spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်အပါအဝင် ကျေးရွာခံကျောင်းနေအရွယ် ကလေးများအတွက် စာသင်ဆောင်များ လိုအပ်နေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်ကလေးများအပါအဝင် ကျေးရွာခံကလေးများအတွက် စာသင်ဆောင်တွေ ဆောက်လုပ်ဖို့ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ယခင်နှစ်တွေမှာ ကျေးရွာတချို့က စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ ကလေးငယ်တွေ ရှိသလို ထိခိုက်ဒဏ်ရာရရှိသူတွေ များပြားခဲ့တာကြောင့် ယခုနှစ်မှာတော့ စာသင်ကြားမှုအခြေအနေကို ပြောင်းလဲနေကြပြီး စာသင်ဆောင်တွေ အကူအညီ လိုအပ်နေကြတာ ဖြစ်ပါတယ်။

“ကျောင်းဆောင်လိုအပ်ချက်ကတော့ ရှိနေဆဲဘဲ။ ဘာဖြစ်လို့လဲဆို ကျမတို့က ခွဲပြီးတော့ သင်ကြရတာ။ တစုတစည်းတည်း တနေရာတည်း ထားတာ မဟုတ်တဲ့အတွက် ကျောင်းဆောင် အကာတွေအမိုးတွေ လိုအပ်နေတယ်။ အခုက ကိုယ်ထူကိုယ်ထကိုမှ ဝါးနဲ့ ဖြစ်သလိုဘဲ လုပ်ထားသေးတယ်။” လို့ စစ်ဘေးရှောင်စခန်းတခုရဲ့ ကျောင်းတာဝန်ခံက ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းမှာ ကျောင်းသားဦးရေ သုံးရာကျော်ရှိနေပြီး ကျောင်းသားဦးရေနဲ့ ဆရာ၊ ဆရာမ ဦးရေ မျှတမှုမရှိတာကြောင့် ဆရာ၊ ဆရာမ လည်း လိုအပ်နေသေးတယ်လို့ သိရပါတယ်။

စာသင်ဆောင်တွေကို တစုတစည်းတည်းထားပြီး သင်ကြားဖို့ လုံခြုံရေးစိန်ခေါ်မှု ရှိနေတာကြောင့် ယခုနှစ်မှာ စာသင်ဆောင်တွေကို ပြန်လည်တည်ဆောက်ရတာဖြစ်ပြီး အမိုး၊ အကာ တွေ လိုအပ်ချက်ရှိနေကြတာ ဖြစ်ပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းအပါအဝင် ကျေးရွာခံကလေးတွေပါဝင်တဲ့ ကျောင်းသားဦးရေ သုံးရာကျော်အတွက် စာသင်ဆောင်တွေ ဆောက်လုပ်ဖို့ အမိုး၊ အကာ ဝယ််ယူဖို့ကုန်ကျစရိတ်က သိန်းနှစ်ဆယ်ကျော် ရှိနိုင်တယ်လို့ ကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။

“ဒီမှာက စစ်ဘေးရှောင်နဲ့ ဒေသခံက ကျောင်းဆောင်တွေ လိုအပ်သေးတယ်။ ဆရာ၊ဆရာမ လည်း ကျောင်းသားဦးရေနဲ့ မမျှဘူး။ ပြီးတော့ ကျောင်းဆောင်လည်း လိုအပ်တယ်။ အမိုးအကာတွေပေါ့။” လို့ စစ်ဘေးရှောင်စခန်းတခုရဲ့ ကော်မတီတာဝန်ခံက ပြောပါယတ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဒီးမော့ဆိုအနောက်ဘက်ခြမ်း စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသား ၄ ဦးသေဆုံးကာ ၂၀ နဲ့အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ လက်ရှိမှာတော့ ၂၀၂၄ – ၂၅ စာသင်နှစ်အတွက် အခက်အခဲတွေကြားက ကျောင်းနေအရွယ်ကလေးငယ်တွေ စာသင်ကြားနိုင်ဖို့ မိဘတွေနဲ့ ဆရာ၊ ဆရာမ တွေက ကြိုးပမ်းနေကြပြီး လိုအပ်ချက်တွေလည်း များပြားနေကြတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts