ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်ကြားက စစ်ကောင်စီရဲ့ ထူးချောင်းစခန်းကို တော်လှန်ရေး တပ်ပေါင်းစုတွေ သိမ်းပိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီကဘောလခဲဘက်ကို ရဟတ်ယာဥ်နဲ့ တပ်အင်အားထပ်ဖြည့်နေတယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဘောလခဲမှာတော့ ရဟတ်ယာဥ်ပို့တာတော့ သုံးခေါက်၊ လေးခေါက်လောက်ရှိတယ်ပေါ့။ သူတို့ကတော့ တပ်ထဲမှာပဲ။ ဘောလခဲဗျူဟာတပ်ထဲမှာပဲ ချထားပြီးတော့ ဘယ်ဖက်ကို ဆက်ပို့မယ်ဆိုတာတော့ အသေးစိတ်တော့ မသိရဘူးပေါ့” လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထူးချောင်းစခန်းကုန်းကို ဖားဆောင်း PDF ၊ KA Drone Force အပါအဝင် တော်လှန်ရေး တပ်ပေါင်းစုတို့က အောက်တိုဘာလ ၁၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရမိခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဘောလခဲမြို့နယ်တွင်းရှိ စစ်ဗျူဟာတပ်ကို လူအင်အားထပ်မံ ဖြည့်တင်းနေတာဖြစ်တယ်လို့ဆိုပါတယ်။
ဘောလခဲမြို့နယ်မှာ စစ်ကောင်စီ အခြေစိုက်တပ်စခန်းတွေဖြစ်တဲ့ ခမရ ၄၃၀၊ ခမရ ၃၃၇ ၊ ခမရ ၄၂၉ နဲ့ စစ်ဗျူဟာအခြေချတပ် တို့ရှိပါတယ်။
ဘောလခဲခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အရေးပါစခန်းကုန်းတွေဖြစ်တဲ့ မယ့်စလောင်းတောင်စခန်း၊ ရေကျော်စခန်း၊ ထူးချောင်း စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရထားတာဖြစ်ပါတယ်။
ကရင်နီမှာ စစ်ကောင်စီယန္တရား လည်ပတ်နိုင်တာ လွိုင်ကော် နဲ့ ဘောလခဲမြို့နယ်ပဲကျန်တာဖြစ်ပါတယ်။ ဘောလခဲမြို့နယ်ထဲက ဒေသခံတစ်ချို့ကတော့ တိမ်းရှောင်နေကြပေမဲ့ မြို့ထဲမှာ နေထိုင်သူလည်း ရှိနေဆဲဖြစ်ပါတယ်။
ဘောလခဲ မြို့ထဲမှာအင်တာနက်လိုင်း ၊ ဆက်သွယ်ရေးလိုင်းပြတ်တောက်နေတာကြောင့်လည်း မြို့တွင်းကျန်ခဲ့တဲ့ ဒေသခံတွေကို ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်ဖို့ ခက်ခဲနေပါတယ်။
ကန္တာရဝတီတိုင်း (မ်) ရဲ့ မြေပြင်သတင်းထောက်ရဲ့ ပြောကြားချက်အရ ဘောလခဲမြို့တွင်းထဲကို ကုန်စည် မဝင်ရောက်နိုင်တော့တာကြောင့် ကျန်ရှိနေတဲ့ ဒေသခံတွေက စားဝတ်နေရေး ဖြေရှင်းရာမှာ ခက်ခဲနေကြတယ်လို့ ပြောပါတယ်။