spot_imgspot_imgspot_imgspot_img
Saturday, February 22, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့တစ်နေရာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ နဲ့ စာသင်ကျောင်းပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတစ်နေရာကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၊ ညနေ ၂နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ၄ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံနဲ့ စာသင်ကျောင်းအပါအဝင် အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၂ နာရီခွဲဝန်းကျင်လောက်ဖြစ်မယ်။ လူထိခိုက်မှုက မရှိဘူး။ စာသင်ကျောင်းပျက်စီးသွားတယ် ဝန်ထမ်းအိမ်ယာ ၊ အိမ်သာ ၊ ဆေးခန်းတစ်ဆောင်က လုံးဝသုံးလို့မရတော့ဘူး ကျန်တဲ့အဆောင်က ပြတင်းပေါက်တံခါးတွေ ပြိုကျကုန်တယ်။ ကျနော်တို့ဒေသခံအနေနဲ့ကျတော့ အရင်နှစ်လည်း ဒီလိုကြုံရတယ် ဒေသခံရဲ့အတွေးတွေ ဒဏ်ရာတွေကမနည်းတော့ဘူး သက်ကြီးရွယ်အို ရောဂါသည်တွေက ကယောင်ခြောက်ခြားဖြစ်ကုန်တယ် အခုဟာက ဟိုပြေးဒီပြေးပေါ့ လူကြီးလူငယ်ကအစ။ ကြောက်စရာ ခြောက်လှန့်မှုတစ်ခုပေါ့။”လို့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။ စစ်ကောင်စီဗုံးကြဲခဲ့တဲ့ အဲဒီကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့လည်း ‌ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်က လူထုတွေ နေထိုင်ရာကျေးရွာ၊ စစ်ရှောင်စခန်းတွေကို လေကြောင်းတိုက်ခိုက်တာ ၊ လက်နက်ကြီးပစ်ခတ်တာ မကြာခဏပြုလုပ်တာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်းမှာ ၄ဦး ၊ ဖေဖော်ဝါရီလအတွင်း ၂ဦး စုစုပေါင်း ၆ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကရင်နီပြည်နဲ့ အလယ်ကယန်းဒေသမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၁၇၈၈ ကြိမ်ပြုလုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts