊ ငရုတ်သီး ပြန်ရလာတာပေါ့နော ဒီတလထဲမှာ။

မေး။ ။ စားနပ်ရိက္ခာရရှိတဲ့ အပိုင်းက တလ၊ တလ မတူတာလား။ ဘယ်လိုကွာခြားလဲ။
ဖြေ ။ ။ စားနပ်ရိက္ခာရရှိတဲ့အပိုင်းကမတူဘူး။ ဥပမာ ရတဲ့ ကျနော်တို့ရတဲ့ items types တွေကလည်းမတူဘူးပေါ့လေ။ ပုံမှန်အားဖြင့်ရတာက ဆန်၊ ဆား၊ ပဲတွေပေါ့လေနော။ ခုနကပြောတဲ့ ဆီတို့ဆိုလည်း နှစ်လတဖြတ်ပဲရတယ်။ စောနကပြောခဲ့သလိုပဲရတယ်။ အဲ့တာကလည်း ဘယ်ပေါ်မူတည်လဲဆိုတော့ ကြားဖြတ်မှာကူညီပေးတဲ့အဖွဲ့အစည်းတွေ ရှိရင်ရှိသလိုမျိုးပေါ့နော။ ဆိုတော့ ပုံမှန်ဝေပေးတာက ဆန်၊ ဆား၊ ပဲ ပါပဲ။ လတိုင်းလိုလို ဝေပေးတာပေါ့နော။ ဒီ ရိက္ခာခြောက်လို့ပြောရမှာပေါ့ ငရုတ်သီးတို့၊ ငါးခြောက်တို့၊ မာမားတို့ခါကျတော့ နှစ်လ၊ သုံးလ တခါရတယ်။ ပုံမှန်ရတာတော့မရှိဘူး။ ပုံမှန်လှူပေးတဲ့အဖွဲ့က ပြီးခဲ့တဲ့ တလမပေးဘူး။ အဲ့လိုမျိုးကြားရတာပေါ့။

မေး။ ။ ဒီ လူဦးရေ အတွက်လစဉ်ဆန်အိတ်က ၇၀၀ ကျော်ပေါ့နော။ လုံလောက်မှုရောရှိလား၊ လူတယောက်အနေနဲ့ ခွဲတမ်းဘယ်လောက်ရလဲပေါ့နော။
ဖြေ။ ။ ကျနော်တို့က တယောက်ကို အဓိက 15 Kg ဆန်ထုတ်ပေးတယ်။ ၅ နှစ်အောက် ကလေးတွေခါကျတော့ 8kg ပဲထုတ်ပေးတယ်။ ၅ နှစ်နဲ့အထက်ကိုခါကြတော့ 15 Kg ထုတ်ပေးတယ်။ တလ တလကိုခါကျတော့ ဆန်အိတ် ၆၀၀ နဲ့ ၇၀၀ ကြားကတော့လောက်ပါတယ်။ ဒါပေမဲ့မလောက်ခဲ့တာက အရင်လူသစ်တွေ ၂၀၀ ၊ ၃၀၀ ရုတ်တရက်ရောက်လာတဲ့အခါမျိုးမှာကြမလောက်ခဲ့တာရှိတယ်။ နောက်ပိုင်းမှာလူသစ်တွေထပ်လာသေးတယ်၊ တခါလာရင် တမိသားစု၊ နှစ်မိသားစုပဲ၊ ပြီးတော့ဒီကနေထွက်သွားတဲ့သူတွေလည်းရှိတော့ လုံလောက်ပါတယ်။ ဆန်အိတ် ၆၀၀နဲ့ ၇၀၀ ကြားဆို တလ တလလောက်တယ်။

မေး။ ။ ဆန်ပေးဝေတဲ့အခါ မိသားစုဝင် များတဲ့သူတွေအတွက် လုံလောက်မှုရှိရဲ့လား။
ဖြေ။ ။ မိသားစုနည်းတာများတာနဲ့မဆိုင်ဘူးပေါ့နော။ အခုလာထုတ်ကြတဲ့ဟာ‌တွေက ကလေးငယ်တွေရှိတဲ့သူ အဲ့လိုမျိုး ၁၃၊ ၁၄ နှစ်အရွယ်ရှိတဲ့ သူမျိုး မိသားစုဆို သူတို့ကပိုစားနိုင်တယ်လို့ မိဘတွေကပြောတော့ ဆန်ကမလောက်ဘူးပေါ့နော။ အဲ့ဒီ ကျောင်းသားကလေးအရွယ်ဆို ပိုကုန်တယ်၊ သူတို့က သူများထက်ပိုစားတဲ့အခါကျတော့ မလောက်ဘူး။ ကျနော်တို့ဆီပြန်လာရင် ပြန်ထုတ်ပေးတယ်။

မေး။ ။ ဘယ်လိုပုံစံမျိုးနဲ့ပြန်ထုတ်ပေးလဲ။ ကန့်သတ်မှုရှိလား။
ဖြေ ။ ။ ကန့်သတ်မှုတော့ရှိတယ်။ 15 Kg ထုတ်ပြီးပြီတလစာအတွက် မလောက်လို့ နောက်ထပ်လာထုတ်မယ်ဆို ကျနော်တို့အရေးပေါ်အတွက်ဆို နောက်ထပ် 3 Kgထုတ်ပေးတယ်။ ၅ ယောက်ဆို 15Kgပေါ့။ ဒါပေမဲ့နောက်လထုတ်မယ့်ထဲက ကျနော်တို့ပြန်နုတ်တယ်။ တယောက်ကို 12 Kgပဲရတော့မယ်။ နုတ်တယ်ဆိုပေမဲ့လည်း ဒီတိုင်းမထားဘူး ထုတ်ပေးတဲ့ပမာဏနဲ့မလောက်ဘူးဆို ပြန်ထုတ်ပေးတယ် Carry လုပ်သွားပေးတယ်။ ထပ်ထုတ်ပေးတယ် ပြန်ထုတ်ပြန်ထုတ်ပုံစံလုပ်ပေးတယ်။

မေး ။ ။ လက်ရှိ အခုဆရာတို့ဆီမှာ ရိက္ခာလက်ဝယ် ဘယ်နှလစာလောက်ကျန်နေသေးလဲ။
ဖြေ ။ ။ အခုဆန်ကအိတ် ၄၀လောက်ပဲကျန်တယ် ဂိုထောင်ထဲမှာ၊ အခုချိန်ကလည်း ကုန်သွားတဲ့မိသားစုတွေ လာထုတ်နေကြပြီပေါ့နော၊ နောက်တပတ်လောက်ဆို ဆန်ကကုန်ပြီပေါ့။ ဆိုတော့ ရိက္ခာကလာမယ့်တပတ်ထဲ လာမှာပဲအဆင်ပြေမှာပေါ့ အခုကတည်းက ရိက္ခာကနည်းနည်းပဲကျန်တာဆိုတော့လေ။ တလတခါပဲပို့ပေးတာပေါ့ အလှူရှင်ဖက်က။ ဆိုတော့ တခါလေမှာပို့လာတာကလည်း ကားလက်မှတ်လုပ်တဲ့အချိန်မှာ အာဏာပိုင်တွေရဲ့ခွင့်ပြုချက်က နည်းနည်းလေးနောက်ကျတော့ ရိက္ခာနောက်ကျပြီးရောက်လာတဲ့အခါမျိုးလည်းရှိတာပေါ့နော။ အခုတော့ကျနော်တို့ ရိက္ခာကကုန်သလောက်ရှိပြီ။

