ကန္တာရဝတီ တိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆို မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်း တစ်နေရာကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်လေယာဥ် (၂)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
မနက်ပိုင်း ၆ နာရီ ၄၅ မိနစ်လောက်မှာ ဗုံးကြဲခဲ့တာ ဖြစ်ပြီး စစ်ရှောင်ပြည်သူ အမျိုးသား ၃ ဦးထိမှန်ကာ ၁ဦး သေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
“လာကြဲတာတော တိုက်လေယာဥ် (၂)စီးနဲ့ လာကြဲတယ်။ မနက် ၆ နာရီ ၄၅ မိနစ်မှာပေါ။ (၃)ခါလောက် ပတ်ပြီးတော ကြဲသွားတာပေါ။ အိမ်သားက (၃)ယောက်ကို ထိသွားတာပေါ့နော်။ ပြီးတော့ စာသင်ကျောင်းလည်း နည်းနည်းပါးပါး ထိသွားတယ်”လို့ ဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းက အသက် ၃၄ နစ်အရွယ် ဦးနျားရယ် ကပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေနဲ့ အတော်လေး လှမ်းဝေးပြီး သက်ကြီးရွယ်အို နဲ့ ကလေးတွေပဲ ရှိနေတဲ့ စစ်ရှောင်စခန်းတစ်ခုဖြစ်ပါတယ်။

“ပြောချင်တာက ဒီလိုမျိူး မလုပ်သင့်ဘူး။ ဒီမှာက ကျနော်တို့ ပြေးရလွှားရတဲ စစ်ရှောင်တွေ ကလေးတွေ သက်ကြီးရွယ်အို တွေပဲ ရှိတယ်။ မလုပ်သင့်ဘူး။ ဒီလောက်ထိ မလုပ်သင့်ဘူး။ ဘာလို့လည်းဆိုရင် ဒီလိုလုပ် ထိခိုက်ပျက်စီးမယ် ဆိုတာ သူတို့သိမှာပဲ။ ဒီလိုမျိုး ပြည်သူလူထုတွေကို နှိပ်စက်နေတာကတော့ ကျနော့်အထင်တော့ ဒါလူမဟုတ်ဘူးပေါ့” လို့ ဦးနျားရယ်က ဆက်ပြောပါတယ်။
လက်ရှိစစ်ရှောင်စခန်းကို လာရောက်ဗုံးကြဲခံရတာကြောင့် စခန်းကသက်ကြီးရွယ်အို တွေနဲ့ ကလေးငယ်တွေ စိုးရိမ်ထိတ်လန့်နေကြရပြီး စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ရတယ်လို့ ဆိုပါတယ်။ ဒီနေ့မနက် ၄ နာရီဝန်းကျင်အချိန်မှာလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာရှိခဲ့ပြီး အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
လက်ရှိကရင်နီပြည် နေရာတော်တော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက တိုက်လေယာဉ်တွေအသုံးပြုပြီး ဗုံးကြဲတိုက်တိုက်တာတွေရှိသလို၊ စစ်ရှောင်စခန်းနဲ့ အရပ်သားတွေရှိနေတဲ့ ကျေးရွာတွေကိုလည်းအကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေပါတယ်။