spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ အစဉ်အလာမပြတ် ရိုးရာ ငှက်လိုက်ပွဲ ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာမှာ ကယားရိုးရာငှက်လိုက်ပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဒေသခံတွေက အစဉ်အလာမပျက် ပြုလုပ်ခဲ့ကြပါတယ်။

ရိုးရာငှက်လိုက်ပွဲဟာ ရှေးဘိုးဘွားလက်ထက်ကတည်း အစဉ်အလာအရ ကျင်းပပြုလုပ်လာခဲ့ကြတဲ့ ရိုးရာဓလေ့ တစ်ခုဖြစ်ပါတယ်။ စစ်တပ်အာဏာမသိမ်းခင်မှာတော့ ငှက်လိုက်ပွဲကို ကျေးရွာအလိုက် စည်စည်ကားကား ပြုလုပ်လေ့ရှိကြတာပါ။ ဒါပေမယ့် လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေအရ ဒေသခံတွေဟာ တကွဲတပြား ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ရောက်ရှိတဲ့နေရာတွေမှာပဲ ရိုးရာမပပျောက်အောင် အစဉ်အလာမပြတ် ပြုလုပ်လေ့ရှိကြပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်က စစ်ကြောင်းထိုးဝင်ရောက်ဖူးတာကြောင့် တောထဲ ငှက်လိုက်ပွဲ ပြုလုပ်တဲ့အခါ မြေမြှုပ်မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်နေရပါတယ်။ ဒါ့အပြင် လက်နက်ကြီးလည်း ရံဖန်ရံခါ ပစ်ခတ်တာကြောင့် လုံခြုံရေးစိုးရိမ်မှုရှိတဲ့ကြားက ငှက်လိုက်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

“ငှက်လိုက်ပွဲက အရင်ဘိုးဘွားခေတ်ကတည်းက ရိုးရာတစ်ခုပေါ့နော်။ ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ ငှက်လိုက်ပွဲကို အတတ်နိုင်ဆုံး ကျနော်တို့ ကျင်းပပြုလုပ်တယ်ပေါ့။ ရွာမှာပြန်မနေနိုင်ရင်တောင် စစ်ရှောင်နေတဲ့ နေရာကနေ အကျဉ်းချုပ်ပြုလုပ်ကြတယ်။ ခြားနားချက်ကတော့ အရင်အာဏာမသိမ်းခင်က အများကြီးပဲပေါ့။ တစ်အိမ်ဆို နှစ်ယောက်သုံးယောက် အဲ့လိုမျိုး သွားကြတာတွေရှိတယ်။ အာဏာသိမ်းပြီးတော့ အတတ်နိုင်ဆုံး ပြန်လာကြတယ်။ ဒါပေမယ့် ငှက်လိုက်ရင်တော့ လူအများကြီးနဲ့ သိပ်မသွားရဲကြတော့ဘူး။ အရင်တစ်နှစ်က စစ်ကောင်စီ စစ်ကြောင်းထိုးလာတော့ မိုင်းတွေထောင်ခဲ့တာတွေလည်း ရှိတယ်။ ကာကွယ်ရေးတပ်ဖွဲ့ တွေ ရှင်းလင်းပေးတာတွေတော့ ရှိတယ်။ ဒါပေမယ့် ကျန်နေခဲ့တာတွေလည်း ရှိမယ်ပေါ့နော်။ သက်ကြီးရွယ်အိုတွေက လက်နက်ကြီးထုလာမှာကို အရမ်းနဲ့ စိုးရိမ်ကြတယ်။ ငှက်လိုက်ပွဲ လုပ်တဲ့ရက်မှာပေါ့။ ဒါပေမယ့် အခုလို ပြီးမြောက်သွားတဲ့အတွက်တော့ ဝမ်းသာတယ်ပြောရမှာပေါ့ “လို့ ငှက်လိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒေသခံလူငယ် တစ်ဦးက ပြောပါတယ်။

အဆိုပါ ငှက်လိုက်ပွဲကို တစ်နှစ်တကြိမ် စပါးရိတ်သိမ်းပြီး ဒီဇင်ဘာလမှာ ကျင်းပပြုလုပ် ကြတာဖြစ်ပါတယ်။ ဒေသတွင်း ကောင်းမွန်တဲ့အရာတွေ ရောက်ရှိလာဖို့ ရည်ရွယ်ပြီး ရိုးရာဓလေ့ ယုံကြည်သူတွေ ပြုလုပ်လေ့ရှိတဲ့ ဓလေ့တခုဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ ငှက်လိုက်ပွဲကို ရိုးရာမပပျောက်အောင်သာ ကြိုးစား ပြုလုပ်နေရတဲ့အတွက် အရင်လို စည်စည်ကားကား ပြန်လည်ကျင်းပနိုင်ဖို့ကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

spot_img
spot_img
spot_img

Recent posts