မေး။ ။ ဒါကတော့ အုပ်ချုပ်ရေးအဖွဲ့ ကထုတ်ပေးတဲ့ ဆန်၊ ဆီ ရိက္ခာခြောက်တွေပေါ့နော။ စစ်ရှောင်တွေကသူတို့ ဟင်းအတွက် ဘာတွေ ဘယ်လိုတွေရှာစားကြတာရှိလဲ။
ဖြေ ။ ။ အဲ့တာကခက်ခဲပါတယ်။ မလွယ်ပါဘူး၊ ကျနော်တို့ တွေ့သလောက် သိသလောက်ခါကျတော့ သူတို့ရာသီ သီးနှံတွေပေါ်မှာပဲမူတည်ပြီး ရှာကြတယ်ပေါ့နော။ ဥပမာ မိုးတွင်းဆိုလို့ရှိရင် ဝါးမျှစ်သွားရှာတယ်။ အဲ့ မျှစ်ကိုပဲ သူတို့အားကိုးတယ်ပေါ့နော။ အခုခါကြတော့မျှစ်မရှိတော့ဘူး၊ ငှက်ပျောအူတို့၊ ငှက်ပျောဖူးတို့ပဲ သွားရှာစားကြတယ်လေ။ ပြီးတော့ စားလို့ရတဲ့အရွယ်မျိုးတွေပေါ့။ ဒါကတော့ သူတို့ဖြေရှင်းနေကြတဲ့ နည်းလမ်းတွေပေါ့လေ။ ဒီမှာက အခြားနည်းလမ်းလည်းမရှိပါဘူးပေါ့ ကျနော်တို့ စိုက်ပျိုးမယ်ဆိုလို့ရှိရင်လည်း ရေမရှိဘူးကော။ အဲ့ဒီတော့ ဒီဟင်းနဲ့ပတ်သက်ရင် အတော်လေးခက်ခဲပါတယ်။ သူတို့အတွက် ကျနော်တို့လည်း ဒီကနေ ပဲ ဆို ၁ ကီလိုပဲ ထုတ်ပေးတယ်ကော။ ၁ ကီလိုနဲ့ တလစာဆို ဘယ်လိုမှမလောက်ဘူး။ တချို့ကလည်းမတူဘူးပေါ့နော ဆွေမျိုးတွေ ပိုက်ဆံပေးလာတော့ ဟင်းတွေဝယ်စားနိုင်တာပေါ့။ အမျိုးတွေ မရှိတဲ့လူတွေဆို ခုနကပြောလိုမျိုးပဲ တောထဲက ဟင်းသီးဟင်းရွယ်တွေ ရာသီပေါ်သီးနှံမျိုးတွေကိုပဲ လိုက်ပြီးတော့ ခူးစားကြတာပေါ့။

မေး ။ ။ ဒီစစ်ရှောင်စခန်းမှာ အုပ်ချုပ်ရေးပိုင်းကနေကော ကဏ္ဍအလိုက် ဘယ်လိုစီမံခန့်ခွဲထားတာရှိလဲ။
ဖြေ ။ ။ ကျနော်တို့က အဓိက Food Security (စားနပ်ရိက္ခာဖူလုံရေး ) လို့ပြောရမှာပေါ့နော။ အခြား ကဏ္ဍတွေလည်းလုပ်ရပါတယ်။ ရိက္ခာပိုင်းရှိမယ်၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ စစ်ရှောင်တွေ ရေရရှိအောင်လုပ်ပေးတာမျိုး၊ မိုးတွင်းကားလမ်းပျက်ရင် ကျနော်တို့ကပဲဦးဆောင်ပြီး လူထုတွေနဲ့ ပြုပြင်ကြတာမျိုး အခြားသောလုပ်ငန်းတွေလည်းရှိတာပေါ့နော။ အမှုကိစ္စတွေ၊ လင်မယားကိစ္စတွေဖြေရှင်းပေးတာပေါ့နော၊ အဲ့လိုမျိုးတွေလည်းလုပ်ပေးရတယ်။ ပြီးတော့ သူတို့လက်ထပ်ထိမ်းမြားတာတွေလည်းလုပ်ပေးတယ်။ ကျနော်တို့ဆီလာတော့လုပ်ပေးရတာရှိတယ်။ ပညာရေးကဏ္ဍဆိုလည်းသူတို့နဲ့ပူးပေါင်းပြီးလုပ်ရတာရှိတယ်။ ဥပမာ ကလေးတွေစာသင်ကျောင်းအရေးပေါ် ရွှေ့ရတာမျိုးဆို သူတို့နဲ့ပူးပေါင်းလုပ်ပေးရတာပေါ့နော။ ကဏ္ဍစုံလုပ်ရပါတယ်ပေါ့။ လုံခြုရေးပေါ့ပဲနော။ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ဝန်ထမ်း လုပ်ငန်းတာဝန်ခွဲထားတာရှိတယ်။ စားနပ်ရိက္ခာပိုင်းရှိမယ်။ ရုံးစီမံခန့်ခွဲရေးပိုင်း၊ ရေပိုင်း ရေလုပ်သားတွေရှိမယ်၊ လုံခြုံရေးပိုင်းတွေရှိမယ် လုံခြုံရေးကနေ တာဝန်ယူလုပ်သွားရမယ့်အပိုင်း၊ ပြီးတော့ ရပ်ကွက်ရေးရာတွေရှိမယ် အဲ့တာကလည်းရပ်ကွက်မှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ စာရေးမတွေ၊ စာရင်းစစ်တွေကနေ သူတို့ဆောင်ရွက်ရမယ်ပေါ့နော။

