မြန်မာ့ပညာရေးစနစ်တွင် ဗမာဘာသာကို ဦးစားပေးထားခြင်းသည် တိုင်းရင်းသား
ဘာသာစကားများ တဖြည်းဖြည်း ပျောက်ကွယ်ခြင်းဆီသို့ ဦးတည်သွားမည့်အပေါ် တိုင်းရင်းသားလူနည်းစု
ခေါင်းဆောင်များက စိုးရိမ်ပူပန်လျက်ရှိကြသည်။
မကြာသေးမှီက ကရင်နီအမျိုးသားနေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ
ဗိုလ်မှူးချုပ်အောင်မြတ်က မိခင်ဘာသာစကားနှင့် ပတ်သက်သောအရေးကိစ္စအား ထည့်သွင်းပြောကြားသည့်တွေ့ဆုံမေးမြန်းခန်းကို
KnIC မှ တင်ပြထားခဲ့ပါသည်။
“ပညာတတ်ကျွမ်းတဲ့ သူတွေလည်း အများအားဖြင့် အင်္ဂလိပ်၊
ဗမာပဲ တတ်ကြတယ်။ ကိုယ့်မိခင်စာပေကို မတတ်ကျွမ်းကြဘူး။ ကိုယ့်မိခင်ဘာသာစကားကို မသုံးကြပဲ
တခြားဘာသာစကားကိုပဲ သုံးကြတယ်။” ဟု ဗိုလ်မှူးချုပ်အောင်မြတ်က ယခုခေတ်ပညာတတ်လူငယ်အများစုကို
ရည်ညွန်းပြောဆိုသွားပါသည်။
ထို့အပြင် နိုင်ငံခြားသို့ ရောက်သွားသည့် ကရင်နီလူမျိုးဖြစ်စေ၊
ပြည်တွင်းထဲ ကျန်နေသည့် ကရင်နီလူမျိုးများဖြစ်စေ၊ လူကြီးလူငယ်မိဘများကအစ မိမိတို့၏
မိခင်တိုင်းရင်းသား ဘာသာစကားကို မသိတော့သူ အများကြီးရှိလာသည့်အတွက် အနာဂတ် လူမျိုးဘာသာစကားပပျောက်မည်ကို
စိုးရိမ်ချက်ဖွင့်ဟခဲ့ပါသည်။
“ကျနော်က အဲဒီတစ်ချက်ကို အရမ်းစိုးရိမ်တယ်။ သူတို့မိဘကိုယ်တိုင်ကလည်း
ကိုယ့်မိခင်ဘာသာစကားကို မပြောကြတော့ဘူး။ သား/သမီးတွေ ပညာတတ်ကျွမ်းကြတယ်ဆိုပေမယ့် တခြားဗမာစကား၊
အင်္ဂလိပ်စကား ဘာသာစကားပဲ တတ်တယ်။ ကိုယ့်မိခင် ဘာသာစကားကို မပြောတတ်ကြဘူး။ နောက်တက်လာမယ့်
ကျနော်တို့ မျိုးဆက်သစ်ကလေးက တစ်စုတစ်စည်းမရှိတော့ပဲ တစ်ကွဲတပြားဖြစ်သွားမှာကို အရမ်းစိုးရိမ်တယ်။”
ဟု ဗိုလ်မှူးချုပ်အောင်မြတ်က ဆက်ပြောသွားခဲ့ပါသည်။
ယခင် ၂၀၁ဝ ရွေးကောက်ပွဲအပြီး တက်လာသည့် အစိုးရလက်ထက်တွင်
၊ ပြည်နယ်လွှတ်တော်၌ ကရင်နီကြယ်ဖိုးကြီးစာပေကို ပြည်တွင်းတွင် တရားဝင်သင်ကြားနိုင်ရေး
အသိအမှတ်ပြုခဲ့သည်။ ထိုမှတဆင့် ကျောင်းပြင်ပချိန်များတွင် ကြယ်ဖိုးကြီးစာပေဖြင့် ထုတ်ထားသည့်စာပေများကို
သင်ကြားလာခဲ့ကြသည်။
တခြားသော ဌာနေတိုင်းရင်းသားများကလည်း ကျောင်းပြင်ပချိန်တွင်
၎င်းတို့၏ တိုင်းရင်းသားစာပေများကို သင်ကြားလာနိုင်ခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာသည့်အစိုးရလက်ထက်တွင်
တိုင်းရင်းသားစာပေကို ကျောင်းချိန်တွင် သင်ကြားနိုင်ရေး သင်ရိုးညွှန်းတမ်းများ ရေးဆွဲခဲ့ကြသည်။
လက်တွေ့တွင် ယခုချိန်အထိ ကျောင်းချိန်အတွင်းတွင် မသင်ကြားနိုင်သေးပေ။
အခြေခံပညာ စာသင်ကျောင်း တချို့များတွင် ကျောင်းပြင်ပချိန်တွင် တိုင်းရင်းသားစာပေသင်ကြားရာမှာ
ကျောင်းအုပ်ဆရာ/မ များနှင့် မိဘများက ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည့်အတွက် သင်ကြားရေးအပိုင်းတွင်
အခက်အခဲများလည်း ရှိနေသေးသည်။ တခြားသင်ထောက်ကူပစ္စည်းများ၊ ပုံနိုပ်စာအုပ်များကလည်း
အခက်အခဲရှိနေသေးသည်။
ဌာနေတိုင်းရင်းသားအရေး လှုပ်ရှားကြသည့်ခေါင်းဆောင်များက
မိမိတို့ အနာဂတ်မျိုးဆက်သစ်ကလေးများ လူမျိုးမပျောက်သွားစေရန် ဘာသာစကား သင်ကြားနိုင်ရေး
အားကြိုးမာန်တက် ဆောင်ရွက်နေကြသည်။
မည်သို့ပင် ဆောင်ရွက်စေကာမူ တိုင်းရင်းသားအခွင့်အရေး ဥပဒေမူပေါ်လစီကို
လက်တွေ့ လိုက်နာကျင့်သုံးမှု အားနည်းခြင်း၊ လိုအပ်ချက်များ ထောက်ပံ့ပေးရန် လွှတ်တော်က
ဘတ်ဂျက်အနည်းဆုံး ချပေးခြင်းစသည်လုပ်ရပ်များသည် ဌာနေတိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊
ဓလေ့ထုံးတမ်းကို တနည်းတဖုံ ပိတ်ပင်ထားပါသည်။
ထို့ကြောင့် ကယား(ကရင်နီ)မျိုးနွယ်စုများတချို့ ၎င်းတို့မိခင်ဘာသာစကားကို မပြောတတ်သည့် သူများ မိမိတို့ပတ်ဝန်းကျင်တွင် အမြောက်အများရှိလာခဲ့ရပါသည်။ ဘာသာစကား ပပျောက်လျှင် လူမျိုးပါပျောက်နိုင်သည့်အတွက် ဗိုလ်မှူးချုပ်အောင်မြတ်စိုးရိမ်ချက်သည် မမှားပေ။
တချိန်က ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့စဉ်အခါက အမျိုးသား ဘာသာစကားကို အသုံးပြုခွင့်အား ကြွေးကြော်သံအဖြစ် “ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား” ဟု ဗမာလူမျိုးတို့က လှုပ်ရှားခဲ့ကြသည်။
ယခုအခါ ဌာနေတိုင်းရင်းသားတို့၏ တန်းတူအခွင့်အရေးများ ကြိုးပမ်းနေချိန်တွင်လည်း ၎င်းတို့၏ မိခင်ဘာသာစကား၊ စာပေတို့ကို တိုးတက်ထွန်းကားရန် ဌာနေတိုင်းရင်းသားများက လှုပ်ရှားရပေမည်။
ဌာနေတိုင်းရင်းသားများက ၎င်းတို့၏ မိခင်ဘာသာစကားများကို ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းနေကြခြင်းမှာ ကိုလိုနီခေတ်က ဗမာတိုင်းရင်းသားများ ကြိုးပမ်းခဲ့သည့် ဖြစ်ရပ်နှင့် ဆင်တူပါသည်။
မိခင်ဘာသာရပ်ဖြင့် ကျောင်းချိန်တွင် သင်ကြားခွင့်ပြုရန် လိုအပ်သည့်အထောက်အပံ့များ အဘက်ဘက်အတွက် အစိုးရက တွန့်ဆုတ်နေသည်။ သက်ဆိုင်ရာ ဝန်ကြီးများ၊ အစိုးရများက မကြာမကြာ တိုင်းရင်းသားကော်မတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းနှင့် မဖြစ်စလောက် အထောက်အပံ့ငွေက မြေပြင်လက်တွေ့တွင် မထိရောက်ပေ။
တိုင်းရင်းသားလူမျိုးများနှင့် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် တိုင်းရင်းသားလူမျိုးများစာပေ၊ ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ခွင့်ကို မြေပြင်တွင် နည်းမှန်လမ်းမှန်ဖြင့် အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာများအား တိုက်တွန်းအပ်ပါသည်။