spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

ထွက်ပြေးတိမ်းရှောင်ရတဲ့ ဖားဆောင်းဒေသခံတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ နဲ့ အသုံးအဆောင်ပစ္စည်းလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖားဆောင်းမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ နဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ရက်နေ့မှာ ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မိမိနေအိမ်ကနေ စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းတွေ မပါလာဘူးလို့ သိရပါတယ်။

“စစရောက်ချင်းဆို အခက်အခဲတွေရှိတယ်။ တချို့အဖွားတွေဆို သစ်ပင်ပေါ်မှာ မိုးကာ ပတ်ပြီးအိပ်တာလဲ ရှိတယ်။ တချို့က မိုးကာမလုံလောက်တော့ ပုဆိုးတွေ နဲ့ပဲကာရတယ်။ အိပ်ရတာ ခေါင်းအုံးတွေကော စောင်တွေကော လုံလုံ လောက်လောက်မရှိဘူးပေါ့။ ဒီအရာတွေထက် စားနပ်ရိက္ခာ ဆန်တွေ၊ဆီတွေ ပေါ့ ပြီးတော့ မိုးကာပေါ့။ ရေကတော့ ချောင်းထဲက စီးလာတဲ့ရေကိုပဲ ကြိုချက်သောက်ကြတာပေါ့” လို့ ဖားဆောင်းမြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖားဆောင်းမြို့ပေါ်မှာ စစ်ကောင်စီက လေယာဉ်အသုံးပြုပြီးတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။ မြို့တွင်းက ဒေသခံပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမဲ့ ပိတ်မိတဲ့ ပြည်သူတချို့လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

“ လေယာဉ်လာကြဲတဲ့အထိဖြစ်လာတော့ မပြေးရင် မဖြစ်နိုင်တော့တဲ့အခြေအနေဖြစ်လာတော့ ဦးလေးတစ်ယောက်က လာခေါ်တယ် နင်တို့ထွက်မှရမယ် မထွက်ရင်မရတော့ဘူးဆိုတော့ အဲ့ဒါသွားတယ်။ ပထမတဆင့် ဘုန်းကြီးကျောင်းပေါ့။ ဘုန်းကြီးကျောင်းရောက်တော့ ဘယ်လိုဆက်ပြေးရမယ်မသိတော့ဘူး စဉ်းစားနေတုန်း ကားရောက်လာပြီး တောထဲက ကလေးတွေ လာခေါ်ပေးတော့ တတ်နိုင်သလောက် အထုပ်တွေယူပြီးပြေးကြတယ်” လို့ ဖားဆောင်းဒေသခံတစ်ဦးက ပြောပါတယ်။

လတ်တလော စစ်ဘေးရှောင်နေရတဲ့နေရာမှာ လူဦးရေ ၇၀၀ ကျော်ရှိပြီး အရေးပေါ်စားနပ်ရိက္ခာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား အပြင် အသုံးအဆောင်ပစ္စည်း၊ မိုးကာ၊ စောင် တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ဒေသခံတွေဟာ ဘေးလွတ်ရာကို တကွဲတပြား ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စစ်ဘေးရှောင်ဦးရေ စာရင်းကိုတော့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ မပြုစုနိုင်သေးပါဘူး။

ဖားဆောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေစဉ် ပိတ်မိတဲ့ ပြည်သူတစ်ထောင်ကျော်ကို Free Burma Rangers အဖွဲ့ နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ကနေ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တယ်လို့ FBR က ထုတ်ပြန်ထားတာရှိပါတယ်။

spot_img
spot_img
spot_img

Recent posts