မေး ။ ။ ဆရာတို့ အုပ်ချုပ်ရေးအဖွဲ့ဆီမှာ ဘယ်လိုအမှုမျိုးတွေ အများဆုံးလာတိုင်ကြားတာရှိလဲ။ ပြီးတော့ဆရာတို့ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းပေးလဲ။
ဖြေ ။ ။ ကျနော်တို့ဆီမှာလာတဲ့ အမှုတွေကတော့ အများဆုံးတော့ ဒီ လင်မယားပြဿနာဘဲ‌ပေါ့။ ဒီတနှစ်ကတော့ rape ကတော့နည်းတာပေါ့ အရမ်းကြီးမများဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ကဆိုရင် အမှုတအားများတယ်ပေါ့နော။ တနှစ်ထဲ အမှုက ၁၁ မှုလောက်ရှိမယ်နဲ့တူတယ်။ ဒီတနှစ်ကျနော်တို့ဆီမှာ လာတာကတော့ ၂ မှု ၃မှုဘဲရှိတယ်ပေါ့နော နည်းတယ်။ ၂၀၂၁ ကနေ အခုထိပေါ့နော ကျနော်တို့လုပ်ပေးတာက ပြန်လည်ကျေအေးတဲ့ပိုင်းလောက်ဘဲ ကျနော်တို့လုပ်ပေးတာပေါ့နော။ ကွာရှင်းတာတို့ဆိုရင် ကျနော်တို့လုံးဝလက်မခံဘူးပေါ့၊ ဆိုတော့ တကယ်လို့ အဓိကတော့ ပထမဦးဆုံးကျနော်တို့ သူတို့နှစ်ယောက်ခေါ်တွေ့ပြီးမှ သူတို့ရဲ့ဆန္ဒ၊ လင်မယားနှစ်ဦးရဲ့ ဘာကြောင့်ဒီလိုဖြစ်သလဲ ပြီးမှဆန္ဒ ရှေ့ဆက်ပြီးတော့မှဘယ်လိုဖြစ်ချင်လဲဆိုတဲ့ ဟာမျိုးကို ကျနော်တို့နားထောင်ပြီးတော့မှ နှစ်ဦးနှစ်ဖက်စလုံးပေါ့နော အထူးသဖြင့်မှားတဲ့လူကို ကျနော်တို့နားချတာပေါ့၊ နားချပြီးတော့မှ ဒါတွေမလုပ်ဖို့ပေါ့ နောက်နောင်ကျရင်မလုပ်ဖို့ပေါ့ ဝန်ခံကတိတွေ ကျနော်တို့လုပ်ပေးတာရှိတယ်ပေါ့နော။ တကယ်လို့သူတို့က ကွာရှင်းမယ်ဆိုရင်တော့ ကျနော်တို့ကမလုပ်ပေးဘူးပေါ့နော သက်ဆိုင်ရာတရားရေးကိုဘဲ သွားပါဆိုတဲ့ဟာမျိုးလည်း ကျနော်တို့ သူတို့ကိုလမ်းညွှန် တာပေါ့နော။

