ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက မြေပဲ ၊ နှမ်း အဓိက စိုက်ပျိုးကြတဲ့ ကျေးရွာတွေမှာ နေ့စဥ်စားသောက်ဖို့ ဆန်ရိက္ခာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်က ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဒေသခံတွေဟာ စစ်ဘေးရှောင်ခဲ့ရတာကြောင့် စိုက်ပျိုးရေးကို မလုပ်ကိုင်နိုင်ခဲ့ပါဘူး။ ယခုနှစ်မှာ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးကို ပြန်လည်လုပ်ကိုင်လာပေမယ့် မျိုးစေ့ ရှားပါးတာတွေ မျိုးစေ့နဲ့၊ မြေဩဇာတွေ ဝယ်ယူဖို့ ငွေကြေးမတတ်နိုင်တာတွေကြောင့် ၄ ပုံ ၁ ပုံလောက်ကိုသာ စိုက်ပျိုးနိုင်ကြတယ်လို့ သိရပါတယ်။
ဝင်ငွေမရှိလို့ ဆန် မဝယ်စားနိုင်တာတွေကြောင့် ရှိတဲ့ ကျွဲ၊ နွားတွေကို ရောင်းချပြီး ဆန်တွေနဲ့ ပြန်ဝယ်စားကြရတယ်လို့ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက ပြောပြပါတယ်။
“ကျနော်တို့ ဒီမှာနေတော့ ခြံတွေဘာတွေ ပြန်လုပ်ရတာ ပိုနီးတာပေါ့။ ကျနော်တို့ မှာက ကျွဲ၊ နွားတွေ ကျန်သေးတယ်။ တစ်ကောင်ကျန်လည်း ဆန် ၁ အိတ် ၂ အိတ် ရသေးတယ်။ ကျနော်တို့ ပြန်ကြည့်တယ်။ စောင့်ရှောက်တယ်။ ရက်တိုင်းလိုလိုပဲ အသားပေါ် ပြီး ပြန်ရောင်းကြတယ်။ ဆန်တွေနဲ့ ပြန်ဝယ်စားကြတယ်။”လို့ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အဲဒီဒေသတွေဟာ မြေပဲ၊ နှမ်း စတဲ့သီးနှံတွေကိုသာ စိုက်ပျိုးရောင်းချပြီး ဆန်တွေနဲ့ ပြန်ဝယ်စားတာမျိုး ပြုလုပ်ကြတာပါ။
သူတို့နေထိုင်တဲ့ ကျေးရွာတွေဟာ ယခင် စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်တပ်စွဲခဲ့ဖူးတဲ့ နေရာတွေဖြစ်ပြီး မြေမြုပ်မိုင်း အန္တရယ်လည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း နေအိမ်ပျက်စီး ဆုံးရှုံးသွားတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကတော့ ယခုအချိန်မှာ နေအိမ်ပြန်ဆောက်ဖို့ထက် ဝမ်းစာအရေးဟာ ပိုအရေးကြီးတယ်လို့ ပြောပါတယ်။
“လောလောဆယ်ကတော ဝမ်းစာရေးကိုပဲ အဓိက ထား ဖြေရှင်းရတာပေါ့။ အိမ်တွေဘာတွေ ပြန်ဆောက်ဖို့ကျတော့ ကျနော်တို့လည်း အတတ်နိုင်ဆုံးကြိုးစားနေတယ်။ ဒါပေမယ့် မဖြစ်နိုင်သေးဘူးပေါ့။”လို့ သူက ပြောပါတယ်။
မိသားစု လူဦးရေ များပြားလွန်းတာကြောင့် အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ဆက်ပြောပြပါတယ်။
