ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်တွင်းတစ်နေရာမှာ လူငယ်တွေအတွက် အဓိကရည်ရွယ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာသင်တန်းကို ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO) ကနေ ဦးဆောင်ပြီး ၁၀ ရက်ကျော်ကြာ ပို့ချဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
မြေပြင်ကအဖွဲ့အစည်းတွေနဲ့ လူငယ်တွေကြား သိမြင်နားလည်တဲ့ နိုင်ငံရေးဆိုင်ရာ ပညာရပ်တွေရဲ့ ဆက်စပ်ချက်တွေကို မျှဝေလိုတဲ့ ရည်ရွယ်ချက်နဲ့ သင်တန်း ပြုလုပ်ရခြင်းဖြစ်တယ်လို့ KNYO ဗဟိုကော်မတီဝင် ဖြစ်သလို သင်တန်းတာဝန်ခံတစ်ဦးဖြစ်တဲ့ ခူးစူးရယ် က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“အခုကျနော်တို့ ကရင်နီပြည်မှာ သွားနေတဲ့ ဖယ်ဒရယ် ပုံစံက ဖယ်ဒရယ် ဖြစ်တဲ့အတွက်ကြောင့်မလို့ မြေပြင်မှာ ရှိတဲ့ အဖွဲ့အစည်းတွေ လူငယ်တွေ အဓိက ဒီနိုင်ငံရေးလမ်းကြောင်း ပြီးတော့ ကျနော်တို့ သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းကို သူတို့ ဘယ်လောက်ထိ နားလည်လဲ ကျနော်တို့ သွားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နဲ့ အခုလက်ရှိ အဖွဲ့အစည်းတွေ နားလည်ထားတဲ့ ဟာ ပြီးတော့ ဒီသင်တန်းသူ /သားတွေ နားလည်ထားတဲ့ဟာ ဘယ်လို ဆက်စပ်မှုရှိလဲဆိုတဲ့ဟာ အဓိကကတော့ ကျနော်တို့ အဲ့တာကို သိစေချင်တာပေါ့။” လို့ ခူးစူးရယ်က ဆိုပါတယ်။

ဒါ့အပြင် သင်တန်းပြီးမြောက်သွားတဲ့ သင်တန်းသူ၊ သင်တန်းသားတွေအနေနဲ့ လူမှုအသိုင်းအဝိုင်းမှာ ပြန်လည်ကူညီဆောင်ရွက်သွားနိုင်ဖို့အတွက်လည်း ရည်ရွယ်ထားတယ်လို့ ခူးစူးရယ်က ဖြည့်စွက်ပြောဆိုထားပါတယ်။
သင်တန်းကာလကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ မတ်လ ၁၁ ရက်နေ့အထိ ၁၂ ရက်ကြာ သင်ကြား ပို့ချပေးခဲ့ပြီး ယမန်နေ့ မတ်လ ၁၂ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သင်တန်းကို သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ပြီး KNYO အဖွဲ့ဝင် နဲ့ တတ်သိ ပညာရှင်တချို့က ပညာဆိုင်ရာ အခြေခံအကြောင်းအရာတွေကို မျှဝေပို့ချပေးခဲ့တာပါ။