ဆိုတော့ ပြေလည်ခြင်းလောက်ဘဲကျနော်တို့သွားတယ်ပေါ့နော။ အများဆုံးလာတာက အဲဒီလင်မယား အိမ်တွင်းအကြမ်းဖက်မှု၊ သူတို့ပြောတာပေါ့ GBV case ဆိုပေမဲ့လည်း၊ တချို့ဟာတွေက ကိုယ်ထိလက်ရောက်ဆိုပေမဲ့လည်း တချို့ဟာက ကိုယ်ထိလက်ရောက်မဟုတ်ဘူးပေါ့နော၊ နှုတ်အားဖြင့်စိတ်ပိုင်းဆိုင်ရာတို့ ကျနော်တို့ဆီမှာ လာခဲ့တာမျိုးတွေရှိတယ်ပေါ့။
သူတို့ကိုနားချတဲ့ချိန်မှာ တော်တော်လေးခက်တယ်လေး။ တော်တော်များကလည်း စစ်ဘေးရှောင်တွေပေါ့နော ဒီမှာနေတဲ့သူအားလုံးက အခက်ခဲကိုယ်စီဖြစ်နေတယ် ပြီးတော့မှ အစစရာရာဘဲပေါ့နော ကိုယ့်ကလေးပညာရေးအစလား၊ စားဝတ်နေရေးကအစလား အလုပ်လက်မဲ့လည်းပါတာပေါ့နော။ စစ်ကြောင့်ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာလည်းပါတာပေါ့နော၊ တော်တော်များများ ဒီချိန်မှာက အပူပင်တွေများတယ်လေး။ အပူပင်တွေများတယ်ပြီးတော့ ထိလွယ်ရှလွယ်တယ်ပေါ့နော။ တခုခုဆိုရင်ပြဿနာဖြစ်ပြီ၊ ပြဿနာဖြစ်ပြီဆိုရင် ကျနော်တို့နားလည်တယ်ပေါ့နော အဲတော့စိတ်ရှည်ပြီးတော့မှသူတို့ကိုဖြေရှင်းပေးရတာပေါ့။

မေး။ ။ ဘယ်နေရာမဆို စစ်ကောင်စီရဲ့လေကြောင်းရန်က စိုးရိမ်စရာဖြစ်တယ်။ လူထုတွေကလည်း လေကြောင်းရန်ကို ကြောက်လန့်ကြတာပေါ့နော။ ဆိုတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး စစ်ရှောင်စခန်းနေ လူထုတွေကို အသိပညာပေးမှုအပိုင်းတွေ ဘယ်လိုရှိလဲ ဆောင်ရွက်နေလဲ။
ဖြေ ။ ။ အဓိက ကတော့ preparedness (ကြိုတင်ပြင်ဆင်မှု) ပဲပေါ့နော သူတို့ကိုခဏခဏ ကြေညာပေးတယ်။ ကျနောတို့လည်းတတ်နိုင်သလောက် လိုင်းပေါ်ကနေ သတင်းအချက်လက်လေးတွေကို နားစွင့်ထားတယ်။ ဘယ်နားမှာ အရပ်သားတွေကို အကြောင်းမဲ့လာရောက်တိုက်ခိုက်တာတွေရှိတော့ လာနိုင်တယ်ဆိုတာကိုစဉ်းစားထားပြီးး သူတို့ကိုတော့ အမြဲတမ်းအသိပေးထားတယ်။ preparedness လုပ်ဖို့ ဗုံးခိုကျင်းတွေ ခိုင်ခိုင်ခံ့ခံ့ဆောက်ထားကြဖို့၊ အမြဲတမ်းသန့်ရှင်းရေးတွေလုပ်ထားကြဖို့ပေါ့၊ အရေးကြီးဆုံးကတော့ ညအချိန်ပေါ့နော၊ မီးတွေမထိုးကြဖို့၊ ညချိန်ဆိုင်ကယ်မမောင်းရဘူးဆိုတဲ့ဟာတွေ စည်းကမ်းထုတ်ထားပေးတယ်။ ပြီးတော့မှ လိုင်းတွေတက်မသုံးကြဖို့ပေါ့နော၊ ဆိုတော့ ဒီဟာတွေက preparedness ပဲပေါ့နော။ ဒီဟာလေးတွေလောက်ပဲ ကျနော်တို့လုပ်နိုင်ပါတယ်။ လုံခြုံရေးမှူးတွေကလည်း ညတိုင်းလိုလို round လှည့်ပါတယ်။

