spot_imgspot_imgspot_imgspot_img
Thursday, December 12, 2024
spot_imgspot_imgspot_imgspot_img

ဒီးဘောင်းခူမြို့နယ်အတွင်း ကောက်ခံတဲ့ ဆိုင်ခွန်ပေးဆောင်မှုကို ပြန်လည်ကြပ်မတ်သွားမယ်လို့ IEC ပြော

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

IEC ဖွဲ့စည်းထားတဲ့ ဒီးဘောင်းခူမြို့နယ်အတွင်း ဆိုင်ခန်းနဲ့ စည်ပင်ဆိုင်ရာအခွန်တွေဖြစ်တဲ့ အမဲဒိုင်၊ ဝက်ဒိုင်၊ ကြက်၊ ငါး ရောင်းဝယ်ရေးဆိုင်တွေကို ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက အခွန်ကောက်နေတာကို ပြန်လည်ထိန်းညှိကြပ်မတ်ပေးသွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

မြို့နယ်အတွင်းရှိ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီဝင်၊ အုပ်စုမှူး ၊ တပ်ရင်းတပ်ဖွဲ့ရဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းဝေး ဆုံးဖြတ်ချက်အရ အခွန် သတ်မှတ်နှုန်းထားကို ကောက်ခံသွားမယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ဆိုင်ခွန်ကောက်ခံနိုင်ဖို့ အသိပေးစာကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်စာကို IEC အတွင်းရေးမှူး – ၂ ဦးဗညားက အခုလို ပြောဆိုထားပါတယ်။

“မြို့နယ်တွေမှာ ‌‌ဒေသန္တရအခွန်တွေကို သူတို့ကောက်လို့ရတယ်။ ဒါပေမဲ့ ကောက်နိုင်ဖို့အတွက် အခုလုပ်ငန်းလမ်းညွှန်တွေ လုပ်ထုံးလုပ်နည်းတွေ မပြီးပြတ်သေးဘူးပေါ့နော။ ဆွေးနွေးတာတွေ မြို့နယ်တွေမှာ လူထုကိုလိုက်ပြီးတော့ချပြတာတွေ နောက်ပြီးတော့ အကြံပြုချက်ယူတာတွေ အကုန်လုံး အလုံးစုံမပြီးသေးတဲ့ အပေါ်မှာကတော့ ဒီးဘောင်းခူမြို့နယ်က သွားပြီးတော့မှ ဖြတ်ပိုင်းနဲ့ ထွက်ပြီး သွားကောက်တာရှိတယ်။ ဒါလည်းဘာကြောင့် ကောက်လဲ ဘာကြောင့် အဲ့လို အလျင်စလိုဖြစ်လဲဆိုတာ ကျနော်တို့ ပြန်ပြီးတော့မှ ကြပ်မတ်နေတာရှိတယ်။ ညွှန်ကြားချက်ဒါမှမဟုတ် လုပ်ပိုင်ခွင့်မရှိသေးတဲ့ အချိန်မှာ သွားလုပ်တာက လူထုတွေအတွက် ငြိုငြင်မှုဖြစ်တယ်။ အထင်ယူ လွှဲမှားမှုတွေ အများကြီးဖြစ်စေတယ်ပေါ့။ IEC ညွှန်ကြားချက် လုံးဝမပါသေးဘူးဆိုတာကတော့ အသိပေးလိုပါတယ်” လို့ ဦးဗညားက ပြောပါတယ်။

ဒီးဘောင်းခူမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ အသိပေးစာမှာ အခွန်ကောက်မှုကို ပူးပေါင်းဆောင်ရွက်ပေးဖို့ နဲ့ ကောက်ခံရရှိလာတဲ့အခွန်တွေကို မြို့နယ်အတွင်းရှိ ကဏ္ဍအသီးသီးအလိုက် ( ဒေသဖွံ့ဖြိုးရေး ၄၀ ရာခိုင်နှုန်း ၊ မြို့နယ်ရုံး ၂၀ ရာခိုင်နှုန်း ၊ တပ်ပေါင်းစုစားနပ်ရိက္ခာ ၃၅ရာခိုင်နှုန်း ၊ KSP အမှတ် (၁) စခန်း ၅ ရာခိုင်နှုန်း ) ပြန်လည်ခွဲဝေအသုံးပြုသွားမယ်လို့ ပြောဆိုထားပါတယ်။

ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ IEC မြို့နယ်အုပ်ချုပ်ရေးကောင်စီ မဖွဲ့စည်းခင်ကတည်းက လက်နက်ကိုင်တပ်ဖွဲ့တချို့က ဆိုင်ခွန် ၊ အလှူငွေတွေ ကောက်ခံတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ မြို့နယ်အုပ်ချုပ်ရေးကောင်စီကပါ လစဥ်အခွန် ကောက်ခံနေတာဖြစ်ပါတယ်။ ဆိုင်ခန်း အကြီး အသေးပေါ်မူတည်ပြီး အခွန်နှုန်းထား ကွာဟမှု ရှိတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ ဆိုင်ခန်းဖွင့်ထားတဲ့ စစ်ဘေးရှောင်လူထုတွေက မြေငှားခ၊ ဆိုင်ခန်းခ ၊ ဆိုင်အခွန်၊ အလှူငွေ တို့ကို တစ်ပြိုင်တည်းပေးဆောင်နေရတာဖြစ်တယ်လို့လည်း ဆိုင်ခန်းဖွင့်ထားတဲ့ စစ်ရှောင် အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“ညီမကတော့ စိတ်မကောင်းဘူးပေါ့။ စစ်အာဏာ သိမ်းပြီးကတည်းက ဒီဖက်စပြေးလာကတည်းက အမှန်ဆို ဒီလို မလုပ်သင့်ဘူးပေါ့။ ပြည်သူတစ်ဦးအနေနဲ့ အဲ့လိုစိတ်တော့ရှိတာပေါ့။သူတို့က နားမလည်ပေးဘူး။ စစ်ရှောင်တွေကို တောင်းချင်တာတောင်းတယ် ပြောချင်ရာပြောတယ် စစ်ရှောင်တွေကို။ အဲ့ကြောင်မို့ ညီမတစ်ယောက်အနေနဲ့ သဘောမတူဘူး ရှင်းရှင်းပြောရရင်။” လို့ သူက ပြောပါတယ်။

အခွန်ငွေပေးဆောင်ရတာအပြင် ငွေစျေးကျဆင်းမှုကြောင့် ကုန်စျေးထပ်မံ မြင့်တက်လာမှာကိုလည်း ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက စိုးရိမ်နေကြပါတယ်။

ကြားကာလအတွင်း IEC က ဖွဲ့စည်းလိုက်တဲ့ မြို့နယ် ၁၆ ခုမှာ မြို့နယ်အုပ်ချုပ်ရေးကောင်စီ ကို ဖွဲ့စည်းထားပါတယ်။ ၎င်းတို့က မယ်စဲ့၊ ရွာသစ်၊ ဒီးဘောင်းခူ၊ လွိုင်နန်းဖ၊ နန်းမယ်ခုံ၊ လိုမူခို၊ ပေါ်ဝေါ်၊ ဘောဟူဒဲ၊ ဟူဘော၊ ဟိုယာ၊ ဖွံဘော်ခွတ်၊ ကေးလျား၊ ဒီး‌‌မော့ဆို အရှေ့၊ ဆိုမို/ဖေစိုးလေး၊ ဆိုတရှား၊ ဖယ်ခုံ မြို့နယ်ပူး‌ပေါင်းအုပ်ချုပ်ရေးကောင်စီ ဖြစ်ကြပါတယ်။

ဒီးဘောင်းခူမြို့နယ်က IEC ပြန်လည်ဖွဲ့စည်းထားတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး ဒေါရောက်ခူအုပ်စု၊ လိုပူအုပ်စု၊ လိုဘာခိုအုပ်စု၊ ဟိုဝမ်အုပ်စု၊ ဝါဘန်းဘလိုအုပ်စု၊ ပန်ပက်အုပ်စု တို့ ပါဝင်ပါတယ်။

spot_img
spot_img
spot_img

Recent posts