ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာရှိတဲ့ စစ်ရှောင် စာသင်ကျောင်း (၂၇)ကျောင်းအတွက် ကျောင်းဆောက်လုပ်ဖို့ သံ၊ သွပ်ကြိုး နဲ့ မိုးကာ အထည် တစ်ရာကျော် လိုအပ်သလို စာရေးကိရိယာတွေလည်း လိုအပ်ချက်ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ “ကန်ခုနှစ်ဆင့်ခုနှစ်စင်ကြယ်လူငယ်များ” အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခူးဘိုက ပြောပါတယ်။
“ ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ကျောင်းအားလုံးပေါင်း ၂၇ ကျောင်းရှိတယ်ဗျ။ အဲ့ဒီထဲမှာက အထက်တန်းကျောင်းက လေးကျောင်း ၊ အလယ်တန်းက ၁၇ကျောင်း၊ မူလတန်းက ခြောက်ကျောင်းရှိတယ်။ အဲ့ဒီကျောင်းတွေရဲ့ လိုအပ်ချက်မှာ စာရေးကိရိယာ၊ ကျောင်းဆောက်ဖို့အတွက် မိုးကာ၊ ဆရာ၊ဆရာမ သုံးဖို့ သင်ထောက်ကူပစ္စည်း စတဲ့ လိုအပ်ချက်တွေ အများကြီးရှိနေတာပေါ့။ ကျနော်တို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းအတွက် အလှူရှင်ကိုလည်း ဒီကနေပဲ ဖိတ်ခေါ်ချင်ပါတယ်။ “ လို့ သူက ပြောပါတယ်။
လက်ရှိအချိန်ထိမှာတော့ အလှူရှင်တွေဆီကနေ မိုးကာတချို့ ရရှိပေမယ့် အလုံအလောက် မရရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ ကျောင်းဆောင်အတွက် လိုအပ်နေတဲ့ ပစ္စည်းတွေကတော့ မိုးကာ (၁၈)ပတ်လည် (၅၀)ထည်၊ (၂၁)ပတ်လည် (၅၀)ထည်(၂၄)ပတ်လည် (၅၀)ထည်၊ မိုးကာ ကျားလိပ် (၂၀)လိပ်နဲ့ စာရေးကိရိယာတွေဖြစ်တဲ့ ခဲတံ ၊ဘောပင် ၊ မင်ရည်ဗူး ၊စာအုပ်၊ သင်ပုန်းချပ် စတာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာတော့ စစ်ရှောင်ကလေးတွေအတွက် ကျောင်းဆောင်တွေ ဆောက်လုပ်ဖို့ လိုအပ်တာတွေရှိနေပြီး တချို့နေရာတွေမှာဆိုရင် မဆောက်လုပ်နိုင်သေးတဲ့အတွက် လုံခြုံစိတ်ချရတဲ့ နေအိမ်တွေမှာ စာသင်ကြားရတယ်လို့ ဆိုပါတယ်။
လာမယ့် ဇွန်လ ပိုင်းမှာဆိုရင် စစ်ရှောင် ကလေးတွေအတွက် ကျောင်းစတင်ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ခူးဘိုက ဆက်ပြောပြပါတယ်။
“ ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ကျောင်းစဖွင့်ဖို့တော့ ခြောက်လပိုင်း ကျနော်တို့ စဖွင့်တော့မယ်။ အခက်အခဲကတော့ အခုထိ ကျောင်းဆောင်ကို လုံလုံလောက်လောက် မဆောက်နိုင်သေးတဲ့အတွက် ကျနော်တို့ နည်းနည်းလေး နောက်ဆုတ်ရင်တော့ နောက်ဆုတ်မှာပေါ့။ အဆင်ပြေတဲ့ ကျေးရွာတွေရှိရင်တော့ ခြောက်လပိုင်း ကျနော်တို့ ဖွင့်ဖို့ အစီစဉ်ပိုများတယ်။ “ လို့ သူက ဆက်ပြောပါတယ်။
ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာရှိတဲ့ စစ်ရှောင် စာသင်ကျောင်း စုစုပေါင်း (၂၇)ကျောင်းမှာ ကျောင်းသားဦးရေ စုစုပေါင်း (၃၃၉၃)ဦး ရှိနေတယ်လို့ သိရပါတယ်။