မေး ။ ။ ဒီအပေါ်မှာကော လူထုတွေအနေနဲ့ ပူးပေါင်းပါဝင်မှုရောရှိလား။
ဖြေ ။ ။ ရှိပါတယ် လူထုတွေတော်တော်လေး ပူးပေါင်းပါဝင်ပေးကြပါတယ်။ တချို့သောလူထုတွေ သက်ကြီးရွယ်အိုတွေအတွက်ကခက်တယ်ပေါ့နော သူတို့အတွက် ဥပမာ – ညဆိုရင်မီးမထိုးဘဲ အိမ်အောက်ဆင်းမယ်ဆို သူတို့အတွက်ခက်ခဲတယ်ပေါ့နော။ သူတို့ကိုအရမ်းကြီးသွားပြောလို့တော့ မရဘူးပေါ့နော။ ပြီးတော့မှစာကျက်တဲ့ကလေးငယ်တွေရှိတယ် အဲ့တာကတော့ နားလည်ပေးရမယ့်အပိုင်းရှိတယ်။ အဲ့ဒီပိုင်းကလွဲရင် ကျန်တဲ့လူထုတွေကလည်း ပူးပေါင်းပါဝင်မှုရှိကြပါတယ်။ ဘာလို့လဲဆိုရင်သူတို့လည်း ဒီဟာတွေကိုကြုံလာခဲ့ကြရပြီးပြီပေါ့နော။ အဲ့ကြောင့်ပြောလိုက်တာနဲ့ သူတို့သဘောပေါက်ကြပါတယ်။

မေး ။ ။ နှစ်စဉ်နှစ်တိုင်း စစ်ရှောင်စခန်းတိုင်းလိုလို ရေရှားပါးမှုပြဿနာကြုံရတာရှိတယ်ပေါ့နော။ ဒီမှာတော့ ရေရရှိမှုနဲ့ ပတ်သက်ပြီးလူထုတွေအတွက် ဘယ်လို စီစဉ်သတ်မှတ်ပေးထားလဲ။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့ နှစ်တိုင်းလိုလိုသတ်မှတ်ထားတယ်ပေါ့နော။ ဒါပေမဲ့ ဒီနှစ်တော့ ကျနော်တို့ကန်ဘောင်တကန်ကို ထပ်တိုးထားတယ်။ အလှူရှင်ဖက်ကနေပြီးတော့မှလာပြီး ကန်ဘောင်တကန်တိုးချဲ့ထားပေးတယ်။ ပြီးခဲ့တဲ့နှစ်က မိုးတအားကောင်းခဲ့လိုနဲ့တူတယ် ဒီကန်ဘောင်တွေလျှံနေသေးတယ်။ ခါတိုင်းနှစ်တွေနဲ့နှိုင်းယှဉ်ရင် ဒီချိန်ဆိုရေက တတောင်၊ နှစ်တောင်လောက် ကျနေပြီး ဒါပေမဲ ဒီနှစ်တော့မကျသေးဘူး။ အဲ့လိုဖြစ်နေသေးတော့ ကျနောတို့ကန့်သတ်ထားပေမဲ့ အရမ်းကြီးမတင်းကြပ်သေးဘူး။ ဥပမာဆိုလို့ရှိရင် တရက်ကိုရေ ၅ပုံးပဲခပ်ရမယ်ဆိုတာမျိုး နှုတ်အားဖြင့်ပြောထားပေမဲ့ လိုက်စစ်ဆေးတာမျိုးမရှိသေးဘူး။ လာမယ့်လမှာမပြောတတ်ပေမဲ့ အခု နေအပူချိန် တဖြည်းဖြည်းမြင့်လာနေတယ်။ နေပူချိန်မြင့်လာတာနဲ့အမျှ ရေကခမ်းနိုင်တာပေါ့။ ကျနောတို့ စာတွေလိုက်ကပ်နေပါတယ်၊ ရေတိုင်ကီတွေမှာ ချွေတာသုံးဖို့၊ အဝတ်မလျှော်ကြဖို့၊ ရေမချိုးကြဖို့၊ ခြေလက်မဆေးကြဖို့ ကျနော်တို့စာတွေလိုက်ကပ်ပေးထားတယ်ပေါ့နော။ ဒီလကုန်ကစ သူတို့ကိုကျနော်တို့ ပိုပိုကန့််သတ်လာမယ် ဒါကလည်းအားလုံးအဆင်ပြေဖို့အတွက်ပေါ့နော။ ၄လပိုင်း ၅လပိုင်းဆို ရေကခမ်းနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့သူတို့ကို awareness ပေးထားတာပေါ့။

