ကန္တာရဝတီတိုင်း(မ်)
ဒီကနေ့ (မတ်လ ၃၀ ) ရက်နေ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီက တိုက်လေယာဥ် (၂)စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပါတယ်။
နေ့လည် ၁ နာရီ လောက်က စတင်ရောက်ရှိလာပြီး (၁)နာရီ ခန့်ကြာအောင် လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ပစ်တယ်။ ဘယ်လောက်တောင်ပစ်လည်း မသိတော့ဘူး။ တောင်ဘက်ပတ်လိုက် မြောက်ဘက်ပတ်လိုက်နဲ့ ဘယ်နှစ်ပတ်တောင်မှ မသိဘူး။ ပစ်ချတာလည်း အများကြီးပဲ။ ပစ်ချတဲ့နေရာတော့ ဘယ်လိုနေလည်းတော့ မသိဘူး။ အသံကတော အကျယ်ကြီးပဲလို့” လို့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်လေယာဥ် (၂)စီးအပြင် ကျေးရွာတွေထဲကို ဒရုန်းနဲ့ ဗုံးကျဲတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ အထိခိုက်အပျက်စီးကိုတော့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တိုက်လေယာဥ်နဲ့ပစ်ခတ်ပြီး လှည့်ပြန်ပြီးတဲ့နောက်မှာလည်း ဒီးမော့ဆိုအခြေစိုက် ခလရ (၁၀၂)တပ်ကနေ လက်နက်ကြီးတွေ အမြောက်အများပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။
မတ်လ ၂၈ ရက်နေ့ ညနေ ၆နာရီဝန်းကျင်မှာ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတစ်နေရာကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတစ်ဦးသေ၊ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။