spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်ထဲက ခါနန်စစ်ရှောင်စခန်းမှာ လူဦးရေ သုံးပုံတစ်ပုံခန့် ဝမ်းရောဂါ ဖြစ်ပွားနေ

Author

Date

Category

ယောဒန်(Newsland)၊

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ ကလေး ၊ လူကြီး အပါအဝင် လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ဝမ်းရောဂါ ခံစားနေရတယ်လို့ စစ်ရှောင်စခန်း တွဲဖက်တာဝန်ခံက ပြောပါတယ်။

ခါနန်စစ်ရှာင်စခန်းမှာ ဇူလိုင်လဆန်းကစပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့တာဖြစ်ပြီး စခန်းနေ လူဦးရေ ၁၇၃ ဦး အနက် ၆၀ နီးပါး ကူးစက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ဝမ်းပျက်ဝမ်းလျှော အပြင် အော့အန်တာ၊ ခြေလက်ကိုက်တာ နဲ့ မူးဝေ တဲ့ လက္ခဏာကိုလည်း ခံစားနေရတယ်လို့ဆိုပါတယ်။

“ဘာလို့လဲဆိုတော့ လူအများနဲ့ နေရတဲ့အခါကြတော့ ပတ်ဝန်းကျင်တွေလည်းရှိတယ်။ ဥပမာ အပေါ့၊ အလေး စွန့်တဲ့အခါမျိုးမှာလည်း တချို့အိမ်သာတွေက လုံတယ်လို့ ထင်ပေမယ့်လည်း မလုံတဲ့အိမ်သာတွေလည်းရှိပါတယ်။ ယင်နားကနေတဆင့် ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။” လို့ စစ်ရှောင် စခန်းတွဲဖက်တာဝန်ခံ ကိုခွားကြီး က ပြောပါတယ်။

ဒါ့အပြင် ရာသီဥတုကြောင့်၊ အမှည့်လွန် အသီးအနှံတွေ၊ ယင်နားစာတွေစားမိတာတွေကြောင့်နဲ့ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးမိတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခုလို ဝမ်းရောဂါဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့နှစ်တွေထက် အခြေအနေ ပိုဆိုးတယ်လို့ စစ်ရှောင်စခန်း တွဲဖက်တာဝန်ခံ ကပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ ရောဂါခံစားရလျှင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးဝါးတွေကို ရယူသုံးစွဲတာ၊ ဓာတ်ဆား ရည်သောက်တာတွေကို ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ အခြေအနေ ဆိုးလာရင်တော့ နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းတွေမှာ သွားရောက်ပြသရတယ် လို့ ဝမ်းရောဂါခံစား နေရတဲ့ ဒေါ်ကလိုးက ဆေးဝါးကုသမှု အခြေအနေကို ပြောပါတယ်။

“စစ်ရှောင်စခန်းမှာ ဆေးခန်းတော့မရှိပါဘူး။ နီးစပ်ရာမှာရှိတဲ့ ကရင်နီတပ်မတော် (KA)၊ PDF နဲ့ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ က ဖွင့်ထား တဲ့ ဆေးခန်းမှာ သွားရောက် ပြသနေရပါတယ်” လို့ ဒေါ်ကလိုးက ပြောပါတယ်။

စစ်ရှောင်စခန်းကနေ ဆေးခန်းကို ရောက်ရှိဖို့ နာရီဝက်ခန့် ဆိုင်ကယ် နဲ့ သွားရောက်ရတယ်လို့ ဆိုပါတယ်။ ခါနန် စစ်ရှောင် စခန်းဟာ ၂၀၂၂ ခုနှစ် ကတည်းက တည်ရှိတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒီးမော့ဆို ၊ ‌ကုန်းသာ ၊ ထီးဖိုးကလိုး၊ သေးဆူလဲ ၊ နန်းမယ်ခုံက ပြည်သူတွေ လာရောက် စစ်ရှောင်နေထိုင်ကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ မှာ စတင်တဲ့ လွိုင်ကော်မြို့ပြ ၁ လေးလုံးစစ်ဆင်ရေး ကြောင့် လွိုင်ကော်က ဒေသခံတွေဟာလည်း လာရောက်စုပေါင်းနေထိုင်ကြပြီး လက်ရှိမှာ အိမ်ခြေ ၄၀ ၊ လူဦးရေ (၁၇၃) ဦး ရှိနေပါတယ်။

spot_img
spot_img

Recent posts