“ကျနော်တို့က မိသားစုများတော့ သူများဆီမှာပဲ လိုက်ကပ်နေရတယ်။ မိသားစုက ၁၀ ယောက်ရှိနေပြီ။ယောက်ဖ အိမ်မှာ လိုက်နေတော သူတို့မိသားစုက ၇ ယောက်ရှိနေပြီ။ တစ်အိမ်ကို ၁၇ ယောက်နေတော့ အခက်အခဲက အမျိုးမျိုးပဲ။ ရေကိစ္စ ၊ အိမ်သာတက်တာကအစ အခက်အခဲတွေက စားဝတ်နေရေးကော အမျိုးမျိုးပဲ ပြောမပြတတ်လောက်အောင်ပဲ”လို့ ဆိုပါတယ်။
စိုက်ပျိုးထားတဲ့ သီးနှံတွေရဲ့ အသီးအပွင့်ကို မခံစားရသေးတာကြောင့် ယခုအချိန်မှာ ဝမ်းစာအတွက် အခက်တွေ့နေကြတာပါ။ တချို့မိသားစုတွေမှာ မနက်မိုးလင်းချိန် ချက်စရာ အိုးထဲ ဆန်မရှိတော့တာတွေကြောင့် လင်မယားချင်း စကားများရတာရှိတယ်လို့ ကျေးရွာတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“အခုမှ သီးနှံတွေက စိုက်ထားတုန်းဆိုတော့ ဘာစားလို့ ဘာသောက်ရမှန်း မသိဘူး။ အရင် မပြေးရခင်တုန်းကဆို တစ်ရက် ၅ ထောင် ၆ ထောင် ပေးမယ်ဆိုပြီး ငှားတဲ့လူတွေ ရှိသေးတော့ ဆန်တွေ ဝယ်စားလို့ ရသေးတယ်။ အခုက အဲ့လိုလည်း မရှိကြတောဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ရုန်းကန်နေကြရတော့ အဆင်မပြေကြတော့ဘူး။တချို့ဆို မနက်မိုးလင်း ထချက်စရာ ဆန်မရှိတော့ဘူးပြောတယ်။ဒီမှာပြန်လာနေတာ့ ရုံးတွေဘာတွေနဲ့ အလှမ်းဝေးတော့ လက်လှမ်းမမှီဘူး။ အလှူရှင်တွေက လမ်းခရီး ဝေးတော့ သွားရလာရတာ သိပ်အဆင်မပြေဘူးပေါ့။အလှူရှင်တွေ ပိုရှားလာတယ်။ ကျနော် သူတို့ကို ကိုယ်ချင်းစာတယ်။ ဒါပေမယ့်လည်း ကျနော့်မှာ သူတို့ကို ပေးစရာ မရှိဘူး” လို့ ကျေးရွာတာဝန်ခံ တစ်ဦးက ပြောပါတယ်။
တချို့မိသားစုတွေမှာ ဆန်ပြုတ်တစ်မျိုးတည်းသာ ချက်စားနေကြရတယ်လို့ ဆိုပါတယ်။ အလှူရှင်တွေ လာရောက်လှူဒါန်းတာတွေ ရှိနေပေမယ့် တစ်အိမ်ကို ၂ ပြည်လောက်သာ ပေးနိုင်တာကြောင့် သူတို့ရဲ့ ဝမ်းရေးအတွက် ခက်ခဲနေဆဲ ဖြစ်ပါတယ်။ သူတို့နေထိုင်ရာ ကျေးရွာ အုပ်စုမှာတော့ ခက်ခဲနေတဲ့ မိသားစုတွေဟာ အိမ်ခြေ ရာဂဏန်းရှိတယ်လို့ သိရပါတယ်။
ဒေသတွင်းတိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၁ခုနှစ်ကတည်းက ဒေသခံတွေဟာ လက်ရှိအချိန် စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပြီး နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ တစ်ဖက်မှာလည်း စိုက်ပျိုးရေး မလုပ်ကိုင်နိုင်တဲ့ ဒေသခံတွေ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာပိုင်းမှာ ပိုမိုခက်ခဲလာတာဖြစ်ပါတယ်။