မေး ။ ။ ဆေးခန်းရဲ့ ဆေးဝါးရရှိမှုအခြေအနေကကော ဘယ်လိုရှိလဲ။ လူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းလေးပေါ့။
ဖြေ ။ ။ ဒီစစ်ရှောင်မှာတော့ ဆေးဝါးထောက်ပံ့မှုက ပုံမှန်ရှိနေသေးတာပေါ့ ခါတိုင်းလိုဘဲ ရရှိသေးတယ်။ ဒီဖျားနာတဲ့အနာရောဂါပိုင်းမှာတော့ ယားယံတာတွေတော့ရှိတယ်၊ ပြီးတော့မှ ရာသီပုံမှန်ဖြစ်တဲ့ဟာပေါ့နော ချောင်းဆိုး၊နှာစေး တာတော့ရှိတာပေါ့။
ဒီမှာတော့ သူတို့ Primary Healthcare ပေါ့နော အဲတာတော့ပုံမှန်ရှိတယ်။ ဒီကလေးမီးဖွားတာတော့အဆင်ပြေတယ်ပေါ့နော ကလေးမိခင်ကာကွယ်စောင့်ရှောက်တာတော့ ဒါပုံမှန်သွားနေတဲ့ဟာတွေပေါ့နော။ ခက်တဲ့ဟာတခုပေါ့နော ခက်တယ်ဆိုတာက သူတို့မှာလဲ Criteria တွေတာပေါ့နော ဆိုတော့ ဘယ်လိုမျိုးလူနာမှလွှဲပေးရတယ်ဆိုတာမျိုးတွေရှိတယ်ပေါ့နော၊ ဆိုတော့ နာတာရှည်ဆိုရင်တော့ လွှဲလို့မရဘူးဆိုတဲ့ဟာမျိုးလည်း ရှိနေတဲ့ခါကျတော့ ခက်တယ်ပေါ့နော။ တချို့သောလူနာအတွက် ဆေးရုံပို့တဲ့နေရာမှာ အရမ်းခက်ခဲတာတော့ ကျနော်တို့ကြားသိရတယ်၊ ပြီးမှ လွှဲပြောင်းတဲ့ချိန်မှာလည်း ထိုင်းအာဏာပိုင်ရဲ့ခွင့်ပြုချက်လည်းစောင့်ရတော့ တခါခါက လူနာကအသက်ဆုံးရှုံးတဲ့ဟာမျိုး ကြားခဲ့ဖူးတာပေါ့နော။ ဥပမာဆိုရင် ဟိုဖက် ခွင့်ပြုမှ စောင့်လိုက်တော့ ဒီမှာမွေးနေတဲ့ကလေးက ဘယ်လိုပြောရမလဲ တန်းလန်းကြီးဖြစ်နေပြီလေးနော။ အဲအနေအထားမှာ မွေးတဲ့ကလေးမျိုးဆိုရင်တော့ အသက်ဆုံးရှုံးရတဲ့ကလေးမျိုးလည်း ရှိခဲဖူးတာပေါ့၊ အခက်ခဲဆုံးကတော့ ဒီ refer အပိုင်းဘဲပေါ့။

