ကန္တာရဝတီတိုင်း ( မ် )
၂၀၂၅ ခုနှစ် ၃လအတွင်းမှာ စစ်ရှောင်စခန်းကနေ နေရပ်ပြန်လိုတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ( ၉၄ ) စုကို IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနကနေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ထုတ်ပြန်ပါတယ်။
နေရပ်ပြန်ကြတဲ့လူထုတွေဟာ ဒီးမော့ဆိုမြို့နယ်အတွင်းကို လာရောက်တိမ်းရှောင်ကြတဲ့ ဘောလခဲမြို့နယ်အတွင်းက ပြည်သူတွေဖြစ်တယ်လို့ IEC ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ ၃လအတွင်း နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့တာပါ။
“ကျနော်တို့ ဒီးမော့ဆို အရှေ့ဖက်ခြမ်းကို လာရောက်ခိုလှုံတဲ့ ရွာသစ်က စစ်ရှောင်တွေဖြစ်ပါတယ်ပေါ့နော်။ ပြန်လိုသူအားလုံးက ရွာသစ်မြို့ပေါ်ပဲ ပြန်နေကြတာပါ။ “ လို့ ဦးဗညားက ဆိုပါတယ်။
နေရပ်ပြန်သွားတဲ့ လူထုတွေကိုတော့ IEC ကနေ စားသောက်ရေးအပြင် လုံခြုံရေးစိတ်ချမှုရှိစေဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးခဲ့တယ်လို့ ဦးဗညားက အခုလို ဆက်ပြောပါတယ်။
“အဓိက စားရေးသောက်ရေး နဲ့ လုံခြုံရေးဆိုင်ရာအစီအမံတွေနဲ့ မြို့နယ်ပူးပေါင်းရေးတွေနဲ့ သက်ဆိုင်ရာ အဲ့ဒီမှာ ရှိတဲ့ ဌာနဆိုင်ရာတွေနဲ့ ကျနော်တို့ ပူးပေါင်းပြီး ချိတ်ဆက် ပေးတာရှိတယ်။ စားနပ်ရိက္ခာကတော့ ကျနော်တို့ ဖက်ကနေ အခြားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဝိုင်းပြီး ဆောင်ရွက်ပေးတာရှိပါတယ်။” လို့ ဦးဗညားက ဆိုပါတယ်။
စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားဝတ်နေရေး ပိုမိုကြပ်တည်းလာတဲ့ စစ်ရှောင်လူထုတွေဟာ နေရပ်ပြန်လိုပေမယ့် မြေပြင် စစ်ရေးအခြေအနေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ပြန်လို့မရသေးတဲ့ အခြေအနေဖြစ်ပါတယ်။
လက်ရှိ ပြန်သွားတဲ့ လူထုတွေကတော့ နေရပ်မှာ ပြန်လာနေထိုင်လို့ရတဲ့ အခြေအနေရှိတာကြောင့် ပြန်သွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။
IEC ကနေ နေရပ်ပြန်ရေးအတွက် ကူညီဆောင်ရွက်ပေးမှုအပြင် စစ်ရှောင်ပြည်သူတွေကို အသိပညာပေးတာ၊ ဗုံးခိုကျင်းတည်ဆောက်တာ၊ မီးဘေးအန္တရာယ်ကာကွယ်တဲ့ သတိပေးပိုစတာများဖြန့်ဖြူးပေးတာ၊ သောက်သုံးရေဖြန့်ဖြူးကူညီတာ၊ စစ်ရှောင်လူထုထံ ရိက္ခာ၊ အမိုးအကာဖြန့်ဖြူးပေးဝေတာကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ IEC ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။