ကန္တာရ၀တီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ရှောင်လာတဲ့ ဖယ်ခုံမြို့နယ်အတွင်းက စစ်ဘေးရှောင်ဦးရေ တစ်ထောင်နီးပါး အတွက် စားနပ်ရိက္ခာ နဲ့ အခြေခံ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နို၀င်ဘာလကနေ စတင်ပြီး ရှမ်းပြည်တောင်ပိုင်း ၊ ဖယ်ခုံအင်း အရှေ့ဘက်ကမ်းက စစ်ဘေးရှောင်တွေဟာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို တိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားမှု နဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိတဲ့အတွက် ဒေသခံတွေအပါအဝင် စစ်ဘေးရှောင်တွေဟာ စိုးရိမ်ထိတ်လန့်ကြပြီး ဘေးကင်းလုံခြုံမယ်လို့ ယူဆရတဲ့နေရာတွေမှာ တိမ်းရှောင်လာကြတာပါ။
“သူတို့ရောက်ရှိလာတာက ၁၁ ပိုင်း ၁၆ ရက်နေ့က စပြီး ရောက်လာကြတယ်။ ဘာလို့ရောက်လာတာလည်းဆို သူတို့ဘက်ကို စစ်ကြောင်းတွေ ထိုးလာလို့ ရွာတွေမှာနေဖို့က အဆင်မပြေတော့လို့ ဒီဘက်ကို ရောက်လာကြတယ်။ သူတို့ စရောက်လာတာတဲ့ ၁၁ လပိုင်း ၁၆ ရက်ကနေ့စပြီး အခုချိန်ထိဆိုရင် စုစုပေါင်း လူဦးရေ တစ်ထောင်နီးပါးလောက် ရှိပြီ။”လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ၊ လူသားချင်စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန ၊ ဒီးမော့ဆို(ရှေ့) မြို့နယ်ဦးစီးမှူး ခူးစဲရယ် က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ယခင် ရှိနှင့်ပြီးသား စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ ဖူလုံမှုမရှိတဲ့အပြင် စစ်ဘေးရှောင်တွေ အများအပြား ထပ်မံရောက်ရှိလာတာကြောင့် အခက်အခဲကြုံနေရပြီး ရေရှည်စားဝတ်နေရေးမှာ ပိုမိုခက်ခဲလာနိုင်တယ်လို့ စစ်ရှောင်အရေးဆောင်ရွက်နေတဲ့ ခူးနျားရယ်က အခုလို ပြောပါတယ်။
” အခု စစ်ရှောင်အသစ်တွေဆို တစ်ရက်ပြီး တစ်ရက် ပိုပိုပြီးတိုးလာတာ အများကြီးရှိတယ်။ ကျနော်တို့ အုပ်စုထဲမှာတောင်မှ ဒီတစ်လအတွင်း အိမ်ခြေ ၃၀၀ ကျော် တိုးလာတာပေါ့နော်။ သူတို့အတွက် အခက်အခဲတွေ အများကြီးရှိလာတယ်။ စားနပ်ရိက္ခာတွေ အမိုးအကာတွေ စာသင်ကျောင်းတွေ ပြီးတော့ သူတို့ရှောင်နေတဲ့ နေရာတွေမှာ တဲအိမ်လေးတွေ ထိုးပြီး ပုန်းခိုကျင်းတွေလည်း လုပ်ဖို့ လိုတယ်။ အဓိကတော့ စားနပ်ရိက္ခာပိုင်းမှာပေါ့နော်။ တော်တော်များများက အခက်အခဲ ဖြစ်တယ်။”လို့ ခူးနျားရယ်က ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ထပ်မံတိုးလာတဲ့ စစ်ရှောင်တွေအပါအဝင် စစ်ရှောင်ဦးရေ စုစုပေါင်း ၈ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ စာရင်းအရ ကရင်နီပြည် မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၃သိန်းခွဲရှိပြီး စားနပ်ရိက္ခာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အခက်အခဲ ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။
အားလုံးပါဝင်သော ကရင်နီပြည်လူသားချင်းစာနာထောက်ထားမှုနှင့် အရပ်သားဘေးကင်းလုံခြုံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှတဆင့် ထုတ်ပြန်တဲ့ တိုက်တွန်းစာတမ်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဆိုင်ရာ ဘုံသဘောတူညီတဲ့ ရှေ့လုပ်ငန်းစဉ်မှာတော့ အရေးပေါ်ကူညီတုံ့ပြန်ရေး အစီအစဉ်ကို ဆောင်ရွက်ပြီး အကူအညီတွေ ဆက်လက်ထောက်ပံ့ပေးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။