မေး ။ ။ ဒီလို လွှဲပြောင်းတဲ့အခါ အသက်မသေဆုံးသင့်ဘဲနဲ့ သေဆုံးသွားတဲ့သူ ဘယ်နှစ်ယောက်လောက်ရှိလဲ။
ဖြေ ။ ။ ကျနော်သိသလောက်တော့ ၂၀၂၄ နဲ့ ၂၀၂၅ မှာတော့ နှစ်ယောက်တော့ကြားဖူးတယ်ပေါ့နော။ လူနာတယောက် refer လုပ်ရင်းနဲ့ဆုံးသွားတာတော့ကြားဖူးတယ်ပေါ့။

မေး ။ ။ ပညာ‌ရေးအပိုင်းမှာလည်း လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် စာသင်ကျောင်းမှာ စာမသင်ကြားတော့ဘဲ ရွှေ့ပြောင်းပြီး သင်ရတာတွေလည်း ကြားနေရတယ်ပေါ့။ ဒီအပိုင်းကော အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ ။ ပညာရေးလည်း ထိုနည်းလည်းကောင်းဘဲပေါ့နော။ အစစအရာရာတော့ ခက်ခဲပါတယ်ပေါ့နော ပညာရေးကလည်း ရွှေ့ပြောင်းရတာပေါ့နော။ စာသင်ဆောင်တွေကအစ တနေရာတည်းသင်တော့လည်း လုံခြုံရေးကလည်း စိတ်ပူရတော့ ပိုလုံခြုံတဲ့နေရာမှာရွှေ့ပြောင်းလိုက်ရတော့ ဆရာ၊ဆရာမတွေအတွက်ကော၊ ကျောင်းသူ။ကျောင်းသားတွေအတွက်ကော၊ ကျောင်းသားမိဘတွေအတွက်ကော၊ လူထုတွေအတွက်ကော ကျနော်တို့ကစပေါ့နော ဆောင်ရွက်ပေးနေတဲ့ ရပ်ကွက်မှူးကစ ကျနော်တို့အတွက် အများကြီးအခက်ခဲဖြစ်တယ်။ ဒီဖက်ရွေ့လိုက်၊ ဒီဖက်ပြန်ရွှေ့လိုက်နဲ့ နောက်ကလေးအတွက်ပိုဆိုးတာက ပိုပြီးတော့မှ ပိုလုံခြုံတဲ့နေရာမှာသင်ရတဲ့အခါမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ပြသနာတွေ ဖြစ်လာတယ်လေးနော။ ဥပမာ ဒီရာသီဥတု အပူအအေးမမျှတော့ အရမ်းအေးတဲ့ခါကျတော့ ကလေးငယ်တချို့က ဖျားနာတာတွေလည်းရှိတယ်ပေါ့နော။

မေး ။ ။ ဆရာအနေနဲ့ဖြည့်စွက်ပြောချင်တာမျိုးရှိလား။
ဖြေ ။ ။ ထွေထွေထူးထူးမရှိပေမဲ့ ရိက္ခာပိုင်း ဘယ်လိုဆက်ဖြစ်လာမလဲမသိဘူး။ အလှူရှင်တွေကိုလည်းဖိတ်ခေါ်ချင်တာပေါ့နော။ ကျနော်တို့က အဓိကဒီမှာနေတဲ့လူထုတွေတော်တော်များများက အလှူရှင်တွေကိုပဲ မှီခိုရတာပေါ့နော။ ဆိုတော့ စားနပ်ရိက္ခာတခုတည်းမဟုတ်ပါဘူး။ ကျန်တဲ့ Non – Foods items တွေဆိုလည်း အလှူရှင်တွေကိုပဲ မှီခိုရတယ်။ ကျနော်တို့ဒီမှာက စိုက်ပျိုးရေးလုပ်လို့လည်းမရဘူး လူထုတွေတော်တော်များလည်းအလုပ်လက်မဲ့ဖြစ်နေတော့ အလှူရှင်တွေကိုပဲအားကိုးရမယ်ဆိုတော့ ဆက်လက်ပြီးတော့ကူညီပေးဖို့ပေါ့နော အခြားသောအလှူရှင်တွေကိုလည်းဆက်လက်ပြီး ဖိတ်ခေါ်ချင်ပါတယ် အဲ့တာပဲ ပြောပြချင်ပါတယ်။

spot_img
spot_img
spot_img

Recent posts