spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဖက်ခြမ်းက စျေးတန်းတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တချို့ကို လစဥ် အခွန်ပေးဆောင်ရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ စျေးဆိုင်တွေ တစ်ပိုင်တစ်နိုင်ဖွင့်လှစ် ရောင်းချတဲ့ လူထုတွေဟာ သက်ဆိုင်ရာမြေပိုင်ရှင်တွေကို မြေငှားရမ်းခ ပေးဆောင်နေရတဲ့ အပြင် လက်နက်ကိုင်တပ်ဖွဲ့တချို့ကိုပါ လစဥ်အခွန်ပေးဆောင်နေရတယ်လို့ သိရပါတယ်။

“တစ်လ ၂သောင်းက အခွန် သူတို့ လာကောက်တယ်။ ကြားထဲမှာတော့ ကံစမ်းမဲတွေ ဘာတွေတော့ လတိုင်းပေးရတယ်။” လို့ လစဥ် အခွန်ဆောင်နေရသူတစ်ဦးက ဆိုပါတယ်။

အခွန်ဆောင်ရသူ နောက်တစ်ဦး ပြောကြားချက်အရ တချို့သောလက်နက်ကိုင် အဖွဲ့အစည်းတွေက အခွန်ကောက်စာပြပြီး အခွန်ကောက်တာရှိသလို တချို့သောလက်နက်ကိုင်အဖွဲ့တွေကလည်း အကောက်ခွန်ပုံစံမျိုးမဟုတ်ပဲ အလှူငွေသဘောမျိုးနဲ့ ပုံမှန်ပေးဆောင်ရတာရှိတယ်လို့ ဆိုပါတယ်။

ဈေးတန်းရောင်းသူတွေဟာ တစ်လတစ်လ ရောင်းအားပေါ်မူတည်ပြီး လစဉ်မြေငှားခကို မြေပိုင်ရှင်ထံ ပေးဆောင်ရပါတယ်။ ဈေးဆိုင်ခန်း ဖွင့်ပြီး တစ်ပိုင်တစ်နိုင် လုပ်ကိုင်စားသောက်ရသူအများစုက စစ်ဘေး‌ရှောင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လစဉ် လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ အခွန်ဆောင်နေရပြီး ဆိုင်ခန်းအတွက် ဒေသခံ မြေရှင်တချို့ကလည်း မြေငှားခတိုးကောက်နေတာကြောင့် အခက်ကြုံလာရတယ်လို့ စျေးရောင်းနေတဲ့ စစ်ရှောင် တစ်ဦးက အခုလိုပြောပါတယ်။

“စစလာတုန်းကတော့ သဘောတူညီချက်နဲ့ စျေးရောင်းချင်လို့ မြေငှားတယ်ပေါ့။ အဲတုန်းကတော့ တစ်လကို ၈သောင်းနဲ့ သဘောတူချက် တောင်းကြတယ်ပေါ့နော။ အခုက တိုးပြီးတော့ တောင်းထားတော့ များတယ်‌ပေါ့နော။ ခက်ခဲတာပေါ့။ များလွန်းတယ်လေး။ အခုလည်း အရောင်းပါးတော့ မကိုက်တော့ဘူးပေါ့။ အခုလည်းထပ်လျော့ခိုင်းထားတယ်။ မရရင်လည်း ကျမတို့ လည်း နေရာပြောင်းရမလား ပြန်ရမလား အဲလိုတော့ ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။

အခွန်ကောက်စာပြပြီး လစဥ်အခွန်ကောက်ခံနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက KTV ခန်းခ တစ်လကို တစ်သိန်းခွဲကျပ် ၊ ရိုးရိုးဆိုင်ခန်းကို ၂သောင်း၊ ဝက်ဒိုင် အမဲဒိုင် တွေကို ၅သောင်းကျပ် အပြင် တစ်ပိုင်တစ်နိုင် ကုန်စျေးရောင်းချနေတဲ့ ဆိုင်ခန်းငယ်တွေတွေကို ၅၀၀၀ ကျပ် စသည်ဖြင့် အခွန်ကောက်ခံတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ၎င်း အခွန်ပမာဏ အပေါ် ကန္တာရဝတီတိုင်း (မ်) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ နေရာဒေသပေါ်မူတည်ပြီးတော့ အခွန်ကောက်ခံနှုန်းလည်း ကွာခြားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts