spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုရှိနေ ၊ စားသုံးဆီ အဓိက ပြတ်လပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပြီး စားသုံးဆီက အဓိက ပြတ်လပ်မှုတစ်ခုဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။

“ဆီဆို တော်တော်များများပြတ်သွားပြီ ပြောရမှာပေါ့နော် အဲလိုမျိုးတွေတော့ ဖြစ်သွားပြီ။ ဒါပေမယ့် ဆန်ကတော့ လှူတဲ့ဟာကတော့ တစ်ခါမှ မရရှိတော့ဘူး။ တစ်နှစ် နီးပါလောက်တော့ရှိပြီ ဒါပေမယ့် ရှိတဲ့ဟာလေးတွေနဲ့ပဲ စုထားတဲ့ဟာလေးတွေ ထုတ်စားဖြစ်တယ်လို့ ပြောရမှာပေါ့နော်” လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာတော့ စပါးစိုက်ပျိုးနိုင်ပြီး ဆန်ရရှိပေမယ့် ဒီနှစ်မှာတော့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သလို စစ်ရှောင်တွေနဲ့ ဒေသခံအများစုဟာ အခြားနေရာတွေကို ထပ်ဆင့် စစ်ဘေးရှောင်ခဲ့ရတာကြောင့် လယ်ယာနဲ့ တောင်ယာ လုပ်ကိုင်နိုင်မှု မရှိတော့ဘူးလို့ ဆိုပါတယ်။

စစ်ဘေးရှောင်သူတချို့က ဒေသခံတွေရဲ့ တောင်ယာ၊ ခြံကို ငှားရမ်းပြီး စိုက်ပျိုးထားတဲ့ သီးနှံစားပင်တွေကို အဓိက စားသောက်နေရတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာလည်း ရရှိထားတဲ့ စားနပ်ရိက္ခာတွေကို စစ်ရှောင်အချင်းချင်း ဝေမျှ စားသောက်နေကြရတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“လောလောဆယ်တော့ သူတို့တွေ စုထားတဲ့ ဆောင်းထားတဲ့ဆန်နဲ့ပဲ စားသုံးနေရတာပေါ့နော်။ အခက်အခဲတော့ရှိပါတယ် တော်တော်များများ ကြုံတွေ့နေရတာပေါ့နော်။”လို့ သူက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ စစ်ဘေးရှောင်ဦးရေ (၅) ထောင်ကျော်ရှိပြီး ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်းကို သွားလာတဲ့ လမ်းကြောင်းတွေမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် သွားလာဖို့ ခက်ခဲနေတာဖြစ်ပြီး ရေရှည်မှာ စားနပ်ရိက္ခာအတွက် စစ်ဘေးရှောင်လူထုတွေက စိုးရိမ်နေကြပါတယ်။

spot_img
spot_img
spot_img

Recent posts